တက္ကသိုလ်မောင်ယဉ်သူ
ကျွန်တော်သည် ၁၉၉၉ခုနှစ်၊ နှစ်စပိုင်းက မင်းပြားမြို့နယ်၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုသမိုင်းနှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ စုဆောင်းမိသမျှထဲမှ အချက်အလက်များကို ကောက်သင်းကောက်လိုက်လံရှာဖွေခဲ့ပါသည်။ ယင်းသို့ ရှာဖွေရင်း ဗိုလ်ငမောက်၏ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးဆိုင်ရာဆောင်းပါးများကိုပါ တွေ့ရှိရပါသည်။
(၁) မဟာနွယ်၏ 'ဗိုလ်ငမောက်'ဆောင်းပါး၊ ၁၉၇၃ ခုနှစ်ထုတ်၊ အမှတ်(၁)ရခိုင်မဂ္ဂဇင်း၊
(၂) မြေပုံထွန်းခိုင် (ဦးစံထွန်းဦး၊ တပ်မတော်အငြိမ်းစား၊ ဈေးတန်း၊ မြေပုံ)၏ 'တိမ်ကြားဗိုလ်'လက်ရေးမူ၊
၁၉၉၅ ခုနှစ်။
(၃) ဂနိုင်တင် (မာန်အောင်)၏ 'ဗိုလ်ငမောက် (သို့) မော်ကွန်းမဝင်သော စစ်သည်တော်'၊ ၁၉၅၇ ခုနှစ်၊
အမှတ်(၁) မေဃ၀တီမဂ္ဂဇင်း
(၄) ဓညဦး(မြောက်ဦး)၏ "မမေ့သင့်သောရခိုင် အာဇာနည်ငကြွင်း"၊ ၁၉၈၀ ခုနှစ် အမှတ်(၆)၊ ရခိုင်မဂ္ဂဇင်း
(၅) ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ၊ ပြည်နယ်ဖြစ်စဉ်သမိုင်း၊ ဒုတိယတွဲ၊ နိုင်ငံရေးကဏ္ဍ၊ ၁၉၈၄၊
အထက်ပါဆောင်းပါးမှတ်တမ်းငါးပုဒ်တွင် ပါရှိသည့် ဗိုလ်ငမောက်ဖြစ်စဉ် သမိုင်းမှာ တစ်ခုနှင့်တစ်ခု
ကွဲပြားမှုများစွာရှိနေကြသည်ကို တွေ့ရပါသည်။ ယင်းကွဲပြားမှုများကြောင့် မည်သည့်အချက်အလက်များမှာ
မှား/မှန်သည်ကို ဆုံးဖြတ်လက်ခံရန် များစွာအခက်အခဲတွေ့ရပါသည်။
သမိုင်းဆိုသည်မှာ ကာလ၊ ဒေသ၊ ပယောဂများနှင့် ဖွဲ့စည်းထားသော လူ့ဖြစ်စဉ်ကြီးတစ်ခု ဖြစ်ပါသည်။
ဤကာလ၊ ဒေသ၊ ပယောဂစသော အချက်သုံးချက်တိကျခိုင်မာမှုရှိမှသာလျှင် သမိုင်းဝင်ဖြစ်စဉ်ကြီးတစ်ခုအနေနှင့်သမိုင်းစာမျက်နှာတွင် သိက္ခာရှိရှိ ရပ်တည်နိုင်မည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ပုံပြင်ဒဏ္ဍာရီအဆင့်သို့ လျော့ကျသွားလျှက် သမိုင်းတန်ဖိုးဆုံးရှုံးသွားမည်ဖြစ်ပါသည်။
အကယ်၍ သမိုင်းအချက်အလက်ဆိုင်ရာ အဆိုများ ကွဲပြားနေပါက ဝိုင်းဝန်းစိစစ် ညှိနှိုင်းကာ တိကျခိုင်
မာမှုအတွက် အနီးစပ်ဆုံးပြုစုရေးသားပြီး သမိုင်းတင်ရန် လိုအပ်ပါသည်။ ယခု ကျွန်တော်သည် အဆိုကွဲပြားမှုများကို တစ်ချက်စီတင်ပြပါမည်။ ဤသို့တင်ပြရာတွင် ဆောင်းပါး၊ စာတမ်းရှင်များ၏ ကလောင်အမည်များကိုသာ အညွှန်းပြုသွားပါမည်။
မဟာနွယ်က ဗိုလ်ငမောက်၏ဇာတိမှာ ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းနယ်၊ ကုန်းဘောင်ရွာဟုဆိုပါသည်။
မြေပုံထွန်းခိုင်က ဇာတိကို အဓိကဖော်ပြမထားသော်လည်း ]ထိုအချိန်က ကွမ်းချောင်းကျွန်းမှ ငမောက်ကြီးသည်ပုန်ကန်မြဲ ပုန်ကန်နေ၏} ဆိုထားရာ ကွမ်းချောင်းဇာတိလား၊ ကွမ်းချောင်းနယ်တစ်နယ်က ရွာတစ်ရွာဟု ဆိုလိုသလားဆိုသော အချက်မှာ မရှင်းလင်းလှပါ။
ဂနိုင်တင်(မာန်အောင်)က ဗိုလ်ငမောက်ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကွမ်းချောင်းရွာတွင် မွေး
