ဘင်္ဂါလီ ပြဿနာနှင့် နိုင်ငံတကာတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှု

နေထွန်းနိုင်


မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတိပေးမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်များအား တွေ့ရစဉ်
ဧပြီ တတိယပတ် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ထုတ်ပြန်ချက် တစ်ရပ်မှာ ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံး သုံးစွဲရာက အစပြုပြီး ဘင်္ဂါလီ အရေး တစ်ကျော့ပြန် ခေါင်းထောင်လာပါတယ်။

ဒီအတွက် ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒ ထုတ်ဖော်တာတွေ ရှိခဲ့သလို ဒီစကားလုံး မသုံးစွဲဖို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတိပေးတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

မေ ၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရခိုင်အမျိုးသား ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက (ဘင်္ဂါလီ     ရိုဟင်ဂျာ အရေးကို တိုက်ရိုက် ဦးတည်တဲ့) နိုင်ငံသား ပြဿနာတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ အညီ ထိရောက်စွာ စိစစ်ဆောင်ရွက်ဖို့ အစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းပါတယ်။ ဒါကို ဆွေးနွေးဖို့ လွှတ်တော်က သဘောတူခဲ့ပါတယ်။


■ ဘင်္ဂါလီ ပြဿနာ

ဘင်္ဂါလီ ပြဿနာဟာ ဦးသိန်းစိန် အစိုးရ လက်ထက် တစ်လျှောက်လုံး အစိုးရကို ဖိအားပေးခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလမှာ နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂါလီတွေကို မှတ်ပုံတင် အလွယ်တကူ ထုတ်ပေး၊ ဆန္ဒမဲ ပေးစေခဲ့တဲ့ ဖြစ်စဉ်နဲ့ ၂၀၁၂ ခုနှစ် ရခိုင် ပဋိပက္ခ ဖြစ်စဉ် အပါအ၀င် နိုင်ငံအနှံ့ ဖြစ်ခဲ့တဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခ ဖြစ်စဉ်တွေကို ကြည့်ရင် အစိုးရဟောင်းဟာ ဘင်္ဂါလီ ပြဿနာ ကို အခြေတည်ပြီး မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ကိုင်တွယ်ခဲ့တာ ပေါ်လွင်စေပါတယ်။

ဒါပေမဲ့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲမှာ နိုင်ငံသား မဟုတ်သူတွေ၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို ဆန္ဒမဲ ပေးခွင့် မပြုခဲ့တာ၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ ပြတ်ပြတ်သားသား လုပ်ခဲ့တာတွေ ရှိပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံတကာ ဖိအားကို ရင်ဆိုင်တဲ့အခါ အပေးအယူ လုပ်ခဲ့တာတွေ ရှိခဲ့ပေမယ် ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံး သုံးစွဲခွင့် မပေးဘဲ နိုင်ငံတကာ တွေ့ဆုံမှု၊ ဒေသတွင်း အာဆီယံ ဆွေးနွေးပွဲတွေမှာ ပယ်ချခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီလို လုပ်ခဲ့တာတွေ ရှိပေမယ့် ဘင်္ဂါလီ ပြဿနာကို အစိုးရဟောင်းက အပြီးအပြတ် ဖြေရှင်း ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီလို မရှိခြင်းကပဲ ဘင်္ဂါလီ ပြဿနာဟာ NLD အစိုးရ အတွက် စိန်ခေါ်မှု ဖြစ်လာပါတယ်။

အာဆီယံ အပါအ၀င် နိုင်ငံတကာက မြန်မာ နိုင်ငံကို ဖိအားပေးတဲ့ နေရာမှာ ပြဿနာ နှစ်ရပ်ကို အခြေခံလေ့ ရှိပါတယ်။ ပထမ တစ်ခုက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ဖြစ်ပါတယ်။ ဒုတိယ တစ်ခု လူနည်းစု တိုင်းရင်းသားတွေရဲ့ တန်းတူမှု ရပိုင်ခွင့် ပြဿနာပါ။ ဒုတိယ ကိစ္စကို ပြောတဲ့အခါ ဘင်္ဂါလီ အရေးကို ဦးစားပေး ပြောလေ့ ရှိပြီး စစ်မှန်တဲ့ မြန်မာ တိုင်းရင်းသား အရေးကို မှိန်ချထားလေ့ ရှိပါတယ်။

ဘင်္ဂါလီ အရေး ပြောရာမှာလည်း မြန်မာနိုင်ငံတွင်း ပြဿနာ  အဖြစ် မပြောဘဲ မြန်မာမှာ တာဝန်ရှိတဲ့ ဒေသတွင်း ပြဿနာ အဖြစ် ပြောကြပါတယ်။ ဘင်္ဂါလီ အရေးကြောင့် ဖြစ်လာသမျှ ပြဿနာ တိုင်း အတွက် မြန်မာနိုင်ငံကို အပြစ် ပုံချပါတယ်။ တရားခံ ရှာလေ့ ရှိပါတယ်။


