ကြံ့ခိုင်ရေး အကွဲအပြဲကြောင့် စီးပွားရေး ဂယောက်ဂယက်ဖြစ်မည်ကို စိုးရိမ်

သစ်နေမိုး| August 18, 2015
ဦးရွှေမန်း, ကြံ့ခိုင်ရေး,  စီးပွားရေး
လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ပိုင်း အကွဲအပြဲကြောင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေးပညာရှင်များက စိုးရိမ်နေကြသည်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ရာထူးမှ ဖြုတ်ချခံရပြီးနောက်ပိုင်း ၎င်းနှင့် ပတ်သက်ဆက်နွယ်သည့် လုပ်ငန်းများဖြစ်သည့် ချယ်ရီ FM အသံလွှင့်လိုင်းနှင့် ပြည်ထောင်စုနေ့စဉ်သတင်းစာများ ရပ်နားသွားခဲ့သည်။ ထို့ပြင် ထူးကုမ္ပဏီအုပ်စု ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်း ရပ်နားခြင်းနှင့် ဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇဘဏ်များမှ ငွေထုတ်ယူမှု အများအပြား ဖြစ်ပေါ်ခဲ့ခြင်းတို့သည် ဦးရွှေမန်းဖြုတ်ချခံခြင်းနှင့် ပတ်သက်ကြောင်း ကောလဟာလသတင်းများ ထွက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်မှ မစိုးရိမ်ကြရန် ထုတ်ပြန်ပြောဆိုရသည်အထိ ဖြစ်ပေါ်ခဲ့သည်။

ယခုကဲ့သို့ နိုင်ငံရေးလှုပ်ခတ်မှုတခု ဖြစ်လိုက်သည်နှင့် စီးပွားရေးပိုင်းတွင် လာရောက်ရိုက်ခက်သည်မှာ မြန်မာပြည်၏ စီးပွားရေး လုပ်ထုံးလုပ်နည်း ကျင့်ထုံးများ ခိုင်မာမှုမရှိ ပုံမှန် မဟုတ်သေး၍ ဖြစ်သည်ဟု မြန်မာဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့ (MDRI) မှ အကြီးတန်းသုသေသီ ဦးတင်မောင်သန်းက ပြောသည်။

“စီးပွားရေး လုပ်ဆောင်မှုဆိုင်ရာ ကျင့်ထုံးတွေက ပုံမှန်မဟုတ်သေးဘူး။ မခိုင်မာသေးဘူး။ ကျင့်ထုံးတွေ အဖွဲ့အစည်းတွေ မခိုင်မာသေးလို့ရင် တရားဥပဒေစိုးမိုးမှု သဘော မရှိသေးဘူး။ ကျင့်ဝတ် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားတာ မဟုတ်ပဲနဲ့ ပုံမှန်အလုပ်မျိုးလုပ်တဲ့ အဖွဲ့အစည်း အုပ်ချုပ်ပုံ ကျင့်ထုံး ဒါတွေမရှိသေးလို့ရင် နိုင်ငံရေးဆိုင်ရာ လှုပ်ခတ်မှုတွေ အကုန်လုံးက စီးပွားရေးအပေါ် ရိုက်ခက်နေအုံးမှာပဲ။ နိုင်ငံရေး သြဇာ အာဏာ အရှိန်အ၀ါတွေကို အသုံးပြုပြီးတော့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို အရယူထားကြတာကိုး။ ဒါတွေက ပုံမှန်အနေနဲ့ မဟုတ်တဲ့အခါ၊ institution တွေက မရှိတဲ့အခါ နိုင်ငံရေးမှာ ပြဿနာပေါ်တိုင်း စီးပွားရေးကို ရိုက်ခတ်နေအုံးမှာပဲ” ဟု ပြောသည်။

စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကလည်း လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးမှာ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုနှင့်အတူ ရွေ့လာခဲ့ခြင်းဖြစ်ရာ နိုင်ငံရေးနှေးသွားပါက စီးပွားရေးပါ နှေးကွေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအခြေအနေပေါ်တွင်မူတည်ပြီး စီးပွားရေး အပြောင်းအလဲဖြစ်သွားနိုင်ကြောင်း ပြောသည်။

