သတင်းဆောင်းပါး - ဇော်မင်းထွန်း ||
နိုင်ငံရေးလှုပ်ရှားမှုများကို ပြည်ပတွင်၂၄နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးပြီးခဲ့သည့်၂၀၁၂ခုနှစ်၊ဩဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကာလက်ရှိအချိန်တွင်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲစားပွဲဝိုင်းတွင် အမျိုးသမီးတစ်ယောက်အနေဖြင့် တွေ့မြင်နေရသည့် ရခိုင်အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းကို The Ladies ဂျာနယ်က ဆက်သွယ်မေးမြန်းခဲ့သည်။
၎င်းသည်ငယ်စဉ်ကတည်းကနိုင်ငံရေးကိုစိတ်ဝင်စားခဲ့သူဖြစ်ပြီးငယ်စဉ်အခါက မြေဖြူကိုင်သည့်ဆရာမဘ၀မှ သေနတ်ကိုင်တော်လှန်ခဲ့သူတစ်ယောက်ဖြစ်ခဲ့ကာ အသက်အရွယ် ရလာသည့်အခါ ပြောင်းလဲလာသည့် ခံယူချက်များကြောင့် အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေး အတွက်စားပွဲဝိုင်းပေါ်တွင် အဖြေရှာလာခဲ့သူတစ်ယောက်လည်း ဖြစ်သည်။
ဒေါ်စောမြရာဇာလင်းနှင့် မေးမြန်းခွင့်ရရှိစဉ် ၎င်းတွေ့ကြုံဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး လှုပ်ရှားမှု၊ လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲအခြေအနေနှင့် နိုင်ငံတော်သမ္မအပေါ် ၎င်း၏ ယုံကြည်မှုအတိုင်း အတာအစရှိသည်တို့ကိုသိရှိခဲ့ရသည်။
သူမသည် ကျောင်းသူဘ၀တွင် ဦးဥတ္တမအကြောင်းသင်ခဲ့ရချိန်၊ သမိုင်းဘာသာရပ်ကို စတင်သင်ကြားခဲ့ရချိန်ကတည်းက ရခိုင်ဘုရင်မင်းများအကြောင်းကို စိတ်ဝင်တစားရှိခဲ့ပြီး မိဘများက ပြောပြဆုံးမခဲ့သည့် မျိုးချစ်စိတ်အရင်းခံများကြောင့် နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်လိုစိတ် ပြင်းပြခဲ့သည်ဟု ဆိုသည်။
ထို့နောက် ၁၉၈၁ ခုနှစ်တွင် ပေါ်ထွက်ခဲ့သည် ရခိုင်ဥက္ကဋ္ဌခိုင်မိုးလင်း၊ကျဆုံးသွားခဲ့ရာမှ အစပြု၍ တော်လှန် ရေးလုပ်သူများကို လိုက်လံရှာဖွေလိုစိတ် ပြင်းပြလာခဲ့ သည်။ ဒေါနတောင်တန်း၊ ကရင်ပြည်နယ်နယ်စပ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက လူတွေရှိနေသေးသည်ဆိုသည့် သတင်းကြောင့် ယင်းတောင်တန်းဘက်က လူများနှင့် ဆက်သွယ်နိုင်ရန်တိတ်တဆိတ်ကြိုးစားခဲ့ပြီး ထိုနေရာသို့ လျှို့ဝှက်သွားရောက်လေ့လာ ခဲ့သည်။ သူမ၏လှုပ်ရှားမှုများ အကောင်အထည်ဖော်ရန် အခွင့်အရေးတစ်ခုရလာခဲ့သည်။ ၎င်းမှာ ၁၉၈၈ ကျောင်းသား လှုပ်ရှားမှုအရေးအခင်းပင်ဖြစ်သည်။ သူမသည် ရခိုင်ပြည်အတွက် အဓိကတက်ကြွလှုပ်ရှားသည့် ခေါင်းဆောင် အမျိုးသမီးတစ်ယောက် အဖြစ် ဆောင်ရွက်ခဲ့သည်။