ဖွားသည်ဟု ဆိုပါသည်။ ဓညဦး(မြောက်ဦး)က ရမ်းဗြဲမြို့နယ်မှ တနင်္ဂနွေထောင့်( )သုံးမိုင်အကွာ လက်ပံရွာဟု ဆိုပါသည်။၎င်းသည် ဆက်လက်၍လည်း အရေးပိုင်နထိုးရှီကို သတ်ဖြတ်ရာ ရာဇဝတ်ပြေးဘ၀ရောက်သောအခါ သူ၏ဆရာဗဟန်းတောင်ကျောင်းဆရာတော်က "ကွမ်းချောင်း"သို့ လျှို့ဝှက်ပို့ထားသည်ဟု ဆိုထားပါသည်။ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ ဒုတိယတွဲ၊ နိုင်ငံရေးကဏ္ဍ၊ စာမျက်နှာ (၇)တွင် "ရမ်းဗြဲသား ဆေးဆရာတစ်ဦး"ဟု ဖော်ပြထားပါသည်။
အထက်ဖော်ပြချက်များအရ ဗိုလ်ငမောက်ဇာတိမှာ သုံးမျိုးသုံးစား ကွဲပြားနေရာ ကုန်းဘောင်ရွာလား၊
ကွမ်းချောင်းရွာလား၊ လက်ပံရွာလားဆိုသည်ကို သုတေသီများနှင့် စိတ်ဝင်စားသူများက စူးစမ်းဖို့လိုလာပါသည်။
ဤနေရာတွင် ဗိုလ်ငမောက်နှင့် ပတ်သက်၍ ပေါ်ပေါက်ခဲ့သော တဘောင်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါ
သည်။ တဘောင်က နှစ်မျိုးကွဲပြားနေပါသည်။
မဟာနွယ်က "ငမောက်၊ ငမောက် တိမ်ကိုဖောက်၊ ငမောက်ပေါ်စ ကွမ်းချောင်းက"ဟု ဆိုပြထားပါသည်။
ဂနိုင်(မာန်အောင်)က "ကွမ်းချောင်းငမောက် တိမ်ကို ဖောက်၊ ငမောက်ပေါ်စ ကွမ်းချောင်းက"ဟု ဆိုပြ
ပါသည်။ "ပေါ်စ"ဆိုသောစကားမှာ တော်လှန်ရေးစတင်လှုပ်ရှားခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ပထမတဘောင်ကဇာတိကို မပြဘဲ တော်လှန်ရေးစတင်ခြင်းကို ပြပါသည်။ ဒုတိယတဘောင်က ဇာတိကိုလည်း ပြ၍ တော်လှန်ရေးစတင်သည့် နေရာကိုလည်း ပြပါသည်။ ထို့ကြောင့် ဗိုလ်ငမောက်ဇာတိကို လေ့လာစူးစမ်းကြရာတွင် အထက်ပါတဘောင်များက အထောက်အကူပြုလိမ့်မည်ဟု ယူဆပါသည်။
နောက်ထပ်မံတွေ့ရှိရသော ကွဲလွဲချက်တစ်ခုမှာ ဗိုလ်ငမောက်၏ ဆွေစဉ်မျိုးဆက်ဖြစ်ပါသည်။ ဤကိစ္စနှင့်
ပတ်သက်၍ မဟာနွယ်၊ မြေပုံထွန်းခိုင်နှင့် ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်းတို့က တစ်စုံတစ်ရာ ဖော်ပြခြင်းမပြုကြပါ။
ဂနိုင်မောင်(မာန်အောင်) "ဗိုလ်ငမောက်၏ဖခင်မှာ ကြိမ်ဝါးခုတ်အလုပ်ဖြင့် ကာယလုပ်သားကြီးတစ်ဦး
ဖြစ်သည်"ဟု ယေဘုယျဆိုထားပါသည်။ဓညဦး(မြောက်ဦး)က ဗိုလ်ငမောက်၏ဆွေစဉ်မျိုးဆက်နှင့်ပတ်သက်၍ သေးစိတ်တင်ပြထားပါသည်။ယင်းသို့တင်ပြရာတွင် ဓညဦး(မြောက်ဦး)သည် ဗိုလ်ငမောက်၏မြေးတော်စပ်သူ ဦးသာအောင်ဖြူ(ဆေးဆရာပေါက်တောမြို့) ထံမှ ရရှိသောအချက်အလက်များပေါ်တွင် အခြေခံထားပါသည်။ ဦးသာအောင်ဖြူသည်ဗိုလ်ငမောက်၏အစ်ကိုရင်းဖြစ်သူ ဦးနန်းလျာဦး၏ သားကြီးဖြစ်ပါသည်။
ဦးနန်းလျာဦးနှင့် ဗိုလ်ငမောက်တို့၏ ဖခင်မှာ လက်ပံရွာသား ဦးရွှေလှကျော်ဖြစ်ပါသည်။ ဦးရွှေလှကျော်
မှာ ရမ်းဗြဲနောက်ဆုံးဘုရင် (မြောက်ဦးခေတ် နောက်ဆုံးဘုရင် မဟာသမ္မတမင်းကို ဆိုလိုပုံရပါသည်)၏ညီဖြစ်သည်ဟု ဓညဦး(မြောက်ဦး)က အတိအကျတင်ပြထားပါသည်။ ဓညဦး(မြောက်ဦး)၏ တင်ပြချက်ခိုင်မာစေရန်အခြားသမိုင်းအချက်အလက်များက ထောက်ခံသက်သေပြနိုင်ရန် လိုအပ်နေပါသည်။
ဗိုလ်ငမောက်၏ အိမ်ထောင်ဖက်ဇနီးနှင့်ပတ်သက်၍ ငမောက်အသက်နှစ်ဆယ်အရွယ်တွင် ကွမ်းချောင်
သူ မိအိမ်သူနှင့် အကြောင်းဆုံသည်"ဟု ဆိုပါသည်။
ဂနိုင်တင်(မာန်အောင်)က သားမယားရှိသည်ဟုသာ ယေဘုယျဖော်ပြခဲ့ပါသည်။ ဓညဦး(မြောက်ဦး)ကမူ
"ငမောက်သည် ကွမ်းချောင်းမှ ဘင်္ဂလားဒေ့ရှ်ပြည်ရှိ ဖလံထောင်သို့ ထွက်ပြေး၍ ဖလံဘုရင်၏နှမ(ညီမ)နှင့်
အိမ်ထောင်ပြုနေလေသည်"ဟု ဆိုပါသည်။
