ရခိုင်တူရိယာနှင့် ဂီတ

ရခိုင်တူရိယာနှင့် ဂီတတို့သည် မည်သည့်အချိန် မည်သည့်ကာလကပင် ပေါ်ပေါက်လာသနည်း။ အကျွန်၏ ယနေ့အထိ ဆန်းစစ်ဝေဖန်ကာ စုဆောင်းရဟိသမျှသော စာဟောင်းပေဟောင်း၊ ရခိုင်သက်ကြီး မိဘတို့ထံမှ စာပေဗဟုသုတ အားလုံးအနက်မှ အနည်းငယ်ဖော်ပြပါအံ့။ မည်သည့်အတွက်ကြောင့် အနည်းငယ် ဖော်ပြရ သနည်းဟူမူကား အလွန်ရှည်လျားမည် စိုးသောကြောင့်တည်း။

ယင်းအတွက်ကြောင့် ရခိုင်တို့၏ မူလဂီတမှာ ရှေးလွန်လေပြီးသော ဘုရားအဆူဆူတို့၏ ပွင့်တော်မူရာ မဇ္စျိမ ဒေသအရပ်နှင့် ကမ္ဘာဦးသူတို့၏ မင်းအဆက်ဆက်တို့မှ ဆင်းသက်လာသည်။ ရခိုင်ပြည်တွင် တိုင်းကြီး ဆယ့်ခြောက်တိုင်း၊ ပြည်ကြီးဆယ့်ခြောက်ပြည် အပါအ၀င်ဖြစ်သော ရမ္မပူရပြည်၊ ရမ္မ၀တီမြို့၊ သမုတ္တိဒေ၀ မင်းဆက်မှစ၍ ဖြစ်ထွန်းလာခဲ့သည်။ ထိုမှတဆင့် မဟာဝိရ မင်းဆက်တို့၏ ပျော်စံရာ ဝေသာလီမြို့တော်ကြီး ၌ စန္ဒြားမင်းဆက်တို့သည် စိုးစံခဲ့ကြ၏။

ယင်းအခါကပင် ယခုရခိုင်တို့၏အသံဖြင့် စပ်ဆိုသုံးစွဲကြကုန်သည့် ရေလား လှေတော်သံတစ်ခုနှင့် သိင်္ဂီစ န္ဒြားမင်း၏ မျောက်သားတော် စောပြည့်ညို သီဆိုသော သျှိုးလိုက်ရတု ခေါ် ရကန်ကြီးကို ရခိုင်ရာဇ၀င်တွင် တွေ့မိရသည်။ ၄င်းတို့မှ အထက်ပိုင်း၌ သက္ကဋ၊ မာဂဓ၊ ရာက္ခ၀ဏ္ဏအက္ခရာတို့နှင့် ရေးထားသော ဆန်းလင်္ကာ တို့ဖြင့် စီကုံးထားသည့် ပါဠိသံနှင့် အက္ခရာ ကဗျာဂီတတို့ကို တွေ့မိရသည်။

ယင်းကဗျာ ဂီတတို့ကို သီဆိုသောအခါ မကြာအရှည် ထားလျက် ဒီဃသံတို့သည် ပလူတသံဖြင့် အလွန်ရှည် လျားစွာ သီဆိုရသည်။ တူရိယာတို့မှာ တစ်ဘက်ပိတ်သော စည်ရှည်၊ သံလွင်စည်း၊ ပြွေရှည်တို့ကို တီးမှုတ် သည်။ လက်ခုတ်ကို တဖြောက်ဖြောက်တီးရသည်။ စန္ဒြားမင်းဆက်သို့ ရောက်သောအခါ အိမ်ရှေ့မိဖုရား စောပြည့်ညိုရတုကို သီဆို တီးမှုတ်သောအခါ ဖော်ပြပါ တူရိယာများထက် ပိုမိုကာ တရော၊ စောင်းကောက်၊ ခရာ၊ ပြွေ၊ ခရာကောက်၊ လက်တံရှည်၊ ခွက်ခွင်း ၊ပတ်သာ၊ လင်းကွင်းတို့ကို သံစုံလိုက်ကာ တီးမှုတ်ကြသည်။

