ဝေသာလီခေတ် မကိုဋ်ဆောင်း ဆင်းတုတော်များ

ဒေါက်တာစောထွန်းအောင်

ရခိုင်ဝေသာလီခေတ် ဗုဒ္ဓဘာသာကိုးကွယ်မှုနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပနှစ်မျိုးစလုံးမှ သုတေသီပညာရှင် အဆင့်ရှိသူများမှသည် ဝါသနာရှင်အဆင့်ရှိသူများအထိ မိမိတတ်နိုင်သည့်ဘက်မှ လေ့လာဖော်ထုတ်ခဲ့ကြလေသည်။ ထိုသူတို့၏လေ့လာမှုများမှ အယူအဆအမျိုးမျိုးကို သူ့ရှုထောင့်နှင့် သူတင်ပြခဲ့ကြ၏။

လေ့လာသူများတွင် ပြည်ပမှ ပါဝင်သကဲ့သို့ ပြည်တွင်းမှလည်း ဒေသခံများနှင့် ဒေသခံမဟုတ်သူများဟူ၍ကွဲပြားစွာပါဝင်ကြလေသည်။ လေ့လာဖော်ထုတ်သူများသည် ကျောက်စာများနှင် အခြားရုပ်ဝတ္ထုပစ္စည်းများ(ရုပ်ပွားတု၊ ဒင်္ဂါး၊ ဆီမီးခွက်၊ ခေါင်းလောင်း စသည်...)ကို အရင်းခံကြလေသည်။ အထက်တွင်ဖော်ပြခဲ့သောလေ့လာသူများသည် အဆိုပါရုပ်ဝတ္ထုပစ္စည်းများကို အခြေခံ၍ အသီးသီး အသက အသကသော အယူအဆများကို တင်ပြကြ လေသည်။

အထူးသဖြင့် ကျောက်စာပါအကြောင်းအရာများကိုလေ့လာ၍ ဝေသာလီခေတ်၏ ကိုးကွယ်မှုကိုပုံသဏ္ဌာန် ဖော်ကြလေသည်။ အဆိုပါ ကျောက်စာပါ အချက်အလက်များကို တစ်ဖက်မှ အခြားရုပ်ဝတ္ထုပစ္စည်းများနှင့် ယှဉ်တွဲ၍ အဓိပ္ပါယ်ဖော်ကြပြန်လေသည်။ ဝေသာလီဒင်္ဂါးမှ အမှတ်အသားများသည်လည်းကောင်း၊ရုပ်ပွားဆင်းတုအချို့တို့သည် လည်းကောင်း၊ အဓိပ္ပါယ်ဖော်ကြသူများအဖို့ အသင့်တော်ဆုံးသော အထောက်အထားများဖြစ်၍ နေကြပေတော့သည်။

သို့ရာတွင် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံကို ခရေစေ့တွင်းကျ ဂဃနဏသိရှိသူ ဒေသခံပညာရှင်များအဖို့ ကား အထက်ဖော်ပြပါ ရုပ်ဝတ္ထုပစ္စည်းများနှင့် မိမိ၏သိရှိမှုတို့ကို ဆက်စပ်လိုက်သည့်အခါတွင်မူ ရရှိသည့်အဖြေသည် တစ်မျိုးတစ်ဖုံဖြစ်သွားစေနိုင်ပါသည်။

ဝေသာလီခေတ် ကျောက်စာတစ်ချို့တို့တွင် နန်းတွင်းရှိ ဗြဟ္မဏပုဏ္ဏားများ၏ ယုံကြည်မှုအငွေ့အသက်ပါဝင်နေပေသည်။ (အာနန္ဒစန္ဒြကျောက်စာတွင်ပင် အဆိုပါအငွေ့အသက်များကို တွေ့ရှိရ၏။) သို့သော် ရခိုင်တို့ထုံးတမ်းစဉ်လာတွင် နန်းတွင်းရှိ ဗြဟ္မဏပုဏ္ဏားများကို အခါတော်ပေး ဟူးရားတတ်များအဖြစ် အသုံးပြုလေ့ရှိခြင်းကိုမူ ဒေသခံပညာရှင်များသည်သာ ဂရုဓမ္မပြုမိတတ်ကြပေသည်။