သူမက ၁၉၈၈ ခုနှစ်အရေးအခင်းကာလက ရင်တုန်စိတ်လှုပ်ရှားခဲ့ရသည့် အသက်ဘေးနှင့်ကြုံတွေ့ခဲ့ရသည်များ ကိုပြောပြသည်။
‘အဲဒီအချိန်မှာတုန်းက ကျွန်မတို့မြို့တွေကိုလည်း ကျွန်မဇာတိဖြစ်တဲ့ရသေ့တောင်မြို့ကို လည်း သိမ်းတယ်။ ၁၉၈၈ ခု၊ ဩဂုတ် ၉ ရက်မှာ စစ်တွေမြို့ဝင်္ကပါကွင်းမှာဆိုရင် ပထမဦးဆုံးဒီမိုကရေစီတရားဦးကိုဟောခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီလိုနဲ့ပဲ ၁၉၈၈ ခုနှစ်စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်မှာ နည်းမျိုးစုံနဲ့ကျွန်မကိုလိုက်လံရှာဖွေတယ် ကြားနေရတာပေါ့။ သေနတ်ကိုပါးစပ်မှာစွပ်ပြီးတော့ပစ်လိုက်မယ်။အဲဒီလိုမျိုးခြိမ်းခြောက်သံတွေကလည်း နေရာတကာတိုင်းမှာကြားရတယ်’
၈၈ခုနှစ်တိုက်ပွဲသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မအောင် မြင်ခဲ့သော်လည်းနိုင်ငံရေးဆက်လုပ်ချင်သည့်ဆန္ဒ၊တိုင်းပြည်ကို ပြောင်းလဲလိုသည့်စိတ်ဓာတ်ဖြင့်ဘင်္ဂလား ဒေရှ့်နယ်စပ်သို့ထွက်ပြေးခဲ့သည်ဟုဆိုသည်။
‘ဒီအစိုးရကတစ်နေ့နေ့တစ်ချိန်ချိန်မှာအာဏာသိမ်းချင်းမယ်ဆိုတာကိုရိပ်မိတယ်။၁၈ရက်နေ့မှာအာဏာသိမ်းတယ်၊၂၁ရက်နေ့သန်း ခေါင်ညမှာကျွန်မတို့ထွက်တယ်။ပြီးလို့ရှိရင်ကျွန်မတို့မယူမြစ်ကို လှော်တက်နဲ့အရမ်းအမြန်လှော်ပြီးတော့ဒီ မြစ်ကိုဖြတ်တယ်။ပြီးတော့မယူ တောင်တန်းမှာသုံးရက်လောက်ခိုလှုံတယ်။ပြီးတော့၈၈မှာရုံးတွေကိုသိမ်းထားနိုင်တဲ့အချိန်မှာကျွန်မတို့လွှတ်ပေးခဲ့တဲ့လူတွေထဲကစက်လှေတစ်စင်းကိုယူပြီးတော့မှပဲကျွန်မတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ခွာသွားပြီးတော့မှပဲအဲဒီဘင်္ဂလားဒေ့ရှ်နယ်စပ်မှာပဲကျွန်မနိုင်ငံရေးလုပ်ခဲ့တာ ဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်သွားတာကတော့၁၉၈၈ခုနှစ်၊စက်တင်ဘာလ၂၄မှာ ရောက်သွားတာ ဖြစ်ပါတယ်’
ပြီးခဲ့သည့်မတ်လ ၁၇ ရက်နေ့မှစတင်ကာ ၆ ရက်တိုင်တိုင်ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူတစ်ဦးအနေဖြင့် ငြိမ်းချမ်းရေးကို စိတ်အားထက်သန် စွာ ဖြစ်ချင်တာကြာပြီ’ ဟု သူမကဆိုသည်။