■ တိုင်းရင်းသား မဟုတ်

ဘင်္ဂါလီတွေဟာ မြန်မာ တိုင်းရင်းသား မဟုတ်ဘူး ဆိုတာ သမိုင်း အထောက်အထားတွေနဲ့ ထပ်ဖန်တလဲလဲ ပြောခဲ့ကြပြီးပါပြီ။ ဒါကို လက်မခံဘဲ ဘင်္ဂါလီဟာ မြန်မာ တိုင်းရင်းသား ဖြစ်တယ်၊ နိုင်ငံသား အခွင့်အရေး ပေးရမယ်လို့ ငြင်းချက်ထုတ်၊ အရေးဆိုနေကြသူတွေလည်း ရှိပါတယ်။

ဒီလို အရေးဆိုကြသူတွေထဲမှာ အများစုဟာ နိုင်ငံတကာမှာ မြန်မာ နိုင်ငံ၊ ရခိုင်ပြည်နယ်က ‘ရိုဟင်ဂျာ’ တွေပါလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်သူတွေ ဖြစ်ပါတယ်။ နောက်ထပ် အရေးဆိုသူတွေက ပြည်ပမှာ အကြောင်း အမျိုးမျိုးကြောင့် ခိုလှုံနေကြသူတွေ၊ အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို စွန့်ခွာသွားကြသူ တချို့ ဖြစ်ပါတယ်။

ဘင်္ဂါလီတွေကို နိုင်ငံသား အခွင့်အရေး ပေးရမယ်လို့ ပြောသူ အများအစုက ရိုဟင်ဂျာ အရေးကို လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ် ပြောကြပါတယ်။ တကယ်တော့ ဘင်္ဂါလီ အရေးကို လူ့အခွင့်အရေး ရှုထောင့် တစ်ခုတည်းက ကြည့်လို့ မရပါဘူး။ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု (territory) နဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဒီအတိုင်းပဲ ဘင်္ဂါလီ အရေးကို ဆန့်ကျင်တာနဲ့ ဒါကို မွတ်စလင် ဆန့်ကျင်ရေး ဒါမှမဟုတ် လူမျိုးရေး ခွဲခြား ဆက်ဆံမှု (racism) လုပ်တယ်လို့ စွပ်စွဲ ပြောဆိုလို့ မရပါဘူး။

ဒါ့အပြင် ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံက ဆင်းသက်လာသူတွေ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်က ရောက်ရှိလာသူတွေ ဆိုတာကို အခြေခံအားဖြင့် သိထားရမှာ ဖြစ်ပါတယ်။

‘ရိုဟင်ဂျာ’ ကို မြန်မာတိုင်းရင်းသား အဖြစ် ပြောလိုသူတွေ ကိုးကားကြတဲ့ အချက် နှစ်ချက် ရှိပါတယ်။

ပထမ အချက်က မြန်မာ့ စွယ်စုံကျမ်းမှာ ပါဝင်တဲ့ အချက် ဖြစ်ပါတယ်။

မြန်မာ့ စွယ်စုံကျမ်း အတွဲ ၉၊ စာမျက်နှာ ၈၉ မှာ ‘မေယု နယ်ခြား ခရိုင်’ အကြောင်း ဖော်ပြပါတယ်။

“မေယု နယ်ခြား ခရိုင်တွင် လူဦးရေ လေးသိန်းကျော် ငါးသိန်း နီးပါး ရှိ၏။ များသောအားဖြင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနှင့် တံငါ လုပ်ငန်းများဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅ ရာခိုင်နှုန်းခန့်) မှာ ရိုဟင်ဂျာ လူမျိုးများ ဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီး စသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်လျက် ရှိသည်” လို့ မြန်မာ့ စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။

ဒီနေရာမှာ ရိုဟင်ဂျာကို လူမျိုး အဖြစ်သာ သုံးပြီး တိုင်းရင်းသား လူမျိုးစု အဖြစ် မသုံးပါဘူး။

နောက်ထပ် ကိုးကားကြတဲ့ အချက် တစ်ခုက ရန်ကုန် အဝေးသင် တက္ကသိုလ် သမိုင်း ဘာသာရပ် ပထမနှစ် ပထ၀ီဝင် ဘာသာခွဲ စာအုပ် စာမျက်နှာ ၉၄ ဖော်ပြချက်မှာ ‘ရိုဟင်ဂျာ’ ကို minority ethnic group အဖြစ် သုံးခဲ့တာပါ။ အဲဒီ သင်ရိုးဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။