စန္ဒြားမင်းဘွဲ့ခေါ် (လူ့ပြည်ကျော်သောင်း၊ မင်းကောင်းရာဇာ၊ ဝေသာလီမှာ၊ စိုးသောခါ) အစချီသည့် ဘွဲ့တော် ကြီး အဆိုပါတူရိယာတို့ဖြင့် အကျွန်တို့ငယ်ခါက တီးမှုတ်ကြသည်။ တရောတစ်ခုတည်းနှင့် သီဆိုတီးမှုတ် သောသူ တစ်ဦးနှစ်ဦး ယခုအခါ မြောက်ဦးမြို့တွင်ပင် ရှိသေးသည်။ ယင်းပုဂ္ဂိုလ်တို့သည် များသောအားဖြင့် စောပြည့်ညို သီဆိုသည့် သျှိုးလိုက်ရတုမျိုးကို သီဆိုတီးမှုတ်လေ့ဟိသည်။ ထိုမှတစ်ချက် စန္ဒြားဆက်တွင် နှောင်းဆုံးစန္ဒြားဖြစ်သော စူဠစန္ဒြားမင်း လှေလှော်သံကိုလည်း ယနေ့ထက်တိုင် လှေတော်သားများ လှေပြိုင် ပွဲတွင် နွဲ့ကာယိမ်းကာ တက်ရိုးသံ တစ်ခေါက်ခေါက်ဖြင့် သီဆိုကခုန်ကြသေး၏။ ရံဖန်ရံခါ ရက္ခိုင်သံချပ်ကြီး တို့ကိုလည်း သီဆိုတီးမှုတ်ကြသေး၏။

သို့သော်လည်း ယခုအခါ မြန်မာသံရော ညှပ်ထားသည့် သံချပ်ခေါ် အတိုင်အဖောက်သံချပ်မျိုး သီဆိုကြ သည်။ ရက္ခိုင်တို့၏ အနုပညာ ဂီတတို့သည် တရွေ့ရွေ့ပျောက်မှန်းမသိ ပျောက်ဆုံးလေပြီ။ သို့သော်လည်း ရက္ခိုင်တို့၏ ဝေသာလီခေတ်၊ ဓည၀တီခေတ်၊ မြောက်ဦးခေတ်တို့အတွင်း တည်ထားခဲ့သော ဘုရားပုထိုး အဆောက်အဦး နတ်ကွန်းအတွင်းတို့တွင် တီးဟန်၊ ကဟန်၊ မှုတ်ဟန် သီဆိုဟန်တို့မှာကား ယနေ့တိုင် ထင် ရှားစွာ ဟိသေးသည်။

ဤကဲ့သို့ ဟိခြင်းကြောင့် ယခုကမ္ဘာပေါ်တွင် တိုးတကထွန်းကားနေသော တရုတ်၊ ပြင်သစ်၌ တရုတ်ပညာ ဟိကြီးများ ညွှန်ကြားချက်အရ တန့်မင်းဆက်၊ ချန်မင်းဆက်တို့မှ တည်ထားခဲ့သည့် လှိုင်ဂူကြီး အတွင်းရှိ တူ ရိယာ တီးမှုတ်ဟန် ကျောက်ရုပ်တို့ကို အတုယူကာ တရုတ်လူငယ်တို့က အမျိုးသားတူရိယာ တီးမှုတ်ပုံကို ဖော်ထုတ်လိုက်ရာ ၁၉၅၆-၅၇ ခုနှစ်အတွင်း ရှေးဟောင်းနှင့် ခေတ်မီ အမျိုးသားတူရိယာအဖြစ် ထွန်းကား သည်ကို တရုတ်ပြည်မှ ထုတ်ဝေသော စာပေတို့တွင် ရုပ်ပုံနှင့်တကွ တွေ့ဟိရသည်။

ရက္ခိုင် တိုင်းရင်းသား အပေါင်းတို့လည်း မိမိတို့၏ အမျိုးသားရိုးရာ တူရိယာဂီတများကို တရုတ်၊ မွန်၊ကရင်၊ ရှမ်း၊မြန်မာ၊ ကုလား၊ အင်္ဂလိပ်လူမျိုးများကဲ့သို့ ကမ္ဘာသူ ကမ္ဘာသားနှင့်သော်လည်းကောင်း ၊ပြည်ထောင်စု သားအချင်းချင်းသောလည်းကောင်း၊ ချစ်ကြည်မှု ရရှိစေရန် ရခိုင်အမျိုးသားတို့၏ တူရိယာ ကဗျာဂီတတို့ကို ဖော်ထုတ်ကြလော့။

