မဲဆန္ဒရှင်သက်သေခံလက်မှတ်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါသော စာရွက်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ မဲဆန္ဒရှင်သက်သေခံလက်မှတ်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါသော စာရွက်များ ဖြန့်ချိထားပြီး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကလည်း နိုဝင်ဘာ ၇ ရက်တွင် မဲဆွယ်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ၊မင်းပြားမြို့နယ်၊ ပြန်ကြားရေးဌာနမှ ဦးသိန်းဇံက ပြောကြားသည်။
“အခုလိုမျိုး တရားမ၀င်တဲ့ မဲဆန္ဒရှင်သက်သေခံလက်မှတ်တွေမင်းပြားမြို့နယ်ထဲမှာအများကြီးပျံ့နှံ့နေတယ်လို့ ကျွန်တော်တို့သိရတယ်။အဲဒါကြောင့် မြို့နယ်ကော်မရှင်ကိုသွားမေးတော့လည်း ဒီကိစ္စဟာ
သူတို့နဲ့မဆိုင်ဘူး။ ပါတီနဲ့သာသက်ဆိုင်တယ်လို့ ပြောပါတယ်။ ဒီလိုမျိုးသက်သေခံစာရွက်တွေဟာ တစ်ရွာမှာ တစ်ရာ၊ နှစ်ရာလောက် ပျံ့နေတယ်လို့သိရပါတယ်။ အဓိကရခိုင်အမျိုးသားပါတီကိုအားပေးတဲ့ကျေးရွာတွေမှာ သွားပြီးပေးထားတာကိုလည်း သိရပါတယ်။ မြို့နယ်ကော်မရှင်က အခုလိုလုပ်တာကိုအရေးမယူဘူးဆိုတာကြောင့် တရားမျှတမှုမရှိဘူးလို့ပြောချင်ပါတယ်။ ဒါကိုပြည်နယ်ကော်မရှင်လည်းအရေးယူပေးသင့်ပါတယ်။ပြည်သူတွေများစွာ မဲမထည့်ရတဲ့အတွက် ကျေနပ်မှုမရှိဘူးဖြစ်နေတယ်။ နောက်တစ်ခုက မဲဆွယ်စည်းရုံးတဲ့ကာ လဟာ ၆ ရက်နေ့ ၁၂ နာရီမှာပြီးဆုံးခဲ့ပြီဖြစ်ပေမယ့် ပင်းခေါ်မော်ကျေးရွာမှာ ၇ ရက်နေ့မှာလည်း မဲဆွယ်စည်းရုံးမှု တွေလုပ်တယ်ဆိုတာကို ပြည်သူတွေက တိုင်ကြားလာပါတယ်။ ဦးမောင်လှအေးဆိုတဲ့လူက စည်းရုံးခဲ့ တာဖြစ်ပါတယ်။ ဒါဟာလည်း တရားမ၀င်တဲ့ကိစ္စတွေဖြစ်နေတယ်။ နောက်တစ်ခုက ကြိုတင်မဲထည့်တဲ့အချိန်မှာလည်း ပြည်ခိုင်ဖြိုးပါတီဝင်တွေသာဖြစ်နေပြီး ခရီးသွားဖို့မလို၊ အရေးပေါ်မလိုအပ်တဲ့သူတွေလည်း ကြိုတင်မဲ ထည့်နေကြ တယ်လို့သိရတယ်။ စောင့်ကြည့်ရေးအဖွဲ့တွေလည်းမပါဘူး။ ကျွန်တော်တို့ ရခိုင်အမျိုးသားပါ တီကလည်းမပါဘူး။ အားလုံးက သူတို့ချည်းဖြစ်နေတယ်။ တရားမ၀င်လုပ်ဆောင်ချက်တွေကို မင်းပြားမြို့ကော်မရှင်အဖွဲ့မှ အရေးတယူလုပ်ဆောင်ခြင်းမရှိဘူး။ ဒါကြောင့် ကော်မရှင်ဥက္ကဌကိုလည်းတရားမျှတတဲ့ ကော်မရှင်ဥက္ကဌ မဟုတ်ဘူးလို့ ကျွန်တော်တို့ တစ်ထစ်ချ ယုံကြည်ပါတယ်။ သမာသမတ်မရှိတဲ့ ကော်မရှင်ဥက္ကဌလို့လည်းကျွန်တော်တို့ ယူဆမိပါတယ် ” ဟု ဦးသိန်းဇံက ပြောကြားသည်။
ထိုသို့ ပြည်ခိုင်ဖြိုးပါတိမှ မဲဆန္ဒရှင်သက်သေခံလက်မှတ်များထုတ်ပြန်ဖြန့်ဝေထားခြင်းအပေါ် ကော်မရှင်မှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိသေးကြောင်းကိုလည်း သိရှိရပါသည်။
ယင်းနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးစစ်နိုင်က “ အဲဒီမဲဆန္ဒရှင် သက်သေခံလက်မှတ်ဟာ တရားမ၀င်ပါဘူး။မဲဆွယ်တဲ့ စည်းရုံးရေးမှူးတွေဖြန့်တာလို့သိရတယ်။ ကော်မရှင်ကို သွားမေးတော့ သုံးခွင့်ရှိတယ်လို့ဖြေတယ်။ ဒါပေမယ့်
ကျွန်တော်တို့ကလည်းအခုလိုလုပ်မယ်၊ လုပ်လို့ရလား ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကိုသွားမေးတော့ မီနစ်လေးဆယ်လောက် စောင့်ပါဆိုပြီး စောင့်ခဲ့တယ်။ အဲဒီမှာ တရားမ၀င်ဘူး။တားမြစ်ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့်အခုထိ ထိထိရောက်ရောက်တားမြစ်ပေးတာ
မတွေ့ရသေးဘူး။ အဲဒီ မဲဆန္ဒရှင်လက်မှတ်တွေကို မင်းပြားမြို့နယ်အနှံ့အပြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဥပဒေကြောင်းအရ မသုံးရဆိုပေမယ့်အခုလိုမျိုး အသုံးပြုနေတာဟာ မဲအသာစီးရယူမှု၊
မတရားပြုကျင့်မှုလို့ ကျွန်တော်တို့မြင်ပါတယ်”ဟု ပြောကြားသည်။
မင်းပြားမြို့နယ် မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင် နှင့် ပြည်ခိုင်ဖြိုးပါတီမှ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
Writer:
သန်းလှိုင်(စစ်တွေ)
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။