ဝဏ္ဏခွာညို
စစ်တွေ၊ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ် စစ်တွေအဝေးသင်တက္ကသိုလ်မှ ကြိုတင်မဲ ပေးခွင့်မရသော ကျောင်းသူ/သားများကို မိမိနေရပ်သို့ အခမဲ့ သွားရောက်ပြီး မဲပေးနိုင်ရေးအတွက် တက်ကြွ လူငယ်အဖွဲ့ မှ စီစဉ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေအဝေးသင်တက္ကသိုလ်ရှိ ကျောင်းသားများအထဲမှ အမ်းမြို့နယ်မှ ကျောင်းသား ၈၇ ဦးမှ အပ ကျန်မြို့နယ်များမှ ကျောင်းသားများမှာ ကြိုတင်မဲ ထည့်ခွင့် မရရှိခဲ့ကြောင်း သိရသည်။
သို့အတွက် ကျောင်းသား ကျောင်းသူများ အခမဲ့ ရေယာဉ်များ၊ မော်တော်ယာဉ် များဖြင့် မိမိဒေသသို့ ပြန်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။
မဲထည့်ရန် ပြန်လိုသည့် ကျောင်းသူ/ သားမှာ ၃၀၀၀ ထိ ရှိနိုင်ကြောင်း စီစဉ်သူများထဲတွင် ပါဝင်သူ စာရေးဆရာဝေဟင်အောင်မှ နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
'' ဒီကိစ္စကို မနေ့ကပဲ အရေးပေါ် စီစဉ်လိုက်ရပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်ခွင့်ဟာ မဲပေးပိုင်ခွင့်ဖြစ်တယ်။ ဒါတွေကို မဆုံးရှုံးစေလိုတဲ့ အတွက် ခုလို စီစဉ်ရတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ယင်းအခမဲ့ ကျောင်းသားများကို ပို့ဆောင်ပေးမည့် မြို့နယ်များမှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောက်ကုတ်၊ သံတွဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့တို့ ဖြစ်ကြသည်။
ယနေ့တွင် မြေပုံမြို့ သို့  ပထမတသုတ်ကိုရွှေပြည်တန်ရေယာဉ်ဖြင့် ပို့ ဆောင်လိုက်ပြီးဖြစ်ကြောင်း ဦးဝေဟင်အောင်က ပြောသည်။
''အခုလောလောဆယ်ပို့ မယ့်ကျောင်းသူ/ သား ကျွန်တော်တို့ ရထားတဲ့စာရင်းကတော့ ၁၀၀၀ ကျော်နေပြီ။ လူဦးရေ သုံးထောင်အထိ ကျွန်တော်တို့ ပို့ဆောင်သွားဖို့ ခန့်မှန်းထားပါတယ်။ ဒီထက်ကျော် ချင်လည်း ကျော်မှာပေါ့” ဟု ဆိုသည်။
ယခုကဲ့သို့  အခမဲ့ ပို့ဆောင်ရန် စီစဉ်ပေးခြင်းမှာ တက်ကြွလူငယ် အဖွဲ့များမှ ငွေကြေးများ အပါအ၀င် အလှူရှင်များမှ အလှူငွေများ၊ တစ်သီးပုဂ္ဂလအလှူများ၊ ပါတီအဖွဲ့ အစည်းများမှ အလှူများစုပေါင်းပြီး ယခုလို ပို့ ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။
'' ကိုယ့်အိမ်ကိုပြန်ပြီး အခုလို မဲထည့်နိုင်ဖို့ စီစဉ်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်” ဟု မြောက်ဦးမြို့ သို့ ပြန်မည့် အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုခိုင်အောင်လင်းမှ နိရဉ္စရာ သတင်းဌာန သို့ ပြောသည်။
ယခုလောလောဆယ် ရေယာဉ်ပို့ ဆောင်ခ သိန်း၇၀ ကျော် ရရှိထားပြီး အသွား အပြန်ဌားရမ်းခငွေ ကျပ်သိန်း ၁၀၀ ကုန်ကျနိုင်သည်ဟု ဆရာဝေဟင်အောင်မှပြောသည်။
အမ်းမြို့နယ်မှ ကျောင်းသားများမှာ အောက်တိုဘာလ ၂၉ ရက်နေ့ကတည်းက ကြိုတင်မဲ ထည့်ရန် လျှောက်ထား၍ မဲထည့်ခွင့်ရခဲ့ဖြစ်ကြောင်း၊ တစ်ခြားကျောင်းသားများ လာလျှောက်မှုမှာ အချိန်လွန်မှ လာလျှောက်ခြင်း ဖြစ်သဖြင့် မဲများကို သက်ဆိုင်ရာ မြို့နယ်သို့ ပို့ရာတွင် အချိန်မမီမှာကို စိုးရိမ်၍ မဲထည့်ခွင့် မပြုခဲ့ခြင်းသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကော်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
မိမိနေရပ်ရန် မဲထည့်ရန် ပြန်လိုသူ ကျောင်းသားများ အနေဖြင့် စာရေးဆရာ ဝေဟင်အောင် (ဖုန်း-
09450542986) သို့ ဆက်သွယ်နိုင်ပါသည်။
---------------
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။