ကိုးကားချက် နှစ်ခု စလုံးရဲ့ အခြေခံဟာ ၁၉၅၅-၅၆ ခုနှစ် ဖဆပလ အစိုးရ ဦးနု လက်ထက်မှာ လုပ်ခဲ့တဲ့ အမှားကို အခြေခံတာ ဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်အလွန် ကာလ ရွေးကောက်ပွဲမှာ မဲရလိုဇောနဲ့ ဦးနု အစိုးရက ဘင်္ဂါလီတွေကို မြန်မာနိုင်ငံထဲ ၀င်ခွင့် ပေးခဲ့ပါတယ်။ ပြီးတဲ့နောက် ယာယီ နိုင်ငံသား လက်မှတ်၊ မှတ်ပုံတင်တွေ ထုတ်ပေးပြီး ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးစေပါတယ်။ အဲဒီက တစ်ဆင့် ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ အရေအတွက် ငါးသိန်း နီးပါး ရခိုင်ပြည်နယ်မှာ ရှိခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာ ဘင်္ဂါလီ စာရင်း ကောက်ယူမှု လုပ်ပါတယ်။ ၁၉၆၉ ခုနှစ်မှာ မြတ်မွန် စစ်ဆင်ရေး၊ ၁၉၇၄ ခုနှစ်မှာ စံပယ် စစ်ဆင်ရေးတွေနဲ့ စိစစ်မှုတွေ ဆက်လုပ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နဂါးမင်း စီမံချက် စတင်ပါတယ်။ နဂါးမင်း စီမံချက်ကြောင့် ဘင်္ဂါလီပေါင်း ၁၅၀၀၀၀ ကျော်ဟာ ဘင်္ဂါလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အဆိုအရ ဘင်္ဂါလီ ၂၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်း မှာပဲ ဘင်္ဂါလီပေါင်း တစ်သိန်း နီးပါး သတ်ဖြတ် ခံရတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံတကာ မီဒီယာတွေ ရေးခဲ့ကြပါတယ်။

၁၉၇၈ ခုနှစ်မှာ ဟင်္သာ စီမံချက် စတင်ပြီး တိမ်းရှောင် ဘင်္ဂါလီတွေကို ပြန်ပြီး လက်ခံပါတယ်။ ပြန်ဝင်လာတဲ့ အရေအတွက်ဟာ ၁၉၀၀၀၀ အထိ ရှိပြီး ထွက်သွားသူ အရေအတွက်ထက် ပိုများခဲ့ပါတယ်။

၁၉၅၅-၅၆ ခုနှစ် ဦးနု အစိုးရ လက်ထက် မတိုင်ခင်မှာ ‘ရိုဟင်ဂျာ’ မရှိခဲ့ပါဘူး။ ဒီနောက်ပိုင်းမှသာ ဖြစ်လာတာပါ။

ဒါကြောင့် ဒီအချိန်မှာ မြန်မာ တိုင်းရင်းသား ဖြစ်မှုနဲ့ ရိုဟင်ဂျာ ကိစ္စကို ပြောမယ်ဆိုရင် ၁၉၅၅ ခုနှစ် မတိုင်မီ ရှိခဲ့တဲ့ သမိုင်းနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စကို ရခိုင် တိုင်းရင်းသားတွေရဲ့ သမိုင်းနဲ့ ဆုံးဖြတ်ရမှာ ဖြစ်သလို ဦးနု မဲဝယ်ခဲ့တဲ့ သမိုင်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။


■ နိုင်ငံတကာ စွပ်စွဲမှု

မြန်မာနိုင်ငံ ဘက်က ငြင်းချက် ထုတ်ပေးမယ့် နိုင်ငံတကာမှာတော့ ‘ရိုဟင်ဂျာ’ ကို လူမျိုးစု တစ်ခုအဖြစ် ဖန်တီးထားပါတယ်။

သူတို့ရဲ့ ပြောဆိုမှုတွေအရ နိုင်ငံတကာမှာ နိုင်ငံမဲ့ နိုင်ငံသား ခံယူထားတဲ့ ရိုဟင်ဂျာ အမည်ခံ ၄ ဒသမ ၂ သန်း ရှိတယ်လို့ ဆိုထားပြီး ဒီလူတွေကို မြန်မာနိုင်ငံက အသိအမှတ်ပြုပြီး ပြန်လက်ခံရမယ်ဆိုတဲ့ သဘော ပုံဖော်လေ့ ရှိပါတယ်။