ဗိုလ်ငမောက်၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ အသီးသီးတင်ပြကြရာတွင် အဖိနှိပ်ခံ
ပြည်သူများဘက်မှ ရပ်တည်၍ ဇာတိမာန်တက်ကြွစွာဖြင့် ဗြိတိသျှနယ်ချဲ့တို့အား လက်နက်ကိုင် ဆန့်ကျင်
တော်လှန်ခဲ့သည်ဆိုသောအဓိကအချက်တွင် တူညီကြသော်လည်း သမိုင်းဖြစ်စဉ်များနှင့် ပတ်သက်၍ကား ကွဲပြားခြားနားနေကြသည်ကို တွေ့ရပါသည်။
မဟာနွယ်က ငမောက်သည် အသက်ခုနှစ်နှစ်အရွယ်ကပင် ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားသည်။
သူ၏ဆရာဖြစ်သော ဘုန်းတော်ကြီးမှာ အင်းအိုင်၊ ခလှဲ့၊ လက်ဖွဲ့၊ မန္တာန်တတ်ကျွမ်းသည်။ ငမောက်ကို ကိုယ်ခံပညာသင်ပေးသည်။ ထို့ပြင် ငမောက်သည် ဆေးပညာကိုလည်း တစ်ဘက်ကမ်းတတ်ကျွမ်းသည်။ အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်တွင် ကျောင်းမှထွက်ပြီး ဇီဝိဒါနဖြစ် နယ်တကာလှည့်၍ ဆေးဝါးကုသပေးသည်။ အသက်နှစ်ဆယ်အရွယ်တွင် ကွမ်းချောင်းသူ ]မိအိမ်သူ}နှင့် အကြောင်းပါသည်ဟုဆိုသည်။
ဆက်လက်ဖော်ပြရာတွင် ကွမ်းချောင်းရွာ၌နေစဉ် "ငမောက် ငမောက် တိမ်ကိုဖောက်၊ ငမောက်ပေါ်စ
ကွမ်းချောင်းက" တဘောင်ပေါ်လာသည်။ ထိုအချိန်တွင် ဗြိတိသျှနယ်ချဲ့အစိုးရက ပြည်သူများကို နည်းမျိုးစုံနှင့်ဖိနှိပ်ချုပ်ချယ်နှိပ်စက်လျှက်ရှိရာ ဆားချက်ခြင်း၊ ငါးဖမ်းခြင်း၊ မျှင်ထိုးခြင်းတို့နှင့် ပတ်သက်၍ ကွမ်းချောင်းရွာသားများကို ဖမ်းဆီးပစ္စည်းများကို သိမ်းပိုက်သည်။ ယင်းမတရားဖိနှိပ်စော်ကားမှုများကို ငမောက်မကျေမနပ်ဖြစ်လာသည်။ ထိုအခိုက်မှာပင် ငမောက်တွင် သားဦးမွေးဖွားသည်။ မွေးဖွားပြီးနောက်တစ်နေ့တွင် ငမောက်သည် ဗြိတိသျှအာဏာပိုင်များထံသို့ စာရေးပြီး အရေးဆိုသည်။ အရေးဆိုသော အချက်များမှာ
(၁) မတရားဖမ်းဆီးထားသောရွာသားများကို အမြန်ဆုံးလွှတ်ပေးရန်။
(၂) ထပ်မံဖမ်းဆီးဦးမည်ဆိုက တုတ်ထောက်ကအစ နို့သောက်အထိ ဖမ်းဆီးရန်။
(၃) ပြည်သူများထံမှ မတရားသိမ်းယူထားသော ဆား၊ ငပိ၊ မျှင်ပိုက်များကို အမြန်ဆုံးပြန်လည်ပေးအပ်ရန်
တို့ ဖြစ်ကြပါသည်။
အထက်ပါအရေးဆိုမှုကြောင့် အာဏာပိုင်များအတွင်း ဂယက်ရိုက်ခတ်သွားသည်။ နောက်တစ်နေ့တွင်
အာဏာပိုင်များက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးပြီး သိမ်းယူထားသော ပစ္စည်းများကိုလည်း ပြန်ပေးသည်ဟု မဟာနွယ်ကဆိုသည်။
ဤနေရာတွင် အာဏာပိုင်များက ငမောက်၏တောင်းဆိုချက်များကို မည်သည့်အကြောင်းအချက်များ
ကြောင့် အလျှော့ပေးလိုက်လျောခဲ့သည်ဆိုသော အချက်များကို မဟာနွယ်က မဖော်ပြနိုင်ခဲ့ပါ။ အာဏာရော၊
လက်နက်အားကိုးနှင့် ပါဝါအလောလောဖြစ်နေသော ဗြိတိသျှအာဏာပိုင်များသည် သာမန်အရပ်သားတစ်ဦးမျှသာဖြစ်သော ငမောက်၏တောင်းဆိုချက်များကို တစုံတရားသော နိုင်ငံရေးပရိယာယ်ကြောင့် လိုက်လျောခြင်းသာဖြစ်ပါမည်။
ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပိုက်ကတည်းက မျိုးချစ်ပုဂ္ဂိုလ်များက သူ့နည်းသူ့ဟန်များဖြင့် လူသူ
လက်နက် စုဆောင်းလျက် ဆန့်ကျင်တိုက်ခိုက်လာခဲ့ကြသည်။ ငမောက်တို့ ခေတ်မတိုင်မှီ ဗိုလ်ချင်းပျံ၊ မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရှီ၊ မြို့သူကြီးအောင်ကျော်ဇံ၊ သံတွဲနယ်မှ တိုက်သူကြီး မောင်သာဦး၊ကျိန္တလီမှ ဘုန်းတော်ကြီးတစ်ပါး၊ မြို့သူကြီး ဦးချစ်စံဝေ၊ ဦးမောင်ဖြူ၊ ဗိုလ်ဧကံစသည့် မျိုးချစ်ပုဂ္ဂိုလ်များက
ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင်တိုက်ခိုက်ကြသည်။
ယခုလောလောဆယ် ခရစ်နှစ်( ၁၈၉၀)ပတ်ဝန်းကျင်တွင်လည်း ကျောက်တော်နှင့်မြို့ဟောင်း (မြောက်ဦး)
နယ်မှ ဦးကြာထွန်း၊ ဦးလှရွှေ၊ ပေါက်တောနယ် ငဝက်စွယ်ရွာမှ ဗိုလ်ကျော်ဝ၊ သံတွဲနယ်မှ ကျောက်စိမ်းဗိုလ်နှင့်ပုသိမ်မြို့သား ဇော်ဂျီဗိုလ်၊ သံတွဲချောင်းဖျားမှ တုတ်ပြီး ဓားပြီး ဆေးစွမ်းသော ဘုန်းကြီးတစ်ပါးနှင့် မောင်သာဦးဆိုသူတို့က အလုံးအရင်းနှင့် ဆန့်ကျင်တိုက်ခိုက်နေကြသည်။
ဤသို့ ရခိုင်ဒေသအနှံ့အပြားတွင် ဆန့်ကျင်ပုန်ကန်မှုများ ပေါ်ပေါက်နေသည်ကို ဗြိတိသျှအာဏာပိုင်များ
က မနှိမ်နှင်းနိုင်ဘဲရှိရာ ထပ်မံ၍ ပေါ်ပေါက်လာနိုင်သော မီးပွားတစ်စကို ထပ်မမွှေးလိုသည့်သဘောဖြင့် ငမောက်၏ တောင်းဆိုချက်များကို လိုက်လျောလိုက်ရပုံရှိပါသည်။ သို့ရာတွင် ငမောက်သည် အာဏာပိုင်များ၏ ရန်ငြိုးရန်စကို စိုးရိမ်၍လား၊ သို့မဟုတ် လက်နက်ကိုင်တော်လှန်မှသာ သမိုင်းတာဝန်ကျေပွန်မည်ဟု ယုံကြည်၍လား၊သို့မဟုတ် ဤအချက်နှစ်ခုလုံးကြောင့်လား အသေအချာမပြောနိုင်သော်လည်း ဇနီးနှင့်သားကို မျက်နှာလွှဲ၍နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲထဲ ခြေစုံပစ်ဝင်ခဲ့ပါသည်။
မြေပုံထွန်းခိုင်နှင့် ပြည်နယ်ဖြစ်စဉ်သမိုင်း (ဒု-တွဲ)တို့၌ကား ဗိုလ်ငမောက်၏ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း
ဖြစ်စဉ်ကို ဖော်ပြထားခြင်းမရှိပါ။ ဂနိုင်တင်(မာန်အောင်)က ဗိုလ်ငမောက်သည် ဗြိတိသျှနယ်ချဲ့တို့၏ ရက်စက်ကြမ်းကြုတ်မှု၊ ဖိနှိပ်ချုပ်ချယ်မှုများကို ငယ်စဉ်ကလေးဘ၀ကပင် တွေ့ကြုံခံစားလာရသည်။ ထို့ကြောင့် သူအရွယ်ရောက်သောအခါ လက်ရွေးစင်ကြိမ်ဝါးခုတ်သမားများနှင့် လယ်သမားငါးဆယ်ခန့်တို့ကို စုရုံး၍ ကျွန်းစင်နယ်တစ်နယ်လုံးတွင် နယ်ချဲ့ဆန့်ကျင်ရေးကို စတင်ခဲ့သည်ဟု ယေဘုယျဖော်ပြထားပါသည်။
ဓညဦး(မြောက်ဦး)က တစ်နေ့တွင် ငမောက်၏ စွန်ကြိုးသည် အင်္ဂလိပ်လက်ပါးစေ အရေးပိုင်နထိုးရှီ၏
အိမ်ခေါင်မိုးတွင် ငြိရာ အိမ်ရှင်ကို မတိုင်ကြားဘဲ အိမ်ခေါင်မိုးပေါ်တက်၍ စွန်ကြိုးကို ဖြတ်ယူသည်။ နထိုးရှီကမလေးမစားပြုသည်ဆိုကာ ငမောက်ကို ကြိမ်ဒဏ်အပြစ်ပေးသည်။ ငမောက်က မကြေနပ်၍ နထိုးရှီကို အသေသတ်ပြီး ထွက်ပြေးသည်။ သူ၏ဆရာ ဗဟန်းတောင်ကျောင်းဆရာတော်က ကွမ်းချောင်းသို့ လျှို့ဝှက်ပို့ထားလိုက်သည်။ သူ၏အစ်ကို နန်းလျာဦးကိုလည်း ကျောက်ကျပ်သို့ ပို့ထားသည်ဟုဖော်ပြထားပါသည်။
ဓညဦး(မြောက်ဦး)၏တင်ပြချက်နှင့်ပတ်သက်၍ တွေးစရာအချက်နှစ်ချက် ရှိပါသည်။ ထိုစဉ်ကမြန်မာပြည်သည် အိန္ဒိယပြည်နယ်တစ်ပြည်နယ်အဖြစ် မဟာဝန်ရှင်တော်မင်းကြီးက အိန္ဒိယဘုရင်ခံချုပ်အားတာဝန်ခံ၍ အုပ်ချုပ်နေသောကာလဖြစ်သည်။ မြန်မာသမိုင်းပညာရှင်များက ယင်းကာလကို ဗြူရိုကရေစီအုပ်ချုပ်ရေးစနစ်ဟု သတ်မှတ်ထားကြပါသည်။ ယင်းဗြူရိုကရေစိအုပ်ချုပ်ရေးအရ ရခိုင်အုပ်ချုပ်ရေးအဆင့်ရှိ အရာရှိဟူသမျှ ဗြိတိသျှလူမျိုးများသာ ဖြစ်သည်။ ဗန်းမော်တင်အောင် မြန်မာနိုင်ငံသမိုင်း