ထို့အပြင် ရခိုင်ရှေးဟောင်း ယဉ်ကျေးမှုတို့ကို လေ့လာလျှင် အထက်ဖော်ပြပါ အထောက်အထားများနှင့်လည်း ပြီးပြည့်စုံပြီဟု မဆိုသာဘဲ ရခိုင်သမိုင်းကိုလည်း တစ်ဖက်တစ်လမ်းမှ လေ့လာထားရပေမည်။အဆိုပါရခိုင်သမိုင်းလာ ဖြစ်ရပ်များနှင့် ဆက်စပ်လိုက်မှသာ ဝေသာလီဒင်္ဂါးပါ အမှတ်အသားများသည်လေ့လာသူအချို့ (အထူးသဖြင့် ပြည်ပမှ ပညာရှင်များ) ယူဆသကဲ့သို့မဟုတ်ဘဲ မိမိတို့၏သီးခြားလက္ခဏာအဓိပ္ပါယ်ပေါ်လွင်ခဲ့ရပါသည်။

ဤမှတစ်ဖန် မကိုဋ်ဆောင်းဆင်းတုများနှင့်ပါ ဖြေရှင်း၍ရနိုင်သည့်အချက်အလက်များကို ဖော်ထုတ်ရရှိနိုင်ပါ သည်။ အမှန်တွင် အချိုသောပညာရှင်များ ယူဆသကဲ့သို့ ဝေသာလီခေတ်ကိုးကွယ်မှုသည် မဟာယနကိုးကွယ်မှုကို အခြေမခံပါ။

မကိုဋ်ဆောင်းဆင်းတုတော်များနှင့် စပ်လျဉ်း၍ ဝိဝါဒကွဲပြားနေသည်မှာ ကြာပြီဖြစ်လေသည်။ (ရခိုင်ဝေသာလီဆင်းတုတော်များကို အကြမ်းအားဖြင့် ရိုးရိုးဗုဒ္ဓဆင်းတုတော်များနှင့် မကိုဋ်ဆောင်းဆင်းတုတော်များဟူ၍ ခွဲခြားနိုင်လေသည်။)ဤတွင် မကိုဋ်ဆောင်း ဆင်းတုတော်များနှင့် အဓိကအယူအဆနှစ်မျိုး
ရှိလေသည်။

တစ်မျိုးမှာ ဂေါတမဗုဒ္ဓသည် သာမဏေရဟန်းစစ်စစ်ဖြစ်သည်ဟူသော အချက်ကို အခြေခံ၍နောက်တစ်မျိုး မှာ ဗောဓိသတ္တရုပ်ပွားများနှင့် သက်ဆိုင်လေသည်။

ပထမအယူအဆသည် ဇမ္ဗူပတိရုပ်ပွားဆင်းတုတော်များနှင့် ဆက်စပ်၍လည်းကောင်း၊ စကြ၀တေးမင်းနှင့်ဆက်စပ်၍ လည်းကောင်းပေါ်ပေါက်လာရခြင်းဖြစ်လေသည်။

ဇမ္ဗူပတိရုပ်ပွားဆင်းတုတော်များသည် မကိုဋ်သရဖူ၊ နရတင်း၊ လည်ရွဲတန်ဆာ၊ လက်ကောက်လက်ကျပ်၊ခြေနင်း၊ မင်းရုပ်သဏ္ဌာန်၊ မင်းဝတ်တန်ဆာများ ဆင်ယင်လျက် ထုလုပ်ကိုးကွယ်ကြလေသည်။ ဤသို့သောမကိုဋ်ဆောင်းရုပ်ပွားဆင်းတုတော်များကို ထေရဝါဒဧကန်စင်စစ် ထွန်းကားရာဒေသများဖြစ်ကြကုန်သော မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်အရပ်ဒေသများ၊ ရှမ်းပြည်နယ် စသည်တို့မှသည် ထိုင်းနိုင်ငံတိုင်အောင် အနှံ့အပြားတွေ့ရှိရလေသည်။