‘နိုင်ငံရေးအပြောင်းအလဲကို လုပ်မယ်ဆိုရင်စစ်ဖြစ်လို့တော့မရဘူး။ တိုင်းရင်းသားဆိုတာ အားလုံးကိုပြောတာပါ။ ဗမာအပါအဝင်ပေါ့လေ။ ကျွန်မတို့မောင်နှမတွေ သေနေကြတာ ပဲဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးကိုစားပွဲပေါ်မှာတင်ပြီးတော့ အဖြေရှာဆွေးနွေး ရအောင်ဆိုပြီးတော့မှပဲ ရခိုင်အမျိုးသမီးများ အစည်းအရုံးအနေနဲ့ ကျွန်မတို့ဆော်ဩ လာခဲ့တာ တော်တော်ကြာပါပြီ’ဟုသူမကစိတ်မကောင်းသည့်လေသံဖြင့် ပြောသည်။
သူမသည်ငြိမ်းချမ်းရေးစာပွဲဝိုင်းသို့ ရောက်ရှိလာခဲ့ပြီး NCCT ၏အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပုံ NCA နှင့်ပတ်သက်၍ သူမဆောင်ရွက်နေသည်များကို ပြောပြသည်။
‘ကျွန်မတို့တိုင်းပြည်ရဲ့ပြဿနာကို ဖြေရှင်းမယ်ဆိုရင် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့လို တယ်။ ကျွန်မတို့ကသမ္မတကြီးဦးသိန်းစိန်တက်လာတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို နိုင်ငံရေးဆွေးနွေးမယ်ဆိုပြီးတော့ ဖိတ်ခေါ်တယ်။ ဒီဖိတ်ခေါ်ချက်ကို ပုဂ္ဂိုလ်အရလက်ခံတယ်။ ကျွန်မတို့ပါတီကို လည်းဒီစားပွဲခုံပေါ်ရောက်အောင် တိုက်တွန်းတယ်။ အဲဒီလိုနဲ့ပဲကျွန်မတို့ ပါတီကနိုင်ငံရေးစားပွဲခုံပေါ် ရောက်လာပါတယ်။ ပြည်ထောင်စုအဆင့်ကိုတော့ လက်မှတ်မထိုးနိုင်သေးပေမယ့်လို့ကျွန်မတို့က ပြည်နယ်အဆင့်ကိုလက်မှတ်ထိုးထားတဲ့ပါတီဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဧပြီ ၅ ရက်၊ ၆ ရက်မှာ ပြည်နယ်အဆင့်ကို လက်မှတ်ထိုးနိုင်ခဲ့တယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလကနေပြီးတော့ ကျွန်မတို့ NCCT ကိုဖွဲ့ပြီးတော့ နိုင်ငံရေးကိစ္စတွေကို NCCT နဲ့ UPWC အတွင်းမှာ ဆွေးနွေးမယ် လို့ ဖြစ်လာတဲ့အချိန်မှာလည်း ကျွန်မဟာဆိုလို့ရှိရင် NCCT ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။ အဲဒီလိုပါဝင်လာခဲ့ရင်းနဲ့ ကျွန်မတို့အခန်း၁၂ခန်းရှိတဲ့ NCA ကို ဆွေးနွေး လာခဲ့ကြတာ သိကြတဲ့အတိုင်းပဲ နှစ်ပတ်လည်ကျော်ခဲ့ပါပြီ။ သိကြတဲ့အတိုင်းပဲ စက်တင်ဘာမှာမညီမညွတ်တဲ့အကြောင်းတွေ ရှိတာမို့ တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားခဲ့ရတယ်။ အခုက ဒီမတ်လဆွေးနွေးပွဲမှာ NCA မှာပါတဲ့ အချက်တော်တော် များများကို သဘောတူညီချက်တွေရခဲ့ကြတယ်။ ၇ ရက်လောက်နားပြီးတော့မှ မတ်လ၃၀ ရက်နေ့မှာ ပြန်ပြီးစတင်ဆွေးနွေးဖို့လျာထားကြပါတယ်’ဟု ပြောသည်။
တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးကိုယုံကြည်ချက်ဆိုတာ ထက် မျှော်လင့်ချက်ဟု ပြောလျှင်ရကြောင်းသူမကပြောသည်။
