မင်းသားကြီး ဒေးဝန်းကြီးတို့နှင့်အတူ ကုမ္ပဏီနယ်ချဲ့အစိုးရအားတော်လှန်ရာတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။ မြို့သူကြီး အောင်ကျော်ဇံမှာ တစ်ချိန်က ကုမ္ပဏီအစိုးရ၏ အမှုထမ်းတစ်ဦးဖြစ်သည်။ မြို့သူကြီးရာထူးကို မထမ်းဆောင်မီပြည်စိုးကြီး ကျွန်းအုပ်အဖြစ် ထမ်းဆောင်ရသည်။ မြို့သူကြီးရာထူး ရရှိပြီးနောက်အခွန်ဘဏ္ဍာ ခန့်ဇနာစည်းကြပ်ရန် ကုမ္ပဏီအစိုးရက တာဝန်ပေးအပ်သည်။ယင်းသို့ အခွန်ဘဏ္ဍာခန့်ဇနာ စည်းကြပ်မှုကြောင့် ပြည်သူလူထုမှာ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံရသည်။ မကျေမနပ်မှု များ ဖြစ်ပွားခဲ့သည်။
ကုမ္ပဏီအစိုးရမှာ စစ်စရိတ် အကုန်အကျကာမိစေရန် အတင်းအကျပ်စည်းကြပ်သည်။ တစ်ဘက်မှာ ဆင်းရဲဒုက္ခခံနေရ သူ ပြည်သူလူထုက ရှိနေသည်။ တစ်ဘက်မှာ မိမိ၏ အာဏာပိုင်များက အတင်းအကျပ် အခွန်စည်းကြပ်မှုကိုတွန်းအားပေးနေသည်။ ယင်းကဲ့သို့ အချိန်အခါမျိုးမှာ မြို့သူကြီးသည် ပြည်သူဘက်မှ ရပ်သည်။ မြို့သူကြီးရာထူးနှင့် စည်းစိမ်ကို စွန့်လွှတ်ခဲ့သည်။ ရာထူးမှ စွန့်လွှတ်ကြောင်းကို မြို့သူကြီး၏မယား မသန္တာဝေက တောင်းပန်၍ လမူးဇာတိရာဇဝင်ဆရာကြီး ဦးကျော်မည်းရေးခဲ့သည့် ဂဏန်းသင်္ချာနိဂုံးတွင် အာက်ပါအတိုင်းရေးစပ်ထားသည် ကို တွေ့ရပါသည်။
"လိမ္မာပွန်းတီး၊ မြို့သူကြီးတို့၊ များပြီးယဿံ၊ အောင်ကျော်ဇံက၊ အကြံကောင်းထ၊ သတိရ၍၊ သုခချမ်းသာ၊ သည်လောက်ဟာကို၊ ငါမလိုဟု၊ငြင်းဆန်ပြုလျက်၊ များထုလှည့်ပတ်၊ ဒေးရှိန်သတ်ကို၊ ပြန်အပ်ပြီးမှ၊ သောမနဖြင့်၊ ရွှင်ပဝန်းသာ၊ ရှိသောခါဝယ်"ဟု ရေးစပ်ထားသည်ကို ဖတ်ရှုရပါသည်။
ယင်းကြောင့် မြို့သူကြီးသည် ပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေချိန်တွင်ကုမ္ပဏီနယ်ချဲ့အစိုးရက ပေးကမ်းထားသည့် အခွင့်အရေးကို မယူခဲ့ဘဲ ပြည်သူနှင့်လက်တွဲခဲ့သည့် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်သည်ကို တွေ့နိုင်ပါသည်။
ပြည်သူတို့၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြုံနေရသည့် တဆက်တည်းမှာကုမ္ပဏီအစိုးရ၏ ပေးသောကတိစကားများ ပျက်ကွက်လာသည်ကို တွေ့ရသည်။ရခိုင်ကို ကုမ္ပဏီနယ်ချဲ့အစိုးရသည် ရေရှည်အုပ်စိုးရရန် လိုလားကြောင်း တွေ့လာသည်။ ယင်းကြောင့် မင်းသားကြီးဒေးဝန်းကြီးတို့နှင့်အတူ မြို့သူကြီးမှာ နယ်ချဲ့သမားများအား တော်လှန်ရ စိုင်းပြင်သည်။ သို့သော် တော်လှန်ရေးကား