နိုင်ငံတကာမှာ ရိုဟင်ဂျာ အရေအတွက် များပြားရတဲ့ အကြောင်းရင်း တစ်ခုက ရိုဟင်ဂျာလို့ ပြောရင် အသိအမှတ် ပြုခံရပြီး အခွင့်အလမ်း များစွာ ရရှိကြလို့ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စွန့်ခွာ ထွက်ပြေးကြသူတွေဟာ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလို့ ပြောကြပါတယ်။ ပုံမှန် အားဖြင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း နယ်နိမိတ် ထိစပ်မှု သဘောအရ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ရှိတယ် ဆိုရင် သူတို့မှာလည်း ရိုဟင်ဂျာ ရှိရမှာပါ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်က သူတို့မှာ ရိုဟင်ဂျာ မရှိဘူး ပြောသလို အသိအမှတ် မပြုပါဘူး။ ဒါကို နိုင်ငံတကာကလည်း ဖိအားပေး ပြောဆိုတာ မရှိပါဘူး။ ဒီတော့ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ပြေး လာသူတွေက သူတို့ကိုယ် သူတို့ မြန်မာ နိုင်ငံက ရိုဟင်ဂျာလို့ ပြောပြီး နိုင်ငံတကာကို ခြေဆန့်ပါတယ်။

ဒါကို ပေါ်လွင်စေခဲ့တဲ့ အချက် တစ်ခု ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်း ရေမျောကမ်းတင် ဖြစ်နေတဲ့ လှေစီး ဒုက္ခသည် အရေးမှာ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။

အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်း လှေစီးပြေး ဒုက္ခသည်တွေကို စတင် တွေ့ရှိချိန်မှာ သူတို့ဟာ မြန်မာနိုင်ငံက လူတွေလို့ စွပ်စွဲခဲ့ကြပါတယ်။ လက်တွေ့ စိစစ်ချိန်မှာ အများစုက ဘင်္ဂါလားဒေ့ရှ် နိုင်ငံက ဖြစ်နေပါတယ်။ ၂၀၁၅ ခုနှစ် မေလထဲမှာ လှေစီးပြေး ဒုက္ခသည်တွေ ပါဝင်တဲ့ လှေနှစ်စင်းကို မြန်မာ့ တပ်မတော် တားဆီးပြီး ကူညီ ကယ်ဆယ်မှု လုပ်ခဲ့ပါတယ်။ ဒီလှေ နှစ်စင်းထဲက လူ ၂၀၈ ပါတဲ့ လှေမှာ မြန်မာနိုင်ငံက ရှစ်ဦးပဲ ပါခဲ့ပြီး လူ ၇၃၄ ဦးပါတဲ့ လှေမှာ မြန်မာနိုင်ငံက ၁၈၇ ဦးပဲ ပါဝင်ပါတယ်။ ကျန်တဲ့သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ထွက်ပြေးခဲ့သူတွေပါ။

ဒီလိုမျိုး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ထွက်ပြေးသူ အများစု ပါဝင်နေတဲ့ လှေစီးပြေး ဒုက္ခသည် အရေးမှာ မြန်မာကို အပြစ် ပုံချပြီး တရားခံ ရှာတာကို နိုင်ငံတကာ အပါအ၀င် အာဆီယံ ခေါင်းဆောင် အဟောင်း၊ အသစ် တွေကပါ လုပ်ခဲ့ကြပါတယ်။

လှေစီးပြေး ဒုက္ခသည်များ အရေးမှာ မြန်မာကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ သူတွေထဲမှာ အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း ဆူရင်ပစ် ဆူဝမ်၊ မလေးရှား ၀န်ကြီးချုပ်ဟောင်း ဘာဒါဝီ၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟောင်း ခါဆစ်ပီယိုမြှာ၊ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း အယ်လ်ဘာတို့လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီ အချိန်က အယ်လ်ဘာဟာ အစ္စလာမ္မစ် ကောင်စီ (OIC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ဖြစ်ပြီး သူ့နောက်ကွယ်မှာ OIC က ရပ်တည်ပေးခဲ့ပါတယ်။

OIC ဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာကို ရပ်တန့်ဖို့၊ နိုင်ငံသား အသိအမှတ် ပြုဖို့နဲ့ နေရပ် ပြန်နိုင်အောင် လုပ်ပေးဖို့ နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာ အစိုးရကို ဖိအားပေးဖို့ တွန်းအား ပေးခဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ မတည်မှုနဲ့ ရခိုင် ရိုဟင်ဂျာ ယူနီယံ ထူထောင်ဖို့ အထိ ပြင်ဆင်နေပါတယ်။

OIC လိုပဲ ဘင်္ဂါလီ အရေးမှာ မြန်မာနိုင်ငံကို ဖိအားပေး ပြောဆိုနေသူ နောက်တစ်ဦးက ဘီလျံနာ သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ် ဖြစ်ပါတယ်။ ဂျော့ဆိုးရော့စ်ဟာ Open Society Foundation (OSF) အဖွဲ့ကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပြီး International Crisis Group (ICG) ကို ထူ ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ တည်ထောင်ပေးခဲ့တဲ့ အဖွဲ့အစည်း များစွာ ရှိနေပြီး ဘင်္ဂါလီ အရေး တက်ကြွ လှုပ်ရှားသူတွေကိုလည်း ထောက်ပံ့မှုပေး၊ ဖိအားပေးစေခဲ့တာ ရှိပါတယ်။ အခုချိန် ထိလည်း သူတို့ရဲ့ ဖိအားပေးမှုတွေ ဆက်ရှိနေပြီး ဘင်္ဂါလီ အရေး ရှေ့တန်းတင် ပြောဆိုချင်သူတွေ၊ ဖိအားပေး လိုသူတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နေပါတယ်။

ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ပြောဆို လုပ်ကိုင်မှုတွေဟာ အဓိက ယိုပေါက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အပြစ်လွတ် မျက်နှာသာ ပေးထားပြီး ရခိုင်ပြည်နယ်ကို အမှိုက်ပုံ တစ်ခုအဖြစ် သဘောထား ပြောဆို နေကြပါတယ်။


■ ဒေါ်အောင်ဆန်းစုကြည် သဘောထား

ပြီးခဲ့တဲ့ ငါးနှစ်၊ ဘင်္ဂါလီ အရေး ဖိအားပေးမှုတွေဟာ ဦးသိန်းစိန် အစိုးရ အပေါ်မှာတင် သက်ရောက်မှု ရှိခဲ့တာ မဟုတ်ဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်ပါ သက်ရောက်မှု ရှိခဲ့ပါတယ်။

အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီး တာဝန် ယူထားပြီး ဖြစ်လို့ ဘင်္ဂါလီ အရေး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေက သူ့ဆီကိုပဲ ဦးတည်နေပါတယ်။

ဒါ့အပြင် ရှေ့လာမယ့် ငါးနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် နိုင်ငံတကာ အစည်းအဝေးတွေနဲ့ အာဆီယံ ဆွေးနွေးပွဲတွေကို တက်ရောက်ရမှာ ဖြစ်သလို သတင်းထောက်တွေရဲ့ မေးခွန်းကို ရှောင်လွှဲ မရတာတွေ ရှိလာပါမယ်။

ဒီအခါမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ အစရှိတဲ့ နိုင်ငံတွေက အစဉ်အလာမပြတ် လုပ်လာကြမယ့် ဘင်္ဂါလီအရေး ဖိအားပေးမှုနဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘင်္ဂါလီ အရေး သဘောထားကို ဆန်းစစ်ရင် မြန်မာ အပေါ် ဖိအားပေးနေတဲ့ နိုင်ငံတကာ အမြင်နဲ့ ဆန့်ကျင်တဲ့ သဘောထား ရှိပါတယ်။

၂၀၁၂ ခုနှစ် ဂျနီဖာမှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) ရဲ့ နှစ်ပတ်လည် ညီလာခံ မိန့်ခွန်းမှာ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ ပြဿနာ တွေကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ ပြဿနာတွေဟာ နယ်ခြား မလုံခြုံမှုကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ပြဿနာကို ထောက်ပြခဲ့ပါတယ်။

ဒီအတိုင်းပဲ ၂၀၁၃ ခုနှစ် ဗြိတိန်ကို ရောက်ရှိချိန် ဘီဘီစီ သတင်းဌာနနဲ့ အင်တာဗျူးမှာလည်း မြန်မာနိုင်ငံမှာ လူမျိုးသုဉ်း သတ်ဖြတ်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဖြစ်ခဲ့တဲ့ ပြဿနာက လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ဘူး။ နိုင်ငံတကာ အနေနဲ့ နားလည်ပေးဖို့ လိုတဲ့ အချက်က ကြောက်ရွံ့ ထိတ်လန့်မှုတွေဟာ မွတ်စလင် အသိုင်းအ၀ိုင်း ကြားမှာပဲ ရှိနေတာ မဟုတ်ပါဘူး။  ဗုဒ္ဓ ဘာသာဝင်တွေ မှာလည်း စိုးရိမ်မှုတွေ၊ ကြောက်ရွံ့ မှုတွေ ရှိနေတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ ခရီးစဉ်တိုင်းမှာ ဘင်္ဂါလီ အရေး နိုင်ငံတကာရဲ့ မေးမြန်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ မေးမြန်းမှုတိုင်းမှာ ဘင်္ဂါလီတွေကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုကြောင်း တစ်ကြိမ်မှ မပြောခဲ့ပါဘူး။