စာ-၃၀၆)"နထိုးရှီ"ဆိုသော အမည်သည် ရခိုင်အမည်ဖြစ်နေပါသည်။ အင်္ဂလိပ်လူမျိုးအမည်ကို အသံဖလှယ်ထားခြင်းမျိုးမဟုတ်ပါ။ ထို့ပြင် "နယ်ချဲ့လက်ပါးစေ အရေးပိုင်နထိုးရှီ" ဟုဆိုထားသဖြင့် "နယ်ချဲ့လက်ပါးစေ"ဆိုသည်မှာဗြိတိသျှအစိုးရလက်အောက်ခံ တိုင်းရင်းသားထဲမှ အလိုတော်ရိ ပုဂ္ဂိုလ်များကို ညွှန်းခြင်းဖြစ်ပါသည်။ ကိုလိုနီခေတ်တွင် တိုင်းရင်းသားထဲမှ ပထမဆုံးအရေးပိုင်ရာထူးရရှိသူမှာ ရခိုင်အမျိုးသား ဦးမြထွန်းအောင်(၁၈၅၆-၁၉၁၉)ဖြစ်ပါသည်။
သူအရေးပိုင်ဖြစ်သောကာလမှာ ခရစ်(၁၉၀၀)ကျော်နောက်ပိုင်းတွင် ဖြစ်ပါသည်။ ထို့ကြောင့်
"နထိုးရှီ"သည် ယင်းအချိန်က အရေးပိုင်ဖြစ်သည်ဆိုသောအချက်မှာ အမှတ်မှားမှုတစ်ခုသာ ဖြစ်မည်ဟု ယူဆရပါသည်။
ကျွန်တော်ထပ်မံ၍ ဗိုလ်ငမောက် စစ်စခန်းချခဲ့သော နေရာနှင့်ပတ်သက်၍လည်း ဝိဝါဒကွဲပြားနေပုံများ
ကို တင်ပြပါမည်။ ဤအချက်နှင့်ပတ်သက်၍ မဟာနွယ်နှင့် ဂနိုင်တင်(မာန်အောင်)တို့နှစ်ဦးသာ ဖော်ပြနိုင်ခဲ့ကပါသည်။မဟာနွယ်က နောက်ဆုံးဗိုလ်ငမောက်သည် သူ၏တပ်ကို ကြပ်စင်ကျွန်းတွင် အခြေခံချသည်။ ယင်းကျွန်း၌ပင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သည်ဟုဆိုပါသည်။
ကြပ်စင်ကျွန်းသည် မင်းပြားမြို့ တောင်ဘက်အနီးတွင် ရှိသည်။ တောင်နှင့်မြောက် မိုင်(၂၀)မျှ ရှည်လျား
သောကုန်းတွင်း ကျွန်းကြီးဖြစ်သည်။၁၀၂၉ပေထိ မြင့်သော တောင်တန်းကြီးသည် ကျွန်း၏အဓိကကျောရိုးဖြစ်သည်။ (အောင်လှသိန်း၊ ရခိုင်သုတအဘိဓာန် ၁၉၉၇ ခုနှစ်)ဂနိုင်တင် (မာန်အောင်) က သူသည် (၁၉၂၄)ခုနှစ်က ကျောက်ဖြူခရိုင်၊ မြေပုံမြို့နယ်တွင် ကျောင်းဆရာအဖြစ် အမှုထမ်းစဉ် မြေပုံမြို့နယ်ရှိ ကျွန်းစဉ်နယ်သို့ လေ့လာရေးခရီးထွက်ခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ရခိုင်သွေးသောက် ဗိုလ်ငမောက်၏တပ်စခန်းချရာ သမိုင်းဝင်မြေဖြစ်သည့် "ရက္ခမောက်တောင်"ကို လေ့လာရန်ဖြစ်သည်။
ဗိုလ်ငမောက်သည် နယ်ချဲ့အင်္ဂလိပ်အား ရက္ခမောက်တောင်ထိပ်စခန်းချလျက် ရရာလက်နက်စွဲကာ သုံးနှစ်သုံးမိုးတော်လှန်ပုန်ကန်ခဲ့ကြသည်။ ရက္ခမောက်တောင်သည် မြင့်မားမတ်စောက်သည်ဟု ဖော်ပြထားပါသည်။ကျွန်းစဉ်သည် မြေပုံတောင်ဘက် ကျောက်ဖြူမြို့အရောက် မိုင်(၄၀)အတွင်းရှိသည့် ကျွန်းတန်းများကို
ခေါ်သည်။ ကွမ်းချောင်း၊ ကျွန်းသာယာ၊ မိုးသီးနတ်တောင်၊ သလူတောင်၊ နောင်တော်၊ တန်းခါးရိုးကျွန်းနှင့်
နောင်တော်ပင်လယ် (မြစ်)တို့မှာ ထင်ရှားသည်။ (အောင်လှသိန်း ရခိုင်သုတအဘိဓါန် ၁၉၉၇ခုနှစ်)ကြပ်စင်ကျွန်းသည် မြေပုံမြို့နယ်၏မြောက်ဘက်တွင် ရှိပြီး ကျွန်းစဉ်သည် မြေပုံမြို့နယ်၏တောင်ဘက်တွင်ရှိသည်။ ကျွန်းစဉ်တွင် ဗိုလ်ငမောက်၏ဇာတိဟုဆိုသော ကွမ်းချောင်းရွာရှိသည်။
အကယ်၍ ဗိုလ်ငမောက်သည် ကွမ်းချောင်းရွာဇာတိဆိုပါက သူ၏ဒေသဖြစ်သော ကျွန်းစဉ်ပေါ်ရှိ ရက္ခ
မောက်တောင်တွင် တပ်စခန်းချနေခဲ့သည်ဆိုသော စကားမှာ ယုတ္တိရှိနိုင်ပါသည်။ ကြပ်စင်ကျွန်းနှင့်စာလျှင်
ကျွန်းစဉ်သည် ကမ်းဦးရေတိမ်ပြီး ရွှံ့နွံထူထပ်သောကြောင့် ရန်သူများချဉ်းကပ်ရန် အခက်အခဲများစွာ ရှိနိုင်ပါသည်။
သို့ရာတွင် ကြပ်စင်ကျွန်းတွင် ပေ(၁၀၂၉)ပေထိ မြင့်မားသောတောင်တန်းကြီးက ကျွန်း၏အဓိကကျောရိုး