တန်ခိုးကြီးမား၍ မာန်မာနခက်ထန်လှသော ဇမ္ဗူပတိမင်းကို အကြောင်းပြု၍ မင်း၏သဏ္ဌာန်သွန်းလုပ်ထားသော မြတ်စွာဘုရား၏ပုံတော်ကို ဇမ္ဗူပတိရုပ်ပွားဆင်းတုဟု ခေါ်လေသည်။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ပဉ္စာလတိုင်း၌ ဇမ္ဗူပတိမင်းသည် မင်းပြုလေ၏။ ထိုမင်းသည်မာန်မာနခက်ထန်လှသည်ဖြစ်ရကား မြတ်စွာဘုရား၏ ဥပသကာဖြစ်သော ဗိမ္ဗိသာရမင်းကို မထေမဲ့မြင်ပြု၏။ထိုမှတစ်ပါးလည်း မြတ်စွာဘုရားမှစေလွှတ်သော သိကြားမင်းကိုလည်း ဒေါသအမျက်ခြောင်းခြောင်းထွက်လျက်ဘက်ပြိုင်အံတု၏။ ထိုအခါ သိကြားမင်းသည် ဇမ္ဗူပတိမင်းအား ထူးထွေဆန်းပြားသော တန်ခိုးအာနုဘော်ဖြင့်ဘုရားရှင်ရှေ့တော်မှောက်သို့ ခေါ်ဆောင်လာလေသည်။ မြတ်စွာဘုရားလည်း ကြီးမားဆန်းကြယ်သော ဗိမာန်ကိုဖန်ဆင်းလျက် ထီးဖြူဆောင်း၍ ရတနာခုနစ်ပါးတို့ဖြင့် ပြီးသော ရာဇပလ္လင်ထက်၌ အထူးထူးသောအရောင်အဆင်းတို့ဖြင့် တောက်ပလျက် ဗြဟ္မာမင်းကဲ့သို့ ဖန်ဆင်းနေတော်မူသည်။ ဤအခြင်းအရာကို မြင်လတ်သော်ဇဗ္မူပတိမင်းသည် ပျတ်ဝပ်ကျိုးနွံရှိခိုးခြင်းဖြင့် မြတ်စွာဘုရား၏ ဆုံးမဩဝါဒကို ခံယူလေသည်။

ဤဖြစ်စဉ်ကို အကြောင်းပြုလျက် နှောင်းလူတို့က မြတ်စွာဘုရား၏ ပုံတော်ကိုပင် မကိုဋ်ဆောင်း၍မင်းမြောက်တန်ဆာတို့ဖြင့် သွန်းလုပ်ပူဇော်ကြလေသည်။ စကြ၀တေးမင်းနှင့် စပ်လျဉ်း၍ကား အောက်ပါအတိုင်းဖြစ်၏။

ဂေါတမဗုဒ္ဓသည် သာမဏေရဟန်းစင်စစ်ဖြစ်သော်ငြားလည်း သဒ္ဓါကြည်ညိုသူများက ဗုဒ္ဓသည် မင်းမျိုးမင်းနွယ်ဖြစ်ခဲ့သည်ကို မမေ့နိုင်ကြ။ ထို့အပြင် စကြ၀တေးမင်း၏ တန်ခိုးအာနုဘော်သည် စကြ၀ဠာတစ်ခွင်ပြန့်နှံ့သကဲ့သို့ ဗုဒ္ဓတရားတော်သည်လည်း စကြ၀ဠာတစ်ခွင်လုံး လွှမ်းခြုံပြန့်နှံ့သည်ဟူ၍ စကြ၀တေးမင်းနှင့်ဗုဒ္ဓကို ခိုင်းနှိုင်းပြီး ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကို မကိုဋ်မင်းနှင့် မင်းမြှောက်တန်ဆာဆင်လျက် ထုလုပ်ကြခြင်းဖြစ်လေသည်။

ဆက်လက်၍ ဗေဓိသတ္တရုပ်ပွားများနှင့် သက်ဆိုင်သောအချက်အလက်များကို ရှင်းလင်းပါမည်။ ဗောဓိသတ္တရုပ်ပွားမျိုးစုံ ရှိသည့်အနက် မကိုဋ်ဆောင်းရုပ်ပွားတော်များနှင့် စပ်လျဉ်၍ အရိမေတ္တယျ၊ မဉ္စူသီရိ၊အဝလောကီထေရသ ဟူသည့် ဗောဓိသတ္တသုံးဦးနှင့်သာ အများဆုံး သက်ဆိုင်လေသည်။ ဤသည်တို့အနက်
အရိမေတ္တယျသည် ဘဒ္ဒကမ္ဘာ၌ ဂေါတမဗုဒ္ဓနောက် ဘုရားအဖြစ် ပြန်လည်ပွင့်တော်မူမည်ဟု ထေရဝါဒတွင်လည်းကောင်း၊ မဟာယနတွင်လည်းကောင်း၊ မှတ်တမ်းတင်ခြင်း ခံရလေသည်။ ကျန်နှစ်ဦးမှာကား မဟာယနနှင့်သာ သက်ဆိုင်လေသည်။