အောင်ပွဲနှင့် လွဲခဲ့ရသည်။ ဝံသဟိန္နံ မျိုးမမှန်သည့် လင်းပြန်မသား တစ်ကျိပ် ခြောက်ယောက်တို့ သစ္စာဖောက်မှုကြောင့် ဖြစ်သည်။ မြို့သူကြီးကို မင်းသားကြီး ဒေးဝန်းကြီးကြီးအခြားသွေးသောက် ရောင်းရင်းများနှင့်အတူ "မိစ္ဆာမြေဟု၊ သူ့မြေဒသကို၊ တို့မိဘအစဉ်အလာ၊ ရန်ခါဆန်းထူး၊ မရောက်ဘူးတည့်၊ ဝေးကျူးကူလားရွာ"သို့ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလေသည်။
မြို့သူကြီးသည် ဦးဆောက်လင်းပြန် မျိုးမမှန် လွန်ယုတ်မာသည့် သစ္စာဖောက်များကို ကမ္ဘာနှင့်ချီ၍ နာကျည်းခဲ့သည်။ မိစ္ဆာလူ့ဗာလတို့ အမည်နာမစံရဖွေရှောက်ဖွေဟုငြား၊ အောင်ကုလားနှင့်မယား ငပုဝေ အစရှိသည်တို့အား ကျိန်စာအမျိုးမျိုး တိုက်ခဲ့သည်။ ဘုရားနတ် သိကြားများထံ အမျိုးမျိုးတိုင်တည်ခဲ့သည်။တော်လှန်ရေးအတွက် မကြေဥဒါန်း အမူကွန်းကို ရေးထိုးခဲ့သည်။
"ဥဒါန်းမကြေဖြစ်ရလေခြင်း----ဘ၀တစ်ဆစ်၊ လူပြန်ဖြစ်၍ အသစ်ခုပင်၊ တော်လှန်ချင်သည်၊ ဘယ်တွင် မမေ့နိုင်သောကြောင့်"ဟု ထောင်တွင်းကဗျာဖြင့် နှောင်းလူများအား နယ်ချဲ့သမားနှင့် သစ္စာဖောက်တို့အား တိုက်ခိုက်ရန်သတိပေးရေးသားခဲ့သည်။
အပြစ်ဒဏ် မည်မျှခံခဲ့ရသည်ကိုကား မသိရ၊ ထောင်မှလွတ်၍ သင်္ဘောဖြင့် ရခိုင်သို့ ပြန်လာခဲ့သည်။ စစ်တွေမြို့ကို သင်္ဘောပေါ်မှ မြင်ရပုံ၊ မြို့ဝန်းကျင်သာယာပုံတို့ကို စာရတု သွယ်ခဲ့သည်။ မိမိ၏သားသမီးများနှင့် ဆုံဆည်းရာ ပျော်ရွှင်အားရပုံများကို မှတ်တမ်းပြုခဲ့သည်။
လွန်နှစ်သက်တို့နှစ်ဖြာ၊ သည်းချာအူပြီး၊ သားအကြီးကို၊ ရည်မှန်းနိဗ္ဗာန်ငှာလျှင်၊ သံသရာဖို့အကြောင်း၊ ရှင်သာမဏေပြုခဲ့ သည်များကိုလည်း မြို့သူကြီးထောင်မှလွတ်လာ၍ အပြန်တွင် ပြုလုပ်ခဲ့သည်။
ယင်းနောက် ချက်မြှုပ်ရာ မိနှင့်ဘဌာနဟူထွေ၊ ကျိန်းမြို့မြေသို့ သွားရောက်သည်။ ဂနိုင်သာမော ကျိန်းတောင်တော၊ ကျိန်းမြို့ ကျိန်းရွာဒေ၊ နာမဂဟေ၊ကျက်သရေတွင်၊ အလှကြင်ယာ၊ မယ်နှစ်ဖြာနှင့်၊ ဟင်္သာမောင်နှမတို့ ကဲ့သို့ မကွာသည်းချာနှစ်ပါးသမီးသားနှင့် ပျော်ပါးစွာနေထိုင်ကြသည်ကို မြို့သူကြီးက မိမိ၏ဘ၀မှတ်တမ်းကို တင်ပြခဲ့သည်။
________
ဝန်ခံချက်။ ။ မြထွန်းအောင်ရေးသား`၍ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသည့် "ကိုလိုနီဘဝ ရွှေပြည်ရခိုင်" စာအုပ်မှထုတ်နှုတ်၍ "ကျောက်ဖြူလူငယ်များမီဒီယာ"အဖွဲ့မှ ပြန်လည်ဖော်ပြပါသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။