အခုလည်း အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ‘ရိုဟင်ဂျာ’ သုံးနှုန်းမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို သတိပေးမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုတာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အဖြစ် နိုင်ငံတကာ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီလို ဖော်ပြမှုတွေ ထဲမှာ အမေရိကန် အခြေစိုက် The New York Times သတင်းစာနဲ့ ဗြိတိန် အခြေစိုက် The Telegraph သတင်းစာ အပါအ၀င် အများစုက ဝေဖန် ပြစ်တင်တဲ့ မှတ်ချက် စကားတွေ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို အစိုးရ တာဝန်ယူပြီး ပထမဆုံး ဝေဖန် ပြစ်တင်လိုက်တာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါဟာ လူဝင်မှု ကြီးကြပ်ရေး ပြဿနာ ဖြစ်ပြီး လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး ပြဿနာ  ဖြစ်ပါတယ်။ ဒါကို ပြေလည်မှု ရဖို့ ဆိုရင် ဥပဒေအတိုင်း ဆောင်ရွက်မှပဲ ဖြစ်နိုင်မှာပါ။


■ ဘယ်လောက် ရှိနိုင်လဲ

နိုင်ငံသား မဟုတ်ဘဲ ရခိုင်ပြည်နယ်မှာ ရှိနေနိုင်တဲ့ ဘင်္ဂါလီ အရေအတွက်ဟာ နိုင်ငံတကာက ပြောဆိုနေတဲ့ ပမာဏ အထိ ရှိ၊ မရှိ ဆိုတာကို ဆန်းစစ် ရပါမယ်။

UNHCR ရဲ့ တရားဝင် အချက်အလက်တွေ အရ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည် စခန်း ၃၉ ခုမှာ ဒုက္ခသည် ၁၁၈၀၈၄ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ် ဧပြီထုတ် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ ဒီ မတိုင်ခင်မှာ ၁၄၀၀၀၀ ရှိတယ်ဆိုတဲ့ ပြောဆိုမှု ရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ အရေအတွက်နဲ့ ချိန်ထိုးပြီး ရခိုင်ပြည်နယ်တွင်းမှာ ဘင်္ဂါလီ အရေအတွက် ၈၀၀၀၀၀ နဲ့ ၁၁၀၀၀၀၀ ကြား ရှိတယ်လို့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ယာယီနိုင်ငံသား လက်မှတ် (၀ှိုက်ကတ်) ကိုင်ထားသူ အရေအတွက်ကို ကြည့်တဲ့ အခါ တစ်နိုင်ငံလုံး ၇၉၇၅၀၄ ဦး ရှိပြီး ဒီထဲမှာ ၆၆၆၃၈၁ ဦးက ရခိုင်ပြည်နယ်မှာ ရှိတယ်လို့ ဆိုကြပါတယ်။

မေ ၆ ရက်က ပြည်သူ့ လွှတ်တော်မှာ အဆို တင်ခဲ့တဲ့ ဒေါ်ခင်စောဝေရဲ့ ပြောကြားချက် အရ နိုင်ငံအနှံ့ ၀ှိုက်ကတ် ကိုင်ဆောင်ထားသူ ၉၉၀၀၁၆ ဦး ရှိပြီး ၄၉၂၆၃၄ ဦးဟာ ရခိုင်ပြည်နယ်ထဲမှာ ရှိနေတယ်လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်မှာ ရခိုင်ပြည်နယ် အတွင်း နေထိုင်သူ ဦးရေ ၃၁၈၈၈၀၇ ဦး (၃ ဒသမ ၁ သန်း) ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီစာရင်းဟာ တိကျမှု ရှိတဲ့ စာရင်း တစ်ခု မဟုတ်ပါဘူး။

ဘာကြောင့်လဲ ဆိုရင် လူဦးရေ ၃ ဒသမ ၁ သန်းမှာ ၂၀၉၈၈၀၇ ဦး (၂ သန်းကျော်) ကိုပဲ အမှန်တကယ် ကောက်ယူထားတာ ဖြစ်ပြီး ကျန်တဲ့ ၁၀၉၀၀၀၀ ဦး (၁ သန်းကျော်) ဟာ ခန့်မှန်း လူဦးရေ အဖြစ် ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ စာရင်း မကောက်နိုင်တဲ့ ဒေသတွေ၊ စာရင်း ကောက်ယူမှုကို ငြင်းဆန်ခဲ့တဲ့ ဒေသတွေ ရှိခဲ့တာကြောင့် ဒီလို ခန့်မှန်း ထည့်သွင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ဒုက္ခသည် စခန်းတွေမှာ အပါအ၀င် ရခိုင်ပြည်နယ်ထဲမှာ နိုင်ငံသား မဟုတ်ဘဲ ရှိနေတဲ့ ဘင်္ဂါလီ အရေအတွက်ဟာ တစ်သန်းအထက် မရှိနိုင်ပါဘူး။ ပျမ်းမျှအားဖြင့် ရှစ်သိန်းကျော်လောက်ပဲ ရှိနိုင်ပါတယ်။


■ ဘယ်လို ကိုင်တွယ်မလဲ

ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ အခြေအနေရ ဘင်္ဂါလီ အရေး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေက ဆက်ရှိ နေဦးမှာပါပဲ။