၎င်းက “ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေ ဘယ်လို ပြောင်းလဲမလဲ။ အဲ့ဒီအပ်ါမှာ မူတည်ပြီးတော့ စီးပွားရေးအခြေအနေလည်း ပြောင်းလဲမှာပဲ။ ဒီအခြေအနေ နှစ်ခုကို ပိုင်းခြားသုံးသပ်မယ်ဆိုရင် စီးပွားရေးမှာ ကောင်းမွန်တိကျတဲ့ မူဝါဒတွေ ရှိနေမယ်ဆိုရင်တော့ အဲ့ဒီ နှစ်ခုကြားမှာ ရှိတဲ့ ချိတ်ဆက်မှုကို လုပ်လို့ ပိုရတာပေါ့။ အရင်ကတော့ နိုင်ငံရေးကမြန်ပြီး စီးပွားရေးက နှေးတယ်လို့ ပြောကြတယ်။ အမှန်က နိုင်ငံရေး မြန်ရင် စီးပွားရေးလည်း မြန်တာပဲ။ ထုံးစံပဲ။ နိုင်ငံရေးနှေးသွားရင် စီးပွားရေးလည်း နှေးသွားမှာ” ဟု ပြောသည်။

လက်ရှိ ဘဏ်များတွင် ဖြစ်ပေါ်နေသော ကောလာဟလများနှင့် ပတ်သက်၍လည်း အထူးသတိရှိဖို့လိုပြီး ကောလာဟလမှတဆင့် အမှန်တကယ် ပြိုကွဲသွားသည့် ဘဏ်များ တခြားနိုင်ငံများတွင် သာဓကများ ရှိခဲ့ဖူးသည်ဟု ဆိုသည်။

ဒေါက်တာအောင်ကိုကိုက “ဘဏ်တွေမှာ ကောလာဟလတွေက အတတ်နိုင်ဆုံး မဖြစ်ဖို့လိုတယ်။ ဘာကြောင့်လည်းဆိုတော့ ကောလာဟလကနေ ပျက်စီးသွားတဲ့ ဘဏ်တွေ ကမ္ဘာပေါ်မှာ အများကြီးရှိတယ်။ စီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံလို့ ပြောလို့ရတဲ့ ဂျပန်လိုနိုင်ငံတောင် ကောလာဟလနဲ့ ဘဏ်ပြိုလဲတဲ့အဆင့်ထိ ရှိသွားတဲ့ ဖြစ်စဉ်တွေရှိခဲ့ဖူးတယ်။ဂျပန်ရဲ့ဗဟိုဘဏ်ဆိုတာ ကမ္ဘာနိုင်ငံအသီးသီးနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ဘဏ်တွေပေါ့ဗျာ။ အဲ့လိုအခြေအနေမှာရှိတာ ကျနော်တို့မြန်မာက အခုမှစတာ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘူး” ဟု ပြောသည်။

ကောလဟာလများဖြစ်ပေါ်ပြီး ငွေထုတ်သူ အများအပြား ဖြစ်သွားခဲ့သော ကမ္ဘောဇဘဏ်ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဘဏ်၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ၎င်းတို့၏ ကမ္ဘောဇဘဏ်သည် လက်ရှိရာထူးမှ ဖြုတ်ချခံခဲ့ရသည့် အာဏာရပါတီမှ သူရဦးရွှေမန်းနှင့် လုံးဝပတ်သက်ခြင်း မရှိသည့်အပြင် မည်သည့်အလုပ်မှ အတူမလုပ်ခဲ့ဖူးကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ဦးရွှေမန်းနှင့် ၎င်း၏ သားများပိုင်ဆိုင်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထည့်ဝင်ထားသူများအနေဖြင့်လည်း စိုးရိမ်စရာ ရှိမည်ဟု လုပ်ငန်းရှင်အသိုင်းအ၀န်းက ပြောကြသည်။

ဦးရွှေမန်း၏ သား ၂ ယောက်မှာ မြန်မာနိုင်ငံတွင် လူသိများသည့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြသည်။ သူ၏ သားတဦး ဖြစ်သော ဦးအောင်သက်မန်းသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အထူးကန့်သတ်ခံထားရသည့် နိုင်ငံသားများ စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သော်လည်း ဦးရွှေမန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းတွင် အဆိုပါ စာရင်းမှ ပယ်ဖျက် ပေးခဲ့သည်။