ဖြစ်သဖြင့် တောင်ကျော့တစ်လျှောက် ရန်သူအလွယ်တကူ လက်လှမ်းမမှီနိုင်သော နေရာများစွာ ရှိနိုင်ပါသည်။
ယင်းကြောင့် ဗိုလ်ငမောက်သည် ကြပ်စင်ကျွန်းတွင် တပ်စခန်းချခဲ့သည်ဆိုသောအချက်မှာလည်း ယုတ္တိတန်နေပြန်ပါသည်။ ထို့ကြောင့် တပ်စခန်းချရန် အခြေအနေများရှိနေသော ဤနေရာတွင် မည်သည့်နေရာကို ဗိုလ်ငမောက်ရွေးချယ်ခဲ့သည်ဆိုသောအချက်ကို ကျွန်တော်တို့ ခြေရာကောက်ဖို့ လိုအပ်ပေလိမ့်မည်။
တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍လည်း မဟာနွယ်နှင့် ဂနိုင်တင်(မာန်အောင်)တို့က အတော်ကလေးတင်
ပြနိုင်ကြပါသည်။ သို့ရာတွင် တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြကြရာတွင်ကား အချက်အလက်များ ကွဲပြားနေကြပါသည်။ ထိုသို့ ကွဲပြားချက်များထဲတွင် ဗြိတိသျှအာဏာပိုင်များက ဗ်ုdလ်ငမောက်အား အခွင့်အရေးပြဆွဲဆောင်ရာ၌ ကျွန်းပိုင်အဖြစ် ပေးထားသောနယ်မြေမှာ "ကြပ်စင်ကျွန်း"ဖြစ်သည်ဟု မဟာနွယ်ကဆို၏။ ဂနိုင်တင်(မာန်အောင်)က ကျွန်းစဉ်ကျွန်း ဖြစ်သည်ဟုဆိုပါသည်။
ထို့ပြင် ဗိုလ်ငမောက်၏ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးသမိုင်းထဲက အရေးကြီးဆုံးအချက်တစ်ချက်မှာ
"တိမ်ကြားဗိုလ်}ဖြစ်ပါသည်။ တစ်ချို့က တိမ်ကြားဗိုလ်သည် နယ်ချဲ့လက်ပါးစေ အမျိုးသားသစ္စာဖောက်ဟု ဆိုကြပါသည်။
မဟာနွယ်က သူ၏ဆောင်းပါးတွင် ဗိုလ်ငမောက်က ရွာသူရွာသားအချို့ကို စုစည်း၍ ပုန်ကန်သည်နှင့်
ချက်ချင်း ဇော်ဂျီဗိုလ်၊ တိမ်ကြားဗိုလ်စသော သူပုန်ခေါင်းဆောင်များက ဗိုလ်ငမောက်ထံ လာရောက်ပူးပေါင်းကြသည်ဟု ဆိုကြပါသည်။ တိမ်ကြားဗိုလ်က ဗိုလ်ငမောက်အား တလေးတစားနှင့် "ဆရာကြီး"ဟုခေါ်ကြောင်းလည်းဆိုသည်။ ထို့ပြင် ဗိုလ်ငမောက်သည် ကြပ်စင်ကျွန်းတွင် တပ်စွဲနေခိုက် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားသောအခါ ကျန်ရစ်သော သူပုန်ဗိုလ်များက တစုတဝေးတည်းမနေကြတော့ဘဲ နေရာခွဲ၍ တာဝန်ယူလှုပ်ရှားကြသည်ဟုဆိုပါသည်။
တိမ်ကြားဗိုလ်က ရမ်းဗြဲကျွန်းကိုလည်းကောင်း၊ ဇော်ဂျီဗိုလ်က သက်ထောင်ဖလံထောင်ကိုလည်းကောင်း
ဗိုလ်မိုးညိုက မာန်အောင်ကျွန်းကိုလည်းကောင်း၊ ဗိုလ်တိမ်ကျိုးက တောင်ကုတ်နှင့် သံတွဲကိုလည်းကောင်း၊
အသီးသီးနယ်မြေခွဲဝေ၍ ဆက်လက်တိုက်ပွဲဝင်ကြသည်ဟု ဖော်ပြထားပါသည်။
မြေပုံထွန်းခိုင်က အထက်ပါတင်ပြချက်နှင့် လုံးဝဆန့်ကျင်လျက် တင်ပြထားပါသည်။ ဗြိတိသျှအစိုးရသည်
ဗိုလ်ငမောက်ကို နှိမ်နင်းရန် တိမ်ကြားဗိုလ်အား တာဝန်ပေးသည်။ တိမ်ကြားဗိုလ်နှင့် ဗိုလ်ငမောက်တို့မှာ ဆွေမျိုးသားချင်းများ တော်စပ်ကြသည်။ တစ်ဦးကိုတစ်ဦး "ယောက်ဖ"ဟု ခေါ်ကြသည်။ တိမ်ကြားဗိုလ်သည် လက်နက်ကိုင်ရခိုင်များနှင့် အင်္ဂလိပ်စစ်သားအချို့ကို ခေါ်၍ ကွမ်းချောင်းရွာကို လှေဖြင့် ထွက်လာသည်။
ဤသတင်းကို ကြား၍ ဗိုလ်ငမောက်သည် ကွမ်းချောင်းရွာမှနေ၍ ချင်းအမျိုးသားများ၏ ယောဆနွမ်း
အုတ်ကံရွာသို့ ရှောင်တိမ်းသွားသည်။ တိမ်ကြားဗိုလ်က ခြေရာခံလျက် လိုက်လာပြီး "ငါလာသည်၊ ဆွေးနွေးစရာရှိသည်"ဟု ဗိုလ်ငမောက်ထံ စာရေးအကြောင်းကြားသည်။ ဗိုလ်ငမောက်ကလည်း "ဆွေးနွေးစရာရှိလျှင် ယောက်ဖတစ်ဦးတည်းသာလာခဲ့ပါ"ဟု ပြန်ကြားလိုက်ပါသည်။