ဘာသာရေး လူမျိုးရေး လှုံ့ဆော်မှုတွေကြောင့် တိုင်းပြည် မတည်မငြိမ် ဖြစ်နိုင်သလို ဒီကိစ္စ အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြောင့် စီးပွားရေး လုပ်ကိုင် ဆောင်ရွက်မှု၊ ဒီမိုကရေစီရေး လုပ်ဆောင်မှုတွေမှာ အခက်အခဲ တွေ့စေနိုင်ပါတယ်။

ဒါအပြင့် နိုင်ငံတကာ မီဒီယာတွေရဲ့ ပုံဖျက် ဖော်ပြမှုတွေကြောင့်လည်း နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် ကျဆင်းစေပြီး အကြပ်ရိုက်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဟာ အရင် အစိုးရနဲ့ မတူဘဲ Moral Value ကို အခြေခံတဲ့ အစိုးရ ဖြစ်ပါတယ်။ ဒီအတွက် တချို့ ကိစ္စတွေမှာ အရင် အစိုးရက လျစ်လျူရှုထားလို့ ရပေမယ့် NLD အစိုးရ လက်ထက်မှာ မရတော့တဲ့ အခြေအနေတွေ ရှိပါတယ်။

အခုချိန် မှာလည်း နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတိပေးမှုကို အခြေခံပြီး ဘင်္ဂါလီ အရေး ဖိအားပေးမှု လုပ်ချင်တာတွေကို နိုင်ငံတကာ မီဒီယာတွေက လုပ်လာသလို မြိုင်ကြီးငူ ဆရာတော် ကိစ္စကို အကြောင်းပြုပြီး မြန်မာနိုင်ငံမှာ ဘာသာရေး အစွန်းရောက်မှု ကြီးထွားလာပြီလို့ လှုံ့ဆော် နေသူတွေလည်း ရှိလာပါပြီ။ ဒီ လှုံ့ဆော်မှုတွေထဲမှာ ထိလွယ် ရှလွယ် အဖြစ်ဆုံးက (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရလဒ် မတိုင်မီ ရှိခဲ့သော ပမာဏအရ) နိုင်ငံ လူဦးရေရဲ့ ကိုးကွယ်ရာ ဘာသာအလိုက် ၈၀ ရာခိုင်နှုန်း ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ၄ ရာခိုင်နှုန်း အထက် ရှိနေတဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဘင်္ဂါလီကိစ္စ အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးလိုသူတွေ ရှိနေတုန်းပါပဲ။ ဒါကြောင့် ဘင်္ဂါလီ အရေးဟာ သတိထား ကိုင်တွယ်ရမယ့် ကိစ္စ ဖြစ်နေပါတယ်။ ဒီအခါမှာ အရင် အစိုးရ မှားခဲ့တာတွေကို ဆက်မမှားဖို့၊ အမှားတွေကို အမှန်ပြင်ဖို့ လိုပါတယ်။

သမိုင်းကို ပြန်ကြည့်ရင် ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း အစ၊ ဦးနေ၀င်း အလယ် ဦးသန်းရွှေ အဆုံး မဲလိုချင်တဲ့ အခါ ဘင်္ဂါလီတွေကို အသုံးချ၊ legitimacy လိုချင်တဲ့ အခါ ရခိုင် တိုင်းရင်းသားတွေကို အသုံးချပြီး ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေကို ရန်တိုက်ပေးခဲ့ပါတယ်။ အခုချိန်မှာ ဒီလို လုပ်ဆောင်မှုတွေ ဆက်မဖြစ်ဖို့ပါပဲ။

ဒါကြောင့် ဘင်္ဂါလီ အရေးကို ဖြေရှင်းတဲ့ အခါ ရခိုင် တိုင်းရင်းသားတွေရဲ့ သဘော ဆန္ဒကို အလေးထားဖို့ လိုသလို အခုချိန်မှာ ဘယ်လိုမှ ပြင်ဖို့ မဖြစ်နိုင်သေးတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ကိုင်တွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအဖြစ် နေထိုင်သူတိုင်းကို နိုင်ငံသား မဟုတ်ဘူးလို့ မငြင်းပါဘူး။ ဒါ့အပြင် သူတို့ကို ရိုဟင်ဂျာ ခေါ်မလား၊ ဘင်္ဂါလီ ခေါ်မလား ဆိုတဲ့ အခေါ်အဝေါ် ပိုင်းမှာလည်း မငြင်းလိုပါဘူး။ အရေးကြီးဆုံးက နိုင်ငံသား ဟုတ်၊ မဟုတ် ဆိုတာကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်ဖို့ပဲ ဖြစ်ပါတယ်။