ဤသည်တို့မှာ မကိုဋ်ဆောင်းရုပ်ပွားဆင်းတုများနှင့် စပ်လျဉ်း၍ ယေဘုယျအယူအဆများဖြစ်ပါသည်။ထိုမှတစ်ဖန်ဒေသကို လိုက်၍ ပိုမိုတိကျစွာ အတွင်းကျကျ နက်နက်ရှိုင်းရှိုင်းသရုပ်သကန် ခွဲခြားရသော် ရခိုင်တို့၏ထုံးတမ်းစဉ်လာ "မဟာကျိန်ဘုရား" ဆင်းတုတော်များနှင့် စပ်လျဉ်း၍ မလွဲမသွေတင်ပြရပေတော့မည်။ မဟာကျိန်ဗုဒ္ဓရုပ်ပွားတော်များသည် ရခိုင်မင်းအဆက်ဆက် ဘိသိက်ခံစဉ် "မင်းကျင့်တရားနှင့်အညီ ကျင့်ကြံအုပ်ချုပ်ပါမည်"ဟု ဗုဒ္ဓရုပ်ပွားတော်များရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုကြသည့် ဓလေ့ထုံးစံနှင့် ဆက်စပ်လျက် ရှိနေပေသည်။

အဆိုပါရုပ်ပွားဆင်းတုတော်များကို ခေတ်ကာလအလျောက် ဆင်မြန်းသည့် မင်းမြောက်တန်ဆာများကို အဆိုပါကျမ်းသစ္စာကျိန်ဆိုသော ရုပ်ပွားတော်များထံ၌ လှူဒါန်းလေ့ရှိကြသည်။ သို့အတွက် ဝေသာလီခေတ်အပါအဝင်ရခိုင်သမိုင်း၌ ရှေးအထက်ကျော်ကာရီခေတ်အဆက်ဆက်ကပင် မဟာကျိန်ဘုရားများ၌ မင်းမြောက်တန်ဆာများဖြင့် သွန်းပြုလေ့ရှိကြသည်။ ဝေသာလီခေတ်၌ ရှေးဟောင်း မကိုဋ်ဆောင်းရုပ်ပွားတော်များကို ဆန်းစစ်လျှင်ဆောင်းထားသော မကိုဋ်သရဖူများ၏ ပုံစံများသည်လည်းကောင်း၊ ဆင်ယင်ထားအပ်သော မင်းမြှောက်တန်ဆာအဝတ်အစားများသည်လည်းကောင်း၊ လက်ကောက် လက်ကျပ် လည်ဆွဲတန်ဆာများသည်လည်းကောင်း၊ ဆင်းတုတစ်ဆူနှင့်တစ်ဆူ မတူညီဘဲ ကွဲပြားကြောင်း တွေ့ရှိရပေသည်။ ဤသည်မှာ ဘိသိက်ခံမင်းတစ်ပါးနှင့်တစ်ပါး၏ဆင်ယင်မှုအပေါ်မူတည်၍ ပေါ်ပေါက်လာရခြင်းဖြစ်ပေမည်။

ဤမျှနှင့်ပင် ရခိုင်ဝေသာလီရှိ မကိုဋ်ဆောင်း ရုပ်ပွားဆင်းတုတော်များ၏ ယထာဘူတကျသော အရင်းခံအကြောင်းတရားများကို ဖော်ထုတ်ဖြေရှင်းနိုင်ပေပြီ။ တစ်ခုတော့ရှိပါသည်။ ဤသို့သော အကြောင်းတရားများကိုဖော်ထုတ်ရန် ဗုဒ္ဓအနုပညာချည်းသက်သက်ကို သိရှိရုံမျှဖြင့် မပြီးဘဲ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကိုနားလည်ထားရန် အထူးအရေးကြီးလှပေသည်။

တစ်ဆက်တည်းမှာပင် ထေရဝါဒနှင့်စပ်လျဉ်း၍ အခြားအထောက်အထားများကိုပါ ဆက်လက်ဆွေးနွေးရပါမည်။ ဝေသာလီခေတ်တွင် အေဒီ ၆ရာစု မတိုင်မီကပင် ရေးထိုးခဲ့သည့် "ယေဓမ္မာဂါထာ"ပါ ကျောက်စာများအကြောင်းကို ထပ်မံ၍ တင်ပြရပေဦးမည်။ အဆိုပါယေဓမ္မာဂါထာသည် ပင်မဗုဒ္ဓဘာသာ၏ အခြေခံသဘောတရား ဖြစ်ခြင်းကြောင့် ထေရဝါဒတွင်သာမက မဟာယနနှင့် သက်ဆိုင်သည်ဟု စောဒကတက်၍ရပါသည်။ေ