နှစ်ယောက်ချင်းတွေ့ဆုံကြသောအခါ တိမ်ကြားဗိုလ်က ဗိုလ်ငမောက်အား လက်နက်ချရန်အတွက်
တိုက်တွန်းသည်။ ဗိုလ်ငမောက်က လုံးဝငြင်းပယ်ပြီး တိမ်ကြားဗိုလ်ကို ပြန်သွားစေပါသည်။ ထိုအခါ တိမ်ကြားဗိုလ်က "ယောက်ဖမပါဘဲ ငါတစ်ယောက်တည်း ပြန်ဖို့လာတာမဟုတ်ဘူး၊ လက်နက်ချရင်ချ၊ မချရင် ငါဖမ်းရလိမ့်မယ်"ဟု အပြတ်ပြောလိုက်သည်။ ဤတွင် တိမ်ကြားဗိုလ်နှင့် ဗိုလ်ငမောက်တို့ အခြေအတင်စကားများကြရာမှ တစ်ဦးကိုတစ်ဦးတိုက်ခိုက်ကြသည်ထိ ပဋိပက္ခကြီးထွားသွားရသည်။ ဗိုလ်ငမောက်က ဓားရေးကောင်း၍ တိမ်ကြားဗိုလ်ကဒိုင်းကောင်းသည်။ ဗိုလ်ငမောက်၏တပည့်များက တိမ်ကြားဗိုလ်ကို ဝိုင်းတိုက်ခိုက်ကြသည်။
အားမမျှ၍ တိမ်ကြားဗိုလ်နောက်ဆုတ်ရသည်။ ခုခံနေရာမှ နောက်လှည့်အဆုတ်တွင် စူးရှသောနေကို
မျက်နှာမူထားရသည့်အပြင် ခါးလောက်မြင့်သည် ဒိုးနွယ်တန်းကြီးလည်း ကာဆီးလျက်ရှိသည်။ သို့သော် တစ်ဖက်မှ ဓါးချက်များကို ဒိုင်းဖြင့် ခုခံကာကွယ်ရင်း ဒိုးနွယ်တန်းကို နောက်ပြန်ခုန်လိုက်ရာ ခြေဖနောင့်နှင့်မလွတ်နိုင်ဘဲဒိုးနွယ်တန်းနှင့်ထိကာ နောက်ပြန်ပစ်လဲသွားသည်။
"ဟေ့..ဟေ့ မခုတ်နဲ့"ဟု ဗိုလ်ငမောက်က သူ့လူများကို တားလိုက်သော်လည်း တပည့်ငပြူးချေဆိုသူက
လက်မြန်သွားပြီးဖြစ်သည်။ တိမ်ကြားဗိုလ်သည် ပွဲချင်းပြီး သေဆုံးသွားသည်။တိမ်ကြားဗိုလ် အသတ်ခံရပြီးနောက် အင်္ဂလိပ်များက ကြပ်စင်ကျွန်းကို အပိုင်စားပေးမည်ဆိုပြီး မက်လုံးပေးဆွယ်လာသည်။ ဗိုလ်ငမောက် ငြင်းပယ်လိုက်ပြီး တိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားသည်ဟု မြေပုံထွန်းခိုင်ကအဆုံးသတ်ထားသည်။
ဂနိုင်တင်(မာန်အောင်)က ဤသို့ တင်ပြထားသည်။ ဗြိတိသျှအစိုးရက ဗိုလ်ငမောက်ကို နှိမ်နင်းရန်
မန္တလေးမှ ဂေါ်ရခါးတပ်၊ မြင်းတပ်များကိုပင် ခေါ်ယူအသုံးပြုရသည်။ သို့ရာတွင် ဗိုလ်ငမောက်သည် ဗြိတိသျှတို့၏ ထိုးစစ်ကို နှစ်ကြိမ်တိုင် တွန်းလှန်နိုင်ခဲ့သည်။ ထိုအခါ ဗြိတိသျှအစိုးရက ဗိုလ်ငမောက်ကဲ့သို့ နာမည်ကြီးထင်ရှားသော တိမ်ကြားဗိုလ်နှင့် ဇော်ဂျီဗိုလ်တို့ကို ခေါ်ယူဆွေးနွေးသည်။ ဗိုလ်ငမောက်ကို နှိမ်နင်းနိုင်ပါက ကြပ်စင်ကျွန်းကိုအပိုင်စားပေးမည်ဟု အခွင့်အရေးပြု၍ အပေးအယူလုပ်ကြသည်။ တိမ်ကြားဗိုလ်က လက်ခံလိုက်သည်။
တိမ်ကြားဗိုလ်သည် ဗိုလ်ငမောက်ရှိရာ ရက္ခမောက်တောင်သို့ သွားပြီး "လက်နက်ချမလား၊ တိုက်မလား
ကြိုက်တာရွေး"ဟု စိန်ခေါ်သည်။ ဗိုလ်ငမောက်က "နှစ်ယောက်ချင်း သတ္တိပြိုင်ရအောင် တောင်ပေါ်တက်ခဲ့"ဟုတုန့်ပြန်သည်။ တိမ်ကြားဗိုလ်သည် တောင်ပေါ်သို့ တစ်ယောက်တည်း ရဲဝံ့စွာ တက်လာခဲ့သည်။ ဗိုလ်ငမောက်ကသစ္စာဖောက် ခွေးသေ၊ ဝက်သေ သေပေတော့"ဆိုပြီး တိမ်ကြားဗိုလ်အား ဓါးဖြင့်ခုတ်ချလိုက်သည်။ တိမ်ကြားဗိုလ်၏ဦးခေါင်းသည် အုန်းသီးကြွေသကဲ့သို့ တောင်ပေါ်မှကျသွားသည်။
ဗြိတိသျှအာဏာပိုင်တို့သည် သူတို့၏စိတ်ကူးပျက်ပြားသွားသောအခါ ဗိုလ်ငမောက်အား အကြမ်းဖက်
အကျပ်ကိုင်လာကြသည်။ မိဘဆွေမျိုးသားမယားများကို ဖမ်းဆီးလိုက်သည်။ ခုနစ်ရက်အတွင်း လက်နက်ချ