ဒုက္ခသည် စခန်း ရောက်နေသူတွေထဲမှာ နိုင်ငံသား အရည်အချင်း သတ်မှတ်ချက်နဲ့ ကိုက်ညီနိုင်သူတွေ ရှိပါတယ်။ ဒုက္ခသည် စခန်းတွေမှာ ရောက်နေသူ တစ်ချို့ ဆိုရင်လည်း ပဋိပက္ခတွေ မဖြစ်ခင်က ရခိုင် တိုင်းရင်းသားတွေနဲ့ နှစ်ကာလ ရှည်ကြာ အတူ နေထိုင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ ခိုးဝင်လာသူတွေကြောင့်သာ သူတို့လည်း ရောထွေးပြီး ဒုက္ခသည် စာရင်း ၀င်ခဲ့ကြရတာပါ။

ဒီလူတွေ အားလုံးကို နိုင်ငံသား စိစစ်ဖို့ ကလည်း ၁၉၈၂ ခုနှစ် ဥပဒေ တစ်ခုပဲ ရှိပါတယ်။ ဒီလို စိစစ်ရာမှာ ရခိုင်ပြည်နယ်တွင်း နေထိုင် နေသူတွေကိုပဲ စိစစ်ကြရမှာပါ။ နိုင်ငံပြင်ပမှာ ကိုယ့်ကိုယ်ကိုယ် ‘ရိုဟင်ဂျာ’ လို့ သတ်မှတ်ပြီး နေထိုင်ကြသူတွေကို စိစစ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာမှာ ရိုဟင်ဂျာ အမည်ခံ နေထိုင်နေတဲ့ ၄ ဒသမ ၂ သန်းကို လက်ခံဖို့ ဆိုတာ မြန်မာနိုင်ငံအတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။

ရခိုင်ပြည်နယ်အတွင်း နေထိုင်နေသူတွေကိုပဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်မယ် ဆိုရင် ပျမ်းမျှ လူဦးရေ ရှစ်သိန်း ၀န်းကျင်မှာ ၇၀ ရာခိုင်နှုန်းလောက်က နိုင်ငံသား အရည်အချင်းနဲ့ ကိုက်ညီသူတွေ ဖြစ်နိုင်ပါတယ်။  ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့် ရပြီ ဆိုရင် လွတ်လပ်စွာ သွားလာခွင့်နဲ့ ခရီး သွားလာခွင့်လည်း ရရှိကြမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံတကာရဲ့ ဖိအား ဘယ်လောက်ပဲ ရှိပါစေ၊ (၁) ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ မြန်မာ တိုင်းရင်းသား လုံးဝ မဟုတ်ပါဘူး၊ (၂) ဘင်္ဂါလီ ရိုဟင်ဂျာနဲ့ မွတ်စလင် မတူသလို ဘင်္ဂါလီ ရိုဟင်ဂျာကို ဆန့်ကျင်တာနဲ့ လူမျိုးရေး ခွဲခြား ဆက်ဆံမှု (racism) လုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ မရပါဘူး၊ ဒါဟာ လူမျိုးရေး၊ ဘာသာရေးနဲ့ မဆိုင်ဘဲ နိုင်ငံ့ အချုပ်အခြာ အာဏာနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်၊ (၃) ဘယ်သူမဆို နိုင်ငံသား ဖြစ်ခွင့် ရချင်ရင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ အဆုံးအဖြတ် ခံရမှာ ဖြစ်သလို ဘယ်သူ့ကို မဆို နိုင်ငံသား ဖြစ်ခွင့် ပေးမယ် ဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်း လုပ်ရမှာပါ။ ဥပဒေကို ကျော်လွန်ပြီး ဖြစ်စေ၊ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး ဖြစ်စေ နိုင်ငံသား အဖြစ် ခွင့်ပြုပေးဖို့ မဖြစ်နိုင်ပါဘူး၊ (၄) ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စ အပါအ၀င် နိုင်ငံသား အရည်အချင်း မကိုက်ညီသူတွေ နိုင်ငံတွင်း နေထိုင်နေကြခြင်းဟာ လူဝင်မှု ကြီးကြပ်ရေး ပြဿနာက တစ်ဆင့် ကြီးထွားခဲ့တာ ဖြစ်တဲ့အတွက် လူဝင်မှု ကြီးကြပ်ရေးကို တင်းကျပ်စွာ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်၊ (၅) ဘင်္ဂါလီ ရိုဟင်ဂျာ သမိုင်းကို ငြင်းခုံမယ် ဆိုရင် ၁၉၅၅ ခုနှစ် ဦးနု မဲဝယ်ခဲ့တဲ့ သမိုင်းနဲ့ ဆုံးဖြတ်လို့ မရဘဲ ဒီ မတိုင်ခင် ရှိခဲ့တဲ့ ရခိုင် သမိုင်းနဲ့ပဲ ဆုံးဖြတ်ရပါမယ်။
Writer:
နေထွန်းနိုင်
Opinions

http://news-eleven.com/opinions/18676
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။