‘ယုံကြည်တယ်ဆိုတာထက်ကို မျှော်လင့်နေကြတာပါပဲ။ အပစ်ရပ်ဖို့အပစ်မရပ် လို့ရှိရင်နိုင်ငံရေး ဆွေးနွေးပွဲစားပွဲခုံပေါ်ကို ရောက်ဖို့ဆိုတာမလွယ်ဘူး။ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် NCA ဟာအရေးကြီးတယ်။ NCA ထိုးပြီးသွားပြီဆိုရင် စစ်သည်တော်များ လိုက်နာရမည့်ကျင့်ဝတ်များဆိုတာပါသလိုပဲ NCA မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို သဘောတူလက်မှတ်ထိုးလိုက်ပြီး တဲ့ နောက်မှာဆိုလို့ရှိရင်တကယ်လို့များချိုးဖောက်တယ်ဆိုလို့ရှိရင်ဘယ်သူကချိုးဖောက်တယ်ဆိုတာကို စောင့်ကြည့်ဖို့အတွက်အဖွဲ့တွေကိုလည်းအဆင့်ဆင့်ဖွဲ့စည်းဖို့ရာအတွက် ဒီအချက်တွေထဲမှာ ပါပြီးသားဖြစ်ပါတယ်’ဟု၎င်းကဆက်ပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကြောင့်သူမ မြန်မာနိုင်ငံသို့ပြန်လာခဲ့ခြင်းဖြစ်ပြီးသမ္မတဦးသိန်းစိန်ကိုအလုံးစုံယုံကြည်မှုရှိနိုင်မရှိနိုင်သည် ပြောရခက်ကြောင်း၎င်းကဆိုသည်။
‘ဒါကတော့လူပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ တစ်ဦးကလုံးလုံးလျားလျားယုံကြည်တယ်မယုံကြည်ဘူး ဆိုတာကတော့ ပြောဖို့အင်မတန်မှခက်တဲ့စကားပဲဖြစ်ပါတယ်။ဘယ်သူတွေကိုပဲ ဖြစ်ဖြစ်သတိနဲ့တော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်မအနေနဲ့တော့ဆုတောင်းပါတယ်။ သမ္မတကြီးဦးသိန်းစိန်ဟာ အခုပြောနေတဲ့စကားတွေတည်ပြီးတော့မှကျွန်မတို့ သွားနေတဲ့ငြိမ်းချမ်းရေးကိုသမ္မတကြီးဦးဆောင်မှုနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေလို့သမ္မတကြီးကိုလည်းကျွန်မအနေနဲ့မေတ္တာပို့ပါတယ်’ ဟု ပြောသည်။
သမ္မတကပေးမည့်ဖက်ဒရယ်မူကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မှာ စောလွန်းနေသေးကြောင်း သူမကဆိုသည်။
‘အခုလောလောဆယ်မှာတော့ ပြည့်စုံတယ်မပြည့်စုံဘူးဘာမှပြောလို့မရသေးဘူး။ ဒီ Text မှာပါတဲ့အတိုင်းပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေ ခေါ်ဦးမှာကိုး၊အဲဒီညီလာခံကထွက်ပေါ်လာတဲ့အတိုင်းပဲ ဆောင်ရွက်ရမှာဖြစ်တယ်။အစောကြီးရှိပါသေးတယ်}
