ဘန်ကောက် မိုးပျံရထား ဘူတာရုံအနီးတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ မရှိဟု ရဲတပ်ဖွဲ့ပြောကြား
လူ ၂၀ သေဆုံးခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဘန်ကောက်မြို့လယ်ရှိ မိုးပျံရထား ဘူတာရုံတစ်ခု အနီး၌ အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁၈ ရက် မွန်းလွဲတွင် ပြောကြားခဲ့သည်။
“ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှု မရှိခဲ့ပါဘူး။ ပေါက်ကွဲတဲ့ ပစ္စည်းအမျိုးအစားကို စုံစမ်းစစ်ဆေးဖို့ အခင်းဖြစ်ပွားတဲ့ နေရာကို ရဲတပ်ဖွဲ့တွေ ရောက်ရှိနေပါပြီ” ဟု ယာနာဝါရဲစခန်းမှ အမည်မဖော်လိုသူ ရဲတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ဆာဖန်တက်ဆင် မိုးပျံရထားအနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီကျော်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖောက်ခွဲရေးပစ္စည်းသည် တူးမြောင်းအတွင်း ကျသွားခဲ့ပြီး ပေါက်ကွဲခဲ့ပြီးနောက် ရထားစီးခရီးသည်များက လူကူးတံတားတွင် အကာကွယ်ယူခဲ့ကြသည်ကို လုံခြုံရေးကင်မရာ မှတ်တမ်းများက ဖော်ပြခဲ့သည်။ ကျောက်ဖရားမြစ်ကို ဖြတ်ကျော်ဖောက်လုပ်ထားပြီး တူးမြောင်းကို အပေါ်မှ စီးမိုးထားသည့် တံတားပေါ်မှနေ၍ ဖောက်ခွဲရေးပစ္စည်းကို ပစ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ယာနာဝါရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဆာဖန်တက်ဆင် ဘူတာရုံသည် ရှန်ဂရီလာဟိုတယ်၊ မန်ဒရင်းအိုရီရင်တယ် ဟိုတယ်နှင့် ပြင်သစ်သံရုံးတို့နှင့် နီးကပ်သောနေရာ ဖြစ်သည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ ဘာသာရေးအဆောက်အအုံတစ်ခု အပြင်ဘက်၌ ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ယူဆရသည့် သံသယရှိသူ တစ်ဦးကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်က သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်ရှိ ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားရောက်သော နေရာတစ်ခုဖြစ်သည့် ဟိန္ဒူနတ်ဘုရား ဗိမာန်တစ်ခု၏ အပြင်ဘက်တွင် သြဂုတ် ၁၇ ရက်က ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုအတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းနေရာသည် ကြယ်ငါးပွင့် ဟိုတယ်ကြီးများနှင့် ဈေးဝယ်ကုန်တိုက်ကြီးများနှင့် နီးကြောင်း သိရသည်။ သေဆုံးခဲ့သူ ၂၀ ထဲတွင် တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံသားများ ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှုကြောင့် ပလက်ဖောင်းတစ်လျှောက် အလောင်းအစိတ်အပိုင်းများ ပြန့်ကြဲခဲ့ပြီး ပြတင်းပေါက်များ တုန်ခါကွဲကြေခြင်းနှင့် ဆိုင်ကယ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုသည် ထိုင်းနိုင်ငံတွင် အဆိုးရွားဆုံးတိုက်ခိုက်မှု ဖြစ်သည်ဟု အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။ သံသယရှိသူကို ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာရှိ လုံခြုံရေးကင်မရာမှတစ်ဆင့် မြင်တွေ့ခဲ့ရကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။ ယင်းသံသယရှိသူ အမျိုးသားသည် ထိုင်းအရှေ့မြောက်ပိုင်းရှိ အစိုးရဆန့်ကျင်ရေး အင်အားစုတစ်ခုမှ ဖြစ်သည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။ ယင်းဒေသသည် စစ်အစိုးရကို ဆန့်ကျင်သော ရှပ်နီလှုပ်ရှားမှုအဖွဲ့၏ အမာခံနယ်မြေ ဖြစ်သည်။
သို့သော် ယခုဗုံးခွဲမှုနှင့် ပတ်သက်၍ မည်သူကမျှ တာဝန်ခံ ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် စစ်အစိုးရက အတိုက်အခံများကို အလျင်အမြန် သံသယ၀င်ခဲ့ခြင်းနှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း သံသယရှိနေသည်။ ရှပ်နီများက အစိုးရအား ဖြုတ်ချရန်အတွက် ကြိုးပမ်းနေသည် ဆိုလျှင်ပင် ဟိန္ဒူ သို့မဟုတ် တခြားဘာသာရေး အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်လိမ့်မည်ဟု မိမိ မထင်မြင်ကြောင်း ထိုင်းလုံခြုံရေးဆိုင်ရာ အမှီအခိုကင်းသော ကျွမ်းကျင်ပညာရှင် ဇာချာရီအဘူဇာက သုံးသပ်ခဲ့သည်။ ယင်းကဲ့သို့ ပြုလုပ်ပါက ၎င်းတို့အား ထောက်ခံသူ အများအပြားက အမှန်တကယ် ဖယ်ကြဉ်သွားစေမည်ဟုလည်း ၎င်းက ဆိုသည်။
သြဂုတ် ၁၇ ရက်က ဗုံးခွဲတိုက်ခိုက်မှု ပုံစံသည် ထိုင်းတောင်ပိုင်းတွင် ခွဲထွက်ရေးအတွက် ဆယ်စုနှစ် တစ်ခုကျော်ကြာ တိုက်ခိုက်နေသော မွတ်စလင်သူပုန်များ၏ တိုက်ခိုက်မှု ပုံစံနှင့်လည်း မတူကြောင်း အဘူဇာက ပြောကြားခဲ့သည်။ စစ်ဘက်အဖွဲ့ခွဲများနှင့် ဆက်နွှယ်သော အဖွဲ့များသည်လည်း သံသယရှိသူ ဖြစ်နိုင်ခြေရှိကြောင်း ထိုင်းနိုင်ငံရှိ အရှေ့တောင်အာရှရေးရာဌာနမှ သုတေသန ညွှန်ကြားရေးမှူး ပေါချန်ဘားက သုံးသပ်ခဲ့သည်။ တိုက်ခိုက်သူများသည် ထိုင်းစီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအား ဖျက်ဆီးပစ်ရန်နှင့် အစိုးရကို သိက္ခာချရန်အတွက် ရှင်းရှင်းလင်းလင်း ရည်ရွယ်ထားကြောင်း ကာကွယ်ရေးဝန်ကြီး ပရာဝတ်ဝေါင်ဆူဝမ်က ပြောကြားခဲ့သည်။
____ Eleven Media Group
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။