အညံ့မခံလျှင် အားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ လက်နက်ချ အညံ့ခံလျှင် ကျွန်းစင်နယ်ကို အပိုင်စားပေးမည်ဟုလည်း မက်လုံးပေးသည်။ ထို့ပြင် အာဏာပိုင်များက ဗိုလ်ငမောက်၏ဆရာ ရွာဦးကျောင်းဆရာတော်ဦးဝိမလအား ချဉ်းကပ်၍ ဗိုလ်ငမောက်လက်နက်ချရန် စည်းရုံးပေးဖို့လျှောက်သည်။
ဦးဝိမလက အင်အားကြီးမားလှသည့် အင်္ဂလိပ်တို့ကို လက်တစ်ဆုပ်စာမျှလောက်နှင့် ပုန်ကန်နေ၍
ဘာမှအကြောင်းထူးမည်မဟုတ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးချိန်မှာ အခွင်အရေးကို ရအောင်ယူ၊ မဟုတ်လျှင်
အပြစ်မဲ့မိဘဆွေမျိုးသားမယားတို့ အသက်ဆုံးရှုံးကြရမည်ဟု ဗိုလ်ငမောက်အား အကြိမ်ကြိမ်တိုက်တွန်းဖျောင်းဖျသည်။
တစ်ချို့က ဗိုလ်ငမောက် အညံ့ခံသွားသည်ဟုဆိုသည်။ တစ်ချို့က ဆက်လက်တိုက်ပွဲဝင်ယင်း တိုက်ပွဲ
တွင် ကျဆုံးသွားသည်ဟုဆိုကြသည်။ ဘာကိုမှ တိတိကျကျမသိရဟု ဂနိုင်တင်(မာန်အောင်)က တင်ပြသွားသည်။
မဟာနွယ်က ]ကြပ်စင်ကျွန်း}တွင် တပ်စွဲနေခိုက် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သည်ဟုဆိုပါသည်။
ဓညဦး(မြောက်ဦး)က ဗိုလ်ငမောက်သည် ကွမ်းချောင်းမှ ယခု ဘင်္ဂလားဒေ့ရှ်ရှိ ဖလံထောင်သို့ ထွက်ပြေး
ပြီး ဖလံဘုရင်၏ညီမနှင့် အိမ်ထောင်ပြု၍ နေသွားသည်ဟု ဆိုပါသည်။
နယ်ချဲ့ဆန့်ကျင်ရေး ခေါင်းဆောင်တစ်ဦး၏ အမည်နာမကလွဲ၍ သူ၏သမိုင်းဝင်ဖြစ်စဉ်များ မရေမရာ၊
မသေမချာနှင့် အကွဲကွဲအပြားပြားရှိနေသည်မှာ သမိုင်းအတွက် ဧရာမဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်နေသည်။ ကျွန်တော်နောက်ဆုံးတင်ပြလိုသောအချက်မှာ သမိုင်းအတွက် အလွန်တရာမှအရေးကြီးသည့် "ကာလ"ဖြစ်ပါသည်။ သမိုင်းသည် ခုနှစ်၊ သက္ကရာဇ်၊ နေ့ရက်များဖြင့် မှတ်တမ်းတင်ရသော ကာလဖြစ်စဉ်ကြီးတစ်ခုလည်း ဖြစ်ပါသည်။ဗိုလ်ငမောက်၏ကာလဖြစ်စဉ်ကို ယေဘုယျအားဖြင့် တင်ပြနိုင်ခဲ့ကြပါသည်။
ဂနိုင်တင်(မာန်အောင်)က ]ဗိုလ်ငမောက်မှာ နယ်ချဲ့အင်္ဂလိပ်များအား ရက္ခမောက်တောင်ပေါ်မှ စခန်းချ
လျက် ရရာလက်နက်ကိုင်စွဲကာ သုံးနှစ်သုံးမိုးတော်လှန်ခဲ့သည်ဟု ဖြစ်စဉ်ကာလအစိတ်အပိုင်းကလေး တစ်ခုလောက်ကိုသာ တင်ပြနိုင်ခဲ့သည်။ မည်သည့်ခုနှစ်၊ လ၊ ရက် စသည်ဖြင့် မတင်ပြနိုင်ခဲ့ကြပါ။
ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း(ဒုတိယတွဲ) စာမျက်နှာ ၇ပါ အချက်အလက်များ ၊ ဓညဦး(မြောက်ဦး)
တင်ပြသောဗိုလ်ငမောက်၏ ဆွေစဉ်မျိုးဆက် သက္ကရာဇ်များ၊ မဟာနွယ်တင်ပြသော အသက်အရွယ်အပိုင်းအခြားများနှင့် ဂနိုင်တင်(မာန်အောင်)တင်ပြသော ဗိုလ်ငမောက် တော်လှန်ရေးကာလများကို ဆက်စပ်စိစစ်ကြည့်ခြင်းအားဖြင့် ဗိုလ်ငမောက်သည် ခရစ်နှစ်( ၁၈၇၀) ခန့်တွင် မွေးဖွား၍ (၁၈၉၀)ခန့်တွင် ဗြိတိသျှနယ်ချဲ့ကို စတင်တော်လှန်ခဲ့ပြီး (၁၈၉၃)ခုနှစ်တွင် ကွယ်လွန်ကြောင့် ခန့်မှန်းရရှိနိုင်ပါသည်။
သို့ဖြစ်၍ ဗိုလ်ငမောက်နှင့်ပတ်သက်၍ ခိုင်မာသေချာမှု (သို့မဟုတ်) အနီးစပ်ဆုံးမှတ်တမ်းတစ်ခုခု ရရှိ
နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။
တက္ကသိုလ်-မောင်ယဉ်သူ
ဝန်ခံချက်။ ။ ကျိန်းရိပ်မြေ လက်ရွေးစင်ဆောင်းပါးပေါင်းချုပ်မှ ကူးယူဖော်ပြပါသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။