ယဓမ္မာဂါထာ၏နောက်ဆုံးအပိုဒ်တွင်ပါဝင်သော ]]မဟာသာမဏေ}}ဟူသော ပုဒ်အရ မြတ်ဗုဒ္ဓကို မြတ်သောရဟန်းကြီးဟူ၍ သတ်မှတ်ခြင်းသည် ထေရဝါဒ၏ အခြေခံသဘောတရားနှင့် တစ်ထပ်တည်း ကိုက်ညီလေသည်။နောက်ပိုင်းတွင်မူ အဆိုပါပုဒ်တွင် အခြားသောအစားထိုးမှုများကို တွေ့ရှိလာရလေသည်။ (ပုဂံခေတ် အနော်ရထာမင်းလက်ထက်တွင် ရေးထိုးထားသော ယေဓမ္မာဂါထာပါကျောက်စာများတွင်ပင် အဆိုပါပုဒ်နေရာ၌ ဂြိအနိရုဒ္ဓဒေ၀ ဟု အစားသွင်းမှုများ ရှိလာလေသည်။)

ဝေသာလီခေတ်ထိုးကျောက်စာများတွင်ကား ဤသို့သော အစားသွင်းခြင်းများကို မတွေ့ရဘဲ"မဟာသာမဏေ"ဟူသော ပုဒ်ကိုသာ တစိုက်မတ်မတ်သုံးစွဲခဲ့လေသည်။

နောက်ထပ်ခိုင်မာသော အထောက်အထားတစ်ရပ်ဖြစ်သော အာနန္ဒစန္ဒြမင်းကြီး၏ ဖခမည်းတော်ဓမ္မစန္ဒြရေးထိုးခဲ့သည့် စေတီတည်ကျောက်စာတွင် သတ္တဝါအပေါင်းတို့သည် အညစ်အကြေးသုံးပါးကို ဖယ်ရှားအပ်ကုန်သည်ဖြစ်၍ တဏှာတည်းဟူသော လှိုင်းတန်ပိုးတို့ဖြင့် ပြင်းထန်စွာ လှုပ်ရှားရိုက်ခတ်သည့် အသံမြည်ဟီးလျက်ရှိသော ဘ၀တည်းဟူသော သမုဒ္ဒရာမှ ကမ်းတစ်ဖက်(နိဗ္ဗာန်)သို့ ချမ်းသာစွာ ရောက်ကြပါစေသတည်းဟု ရေးထိုးထားလေသည်။

မူလသင်္ဂါယနာတင်ခဲ့သော ဂိုဏ်း(သို့မဟုတ်) မထေရ်ကြီးများ ပါဝင်သည်ကို အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သော သထဝီရဂုဏ်း (တစ်နည်း) ထေရဝါဒဂိုဏ်း၏အယူအဆကား တဏှာအပါအဝင်ဖြစ်သော ကိလေသာတို့ ချုပ်ငြိမ်းပါမှ ဒုက္ခခပ်သိမ်းကင်းငြိမ်းသော၊ ပြုပြင်စီရင်မှုကင်းသော၊ မဖောက်မပြန် တည်မြဲမှန်ကန်သောပရမတ်သစ္စာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရမည်ဟူ၍ ဖြစ်လေရာ အထက်က စေတီတည်ကျောက်စာပါအဓိပ္ပါယ်နှင့်တစ်ထပ်တည်းကျ၏။

အဆိုပါစေတီတည် ကျောက်စာကို အေဒီရှစ်ရာစုအစပိုင်းခန့်တွင် ရေးထိုးသည်ဟု ခန့်မှန်းရပါသည်။ထိုအချိန်တွင် အိန္ဒိယ၌ ဗုဒ္ဓဝါဒနှင့် ဟိန္ဒူဝါဒတို့ ရောထွေးလျက်တင်ထားသော မဟာယန၏ဆင့်ပွားဖြစ်သောတန္တရဝါဒ စတင်ပေါ်ထွန်းနေပြီဖြစ်လေသည်။ ထိုအယူဝါဒသည် မဟာယန၏နိဗ္ဗာန်အယူအဆတစ်ခုဖြစ်သောသုညတာဝါဒ (နိဗ္ဗာန်မည်သည် သုညဖြစ်သည်။) ဟူသောခံယူချက်ကို အရင်းခံလေသည်။ သုညသာလျှင် ပရမတ်ဓာတ်၊ သုညသာလျှင် ပရမတ္တသစ္စာ ဖြစ်၏။