NCCT ၏ငြိမ်းချမ်ရေးဆွေးနွေးပွဲသို့ UWSA က တက်ရောက်နိုင်ခြင်းမှုမရှိခြင်းအတွက် ‘တချို့ကတော့ကျန်းမာရေးမကောင်းလို့အမြဲတမ်းလာနေတဲ့လားဟူအဖွဲ့ကတော့မ ရောက်နိုင်ဘူး။တခြားအဖွဲ့တွေကတော့ တခြားလူတွေ ဖြေတဲ့အထဲမှာလည်းပါသွားပါတယ်။ ကျွန်မလက်ထဲမှာစကာလုံးတွေအသေအချာအတိအကျမရှိနိုင်တော့ ကျွန်မလည်းမပြောချင်ပါ’ဟုဆိုသည်။ ဆွေးနွေးပွဲမတက်ရောက်သည့် အဖွဲ့အစည်းများ၏ ခံယူချက်ကိုလည်း သူမမှတ်ချက်မပေးနိုင်ပါဟုပြောသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံသားရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်တစ်ယောက်ကို လက်ထပ်ထားသည့် သူမအနေဖြင့် တစ်မိသားစုလုံး မြန်မာနိုင်ငံသို့ အပြီးပြောင်းရွှေ့နေထိုင်ရေးသည် ယတိပြတ်ပြောလို့မရနိုင်သေးဟု သူမကဆိုသည်။
‘တိုင်းပြည်ကြီးတစ်ခုလုံး အပြောင်းအလဲကြီးဖြစ်ပြီးရင်တော့ မလာဘူးလို့လည်း ကျွန်မတို့အနေနဲ့ မပြော နိုင်ပါဘူး။ ကလေးတွေဆိုရင်လည်း ဗုဒ္ဒဘာသာ မိဘနှစ်ပါးစလုံးက မွေးဖွားလာတဲ့ ကလေးတွေဖြစ်တာ မို့လို့ မြန်မာနိုင်ငံ အပေါ်မှာတော့ သံယောဇဉ်ရှိသလိုပဲ။ ရခိုင်ပြည်ကို သူတို့တွေရဲ့ တက်စွမ်းထားတဲ့ပညာတွေနဲ့ အလုပ်လုပ်ပေးချင်တဲ့စိတ်တွေလည်းရှိကြပါတယ်။ အနာဂတ်မှာပဲ ဆွေးနွေး ဆုံးဖြတ်ရမှာပါ’ဟုပြောသည်။
သူမသည် မြန်မာနိုင်ငံက အမျိုးသမီးများနိုင်ငံရေးနယ်ပယ်ထဲဝင်လာရန်နှင့်ပတ်သက်၍ ‘ကျွန်မကတော့ တော်လှန်ရေးထဲမှာ အင်မတန်မှဒုက္ခမျိုးစုံနဲ့ခံခဲ့ရတဲ့သူတစ်ယောက်ပါ။ ဆိုတော့ တော်လှန်ရေးဆိုတာ ကြမ်းတမ်းတယ်။ မြန်မာနိုင်ငံအတွင်းမှာလုပ်ရတာ နဲ့ နိုင်ငံခြားမှာလုပ်ရတာ အင်မတန်မှကွာခြားတယ်။ တော်လှန်ရေးနယ်ပယ်ဘက်ခြမ်းမှာ ရှိနေတဲ့အနေအထားနဲ့ အနောက်ဘက်ခြမ်းမှာရှိနေတဲ့ အနေအထားက အင်မတန်မှကွာဟချက်တွေရှိပါတယ်။ အဲဒီအပေါ်မှာ ကျွန်မကပြောသမျှ ကို တော်လှန်ရေးအတွေ့အကြုံတွေ ကို နားထောင်လိုက်ရင် တချို့လူတွေက အကြောက် အလန့်တွေ ဖြစ်နိုင်ပါတယ်။ တော်လှန်ရေး၊ နိုင်ငံရေးဆိုရင် လုပ်စရာမဟုတ်ဘူး ဆိုပြီးတော့ မြင်သွားနိုင်တဲ့အမြင်တွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မပြောချင်တာကတော့ ဒီနိုင်ငံမှာနေတဲ့ လူသားအားလုံးဟာဆိုရင် ဒီနိုင်ငံအတွက်စဉ်းစားရမယ်။
ဒီနိုင်ငံတိုးတက်ရေးအတွက် အလုပ်လုပ်ရမယ်။ အစိုးရလိုအပ်ချက်တွေ ကို ထောက်ပြပြီးတော့မှ ပြောဆိုခွင့်တွေရှိတယ်၊ မပြောင်းနိုင်သေးတဲ့အနေအထားတွေ ကို ပြောင်းအောင်ကြိုးစားဖို့လိုပါတယ်။ အဲဒါကြောင့်မိုလို့ နိုင်ငံရေးကို လူတိုင်းပါဝင် လုပ်ဆောင်ဖို့အတွက် ကျွန်မတိုက်တွန်းသလိုပဲ အခုလုပ်နေတဲ့ ပရောဆက်တွေမှာကြည့် လိုက်လို့ရှိရင် အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချတဲ့အဆင့်မှာ အင်မတန်မှနည်းပါတယ်။ ကျွန်မကိုယ်တိုင်လည်းပဲ ဘယ်လောက်ထိ နိုင်ငံတော်အဆင့်ကို ရောက်နေရောက်နေ ပတ်ဝန်းကျင်မှာ သိပ်ခံစားလောက်အောင်အထိ အမျိုးသမီးတစ်ယောက်မို့လို့ မသွားနိုင် မလာနိုင်တဲ့ကိစ္စတွေရှိနေတဲ့အနေအထားတွေမှာ နည်းမျိုးစုံနဲ့ပဲ စိတ်ထဲမှာတော့ ဘယ်လိုပြောရမလဲချိုးနှိမ်ခံရ တယ်လို့ ခံစားချက်မျိုးလည်းရှိပါတယ်။ ပြီးရင် မြန်မာ့လူ့ဘောင်အသိုက်အဝန်းကြီးကိုကြည့်လိုက်ချိန်မှာအမျိုးသမီး ခေါင်းဆောင်တွေအပေါ်မှာ ထိုက်ထိုက်တန်တန် လေးစားသမှုတော့မရှိကြဘူး၊ အဲဒါတွေတော့ ကျွန်မတို့ နေရာတကာတိုင်းမှာကြုံရတယ်။ အဲဒါကြောင့်မိုလို့ ကျွန်မတို့အမျိုးသမီးတွေ တစ်ယောက်ကို တစ်ယောက်အများကြီးပံ့ပိုးဖို့လိုတယ်။ ပြီးရင်အမျိုးသားတွေ လည်း အောင်မြင်တဲ့အမျိုးသမီးတွေ ဖြစ်လာဖို့အတွက် ဝိုင်းဝန်းပံ့ပိုးတတ် တဲ့အမျိုးသားကောင်းတွေဖြစ်ပေါ်လာဖို့ မြန်မာနိုင်ငံမှာ အများကြီးလိုအပ်တယ်။
အဲဒါကြောင့် အားလုံးကို မေတ္တာရပ်ခံချင်တာက ကျွန်မတို့အခုသွားတဲ့အနေအထားမှာ အမျိုးသမီးတွေ အများကြီးပါလာဖို့လိုအပ်တယ်။ အမျိုးသမီးပေါင်းများစွာဟာ ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ၊ ထိပ်တန်းနေရာတွေမှာပါဝင်ဖို့အတွက်ကိုတော့ အားလုံးဝိုင်းဝန်းကြိုး စားကြပါလို့ ကျွန်မအနေနဲ့တိုက်တွန်းပါတယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသမီးတွေကိုယ် တိုင်က စိတ်ဓာတ်တွေကို ပြင်ဆင်ဖို့လိုပါတယ်။ ငါဟာခေါင်းဆောင်ဖြစ်ဖို့လိုတယ်၊ ငါဟာ ခေါင်းဆောင်နဲ့ထိုက်တန်တယ်၊ ငါ့နိုင်ငံနဲ့ငါဟာ ထိုက်တန်တယ်ပေါ့နော်။ ငါ့တိုင်းပြည် ငါ့ပြည်နယ်နဲ့ငါထိုက်တန်တယ်၊ ငါ့ရွာနဲ့ငါထိုက်တန်တယ်ဆိုတဲ့ အယူအဆတွေ အတွေး အခေါ်တွေ အမျိုးသမီးတွေကိုယ်တိုင်ကလည်း စိတ်ဓာတ်ထက်သန်စွာဖြစ်ဖို့ကလည်း အရေးကြီးတယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်။ အဲဒါကြောင့်မိုလို့ ကြံ့ကြံ့ခံပြီးကြိုး စားပြီးတော့မှပဲ အမျိုးသမီးတွေ တကယ့်ကိုသတ္တိရှိတဲ့ အမျိုးသမီးတွေနိုင်ငံရေးနယ်ပယ်မှာ ထင်ပေါ်တဲ့အမျိုးသမီးတွေဖြစ် အောင် လုပ်ဆောင်နိုင်ပါစေလို့ ကျွန်မအနေနဲ့ဆန္ဒပြုပါ တယ်’ဟု ပြောဆိုခဲ့သည်။
____The Ladies News Journal

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။