ရှေးအခါ ထီးနန်းကြငှန်းနှင့် အဆက်မပြတ် စည်ပင်ထွန်းကားလာခဲ့သည့် ရခိုင်ပြည်ကြီးဝယ် ဘဇာကြောင့် တူရိယာကဗျာ မဟိဘဲဖြစ်ရမည်နည်း။ ထီးခမ်း၊ နန်းခမ်း၊ မင်းခမ်း ညီလာခံတို့တွင် တူရိယာတီးစမြဲဖြစ်သည့် အကြောင်းရင်းကို ပေါ်တူဂီဘုန်းတော်ကြီး သာသနာပြု မန်နရိတ်သည် သီရိသုဓမ္မမင်း၏ ဘိသိတ်တော် မင်္ဂလာ အခမ်းအနား၌ ရခိုင်တူရိယာ တီးမှုတ် သီဆိုကခုန်သည်ကို အကျယ်တ၀င့်ရေးထားသည်။

ယင်းကြောင့် လက်တွေ့ သာဓကရစေရန် မြောက်ဦးခေတ် သီရိသူရိယဒန္ဒရမဟာရာဇာခေါ် တနည်းအားဖြင့် အိန္ဒိယတိုင်းသားတို့၏ အမည်ဖြင့် (ဇောက်တောက်သျှာလ်) ခေါ် မင်းဗားကြီးတည်ထားကိုးကွယ်ခဲ့သည့် (Temple of Victory) ရန်အောင်ဇေယျပုထိုးတော်ကြီး ခေါ် သျှစ်သောင်းပုထိုးတော်ကြီး၏ လှိုင်ဂူတော် ဒုတိယထပ် အင်္ဂါထောင့်၊ ရဟုထောင့်တို့မှ ရခိုင်တူရိယာတို့ကို တီးမှုတ်နေသူတို့သည် တီးမှုတ်လျက်ပင်၊ ကခုန်ဟန်တို့ကို ဗဟုသုတဖြစ်စေခြင်းငှာ ဖောပြလိုက်ပါ၏။ တီးမှုတ်သူတို့၏ အနီးအနား ၀ိုင်းအုံ၍ ကခုန် နေဟန်တို့ကို မရေးလိုက်ပြီ။ များသောအားဖြင့် ယခုကာလ(ဘဲလေး) ခေါ် အကမျိုးနှင့်တူသည်။ များသော အားဖြင့် ရခိုင်ပြည်တွင် စည်ရှည်မျိုးကို တီးမှုတ်ကြသည်။

ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ အသုဘကိစ္စတို့၌ ခတ်တင်စည်ခေါ် စည်ရှည်မျိုးကို တီးကြသည်။ ထိမ်းမြား မင်္ဂလာပွဲ၌ ပန်တျာခေါ် ပန်းတျားကို တီးကြသည်။ ရှင်ပြုမင်္ဂလာပွဲ၌ ဗျောစည်ခေါ် စည်ဗျောကို တီးကြသည်။ တပို့တွဲလ ရထားပွဲတွင် တဘက်ပိတ်စည်ခေါ် အိုးစည်ကို တီးကြသည်။ ဘုရားထီးတင်ပွဲ၌လည်း အိုးစည် ကိုတီးကြသည်။ သီဆိုသော ဂီတကဗျာတို့မှာ ရက္ခိုင်သံ သက်သက်ဖြစ်သည်။ စစ်ကြီးပြီးဆုံးသည်နှင့် ရက္ခိုင် တို့၏ တူရိယာနှင့် ကဗျာဂီတတို့သည် တပြိုင်နက် ပျောက်ဆုံးခဲ့ကြ၏။ ထို့ကြောင့် အမျိုးသား၏ ရိုးရာ ယဉ် ကျေးမှုတို့ကို ရင်းနှီးဆက်ဆံခြင်းဖြင့် ဖော်ထုတ်ကြကုန်လော။

ဦးသာထွန်း

ရခိုင်တန်ဆောင်မဂ္ဂဇင်း ၁၉၅၇-၅၈ ခုနှစ်။

ဦးဦးသာထွန်းရေးသားသော ရခိုင်တန်ဆောင်ဆောင်းပါးများ စာအုပ်မှာ ကူးယူဖော်ပြသည်။
...........
Credit: Arakan Folks
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။