သုညနှင့်လောကသည် တစ်ခုနှင့်တစ်ခု ထွေးရောယှက်တင်ဖြစ်၏။ တန္တရဝါဒီတို့အဖို့ ကောင်းမှု၊မကောင်းမှု၊ ကုသိုလ်၊ အကုသိုလ်ဟူ၍ ခွဲခွဲခြားခြားမပြောကြ။ သို့အတွက် အကောင်းနှင့်အဆိုး ဒွန်တွဲလျက်ရှိနေတတ်သော လောကဓမ္မတာပေါ်ပေါက်လာရ၏။ ထိုအခါ တန္တရဝါဒီတို့သည် တရားသိမြင်သူနှင် ကိလေသာကိုတစ်ထပ်တည်းရောစပ်၏။ သံသရာနှင့် နိဗ္ဗာန်ကိုလည်း ရောစပ်၏။

ဤသည်ပင်လျှင် ထေရဝါဒခံယူချက်များနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက် ရှိနေလေတော့သည်။ရခိုင်တွင် ဝေသာလီခေတ်ကပင် တန္တရဝါဒအယူအဆများ၊ မဟာယနယုံကြည်မှုများ မရှိခဲ့ပါချေ။ ဤအယူအဆနှင့် စပ်လျဉ်းသည့် အထောက်အထားများမှာ ခိုင်လုံမှု အင်အားနည်းပါးလှ၏။ ရုပ်ဝတ္ထုပစ္စည်းများအနေနှင့်မကိုဋ်ဆောင်းရုပ်ပွားတော်များကို လက်ညှိုးညွှန်ပြဖွယ်ရာ ဖြစ်နေသော်လည်း ဤကိစ္စကို အထက်တွင် ရှင်းလင်းခဲ့ပြီး ဖြစ်လေသည်။

အချို့သူတို့သည် ဝေသာလီခေတ်မှ မကိုဋ်ဆောင်း ရုပ်ပွားဆင်းတုများကို အရိမေတ္တယျရုပ်ပွားဆင်းတုများဟူ၍လည်းကောင်း၊ ဝေလောကီတေသရဆင်းတုတော်များဟူ၍လည်းကောင်း၊ အချိုးအစားခွဲခြားကြသည်။သို့သော် ဝေသာလီခေတ်တွင်ပင် ထေရဝါဒကိုးကွယ်မှု အထောက်အထားကလည်း မဟာယနရောယှက်နေကြောင်း လုံးထွေး၍ ကောက်ချက်ချကြ၏။

မည်သို့ဆိုစေ၊ မိမိတို့အစဉ်အလာမပျက် ခေတ်အဆက်က ကျင့်သုံးခဲ့ကြသည့် ရိုးရာဓလေ့ထုံးစံများကိုပါ သတိလက်လွတ်မဖြစ်စေဘဲ ရှိရင်းစွဲရုပ်ဝတ္ထု အထောက်အထားများဖြင့် ဆက်စပ်သုံးသပ်မှသာ တိကျသောအဖြေမှန်ကို ရရှိပေလိမ့်မည်။

ဒေါက်တာစောထွန်းအောင်

အကိုးအကား

၁။ ဗုဒ္ဓဘာသာ အနုပညာနိဒါန်း (တိုက်စိုး)
၂။ ရှေးဟောင်းသုတေသနညွှန်ကြားရေးဝန်၏ ၁၉၅၈-၅၉ခုနှစ် အစီရင်ခံစာ
၃။ THe Buddhist Art of Ancient Arakan (U San Tha Aung)
၎။ အာနန္ဒစန္ဒြရှစ်ရာစုမတိုင်မီ ရခိုင်ဝေသာလီမင်း(ဦးစံသာအောင်)

ဝန်ခံချက်။  ။ ကျိန်းရိပ်မြေ လက်ရွေးစင်ဆောင်းပါးပေါင်းချုပ်မှ ကူးယူဖော်ပြပါသည်။ 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။