ဦးအောင်သက်မန်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ တောင်သူလယ်သမားများအတွက် ဓာတ်မြေသြဇာများတင် သွင်း ရောင်းချရန် အစိုးရထံမှ အကျိုးအမြတ်များသည့် ကန်ထရိုက် အမြောက်အများရရှိခဲ့သူဖြစ်သည်။ သူ၏ ညီဖြစ်သော ဦးတိုး နိုင်မန်းသည် ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်သည့် Red Link ကိုပိုင်ဆိုင်ပြီး ဖခင်ဖြစ်သူ ဦးရွှေမန်း၏ နိုင်ငံရေး ကိစ္စများတွင် တက်တက်ကြွကြွပါဝင်နေသူ တဦးလည်း ဖြစ်သည်။

ယခုကဲ့သို့ ဦးရွှေမန်း ပါတီဥက္ကဌရာထူးမှ ဖယ်ရှားခံလိုက်ရသလို အစိုးရအတွင်းမှ သူ့ကိုဆန့်ကျင်သူများက သူ့မိသား စု ပိုင် စီးပွားရေး လုပ်ငန်းများကို အခက်အခဲတွေ့စေခြင်းဖြင့် နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်လာဖွယ်ရှိသည်ဟု လေ့လာ စောင့်ကြည့်သူ အချို့က မှန်းဆခဲ့ကြသည်။

ကံ့ခိုင်ရေးပါတီဥက္ကဌ သူရဦးရွှေမန်းကို ဖြုတ်ချမှုနောက်ပိုင်း ၎င်းနှင့်ဆက်စပ်သည့် လုပ်ငန်းအချို့ ရပ်နားခဲ့မှုနှင့်အတူ ကောလဟာလမျိုးစှုံရှိလာခဲ့ရာ ၎င်းနှင့်ပတ်သတ်သည့် အခြားသောလုပ်ငန်းများ ရှိနေသေးသဖြင့် စီးပွားရေးအသိုင်းအ၀န်းက ဆက်စပ်စိုးရိမ်မှုများ ရှိနေခဲ့ကြသည်။

ဦးရွှေမန်း၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ စီးပွားရေးအသိုင်းအ၀န်းအတွင်း ယခုကြားနေရသည့် အခြေအနေကို အမည်မဖော်လိုသူ လုပ်ငန်းရှင်ကြီးတဦးက “အခုအပြင်မှာ သတင်းကြားနေတာ သူ့ပိုင်ဆိုင်မှု စာရင်းတွေ အကုန် ကြည့်ပြီး ပြောတဲ့အတိုင်းလုပ်မလား၊ မလုပ်ရင် ဒါတွေကို လုပ်လိုက်မယ်ဆိုတဲ့ သဘောမျိုး ကြားနေတယ်။ သူ့စာရင်းတွေ ကြည့်တယ်ပေါ့ကွာ။ ဒါတွေနဲ့ ကိုင်မယ်ဆိုတဲ့ သဘော။ အခုတော့ ကိုင်တာပေါ့။ နောက်တော့ သိမ်းသွားတာ ဖြစ်သွားမှာပေါ့” ဟု ပြောသည်။

အခြား လုပ်ငန်းရှင်ကြီးတဦးကလည်း “ဒါနဲ့ ပတ်သက်ပြီး ကြောက်ရွံ့နေကြတာမျိုးပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ အစဉ်အလာရှိခဲ့တာကိုး။ စိုးရိမ်ထိတ်လန့်မှုတွေ ရှိကြတာပေါ့။တချို့လည်း မှန်မှန်ကန်ကန် လုပ်ထားတာတွေ ရှိကောင်း ရှိနိုင်တာပဲ။ ဒါကိုရောရောင်ပြီး အကုန်လုံးက ကြောက်စမြဲပါ။ ဒီလိုမျိုး ရိုက်ခက်မှုတော့ ရှိတာပေါ့။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေက စိုးရိမ်မှု ရှိကြတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ စကားရှိတယ်မို့လား။ လူကိုခင်ရင် မူကိုပြင်တာတို့ ဒါတွေက အရင်က ရှိခဲ့တာဆိုတော့” ဟု ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးကမူ “နည်းဥပဒေနဲ့ စည်းကမ်းကလနားနဲ့ လုပ်ထားရင် ပြသနာမရှိပါဘူး။ တခုတော့ ရှိတယ်။ အစစ အရာရာ ရာထူးအရှိန်အ၀ါနဲ့ လုပ်ထားပြီးတော့ ပုံမှန်နဲ့ သွေဖီသွားရင်တော့ စိုးရိမ်စရာ ရှိနိုင်ပါတယ်” ဟု ပြောသည်။

____ဧရာဝတီ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။