ရန်ကုန်မြို့တွင် အာရှစံချိန်တင် ပမာဏ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်တိုက် ဆိုသလို ဖမ်းဆီးရမိ နေပြီး သံသယတရားခံများ စာရင်းကို ကြေညာထားကာ တချို့ကိုလည်း ဖမ်းဆီးရမိထားပြီ ဖြစ်သည်။ သို့သော် ယင်းမူးယစ်ဆေးဝါးများ လာရာလမ်းကြောင်း အပါအဝင် အဓိက လက်သည် တရားခံသည် မည်သူနည်း ဆိုသည်ကို ယနေ့တိုင် ရဲတပ်ဖွဲ့က ဂဃနဏ မထုတ်ပြန်သေးပါ။
ထိုကိစ္စသည် ပြည်သူလူထုကြားတွင်လည်း ဂယက်ရိုက်နေပြီး အစိုးရနှင့် ရဲတပ်ဖွဲ့က မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်နေသည်ကို လူထုက စိတ်ဝင်တစား စောင့်ကြည့်နေသည်။
“ဒီလောက်များတဲ့ မူးယစ်ဆေးတွေ ရန်ကုန်လို နေရာအထိ ဘေးမသီရန်မခ ရောက်လာနိုင်တာဟာ ဘယ်လိုကြောင့် လဲ၊ အံ့ဩတယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကောလာဟလတွေလည်း ကြားရပေမယ့် မသေချာတော့ မပြောချင်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စမှာ အစိုးရအနေနဲ့ မပတ်သက်နေပါစေနဲ့လို့ ဆုတောင်း တယ်။ ပတ်သက်နေရင်လည်း နောင် တက်လာတဲ့ အစိုးရက ပြတ်ပြတ်သားသားရှင်းဖို့ လိုလိမ့်မယ်။ ဘယ်သူတွေ တာဝန်ရှိနေသလဲ။ ဖော်ထုတ်သင့်တယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
“အာရှစံချိန်တင်ပမာဏ မူးယစ်ဆေးဝါးများ” ဖမ်းဆီးရမိသည့်ကိစ္စ၏ ကနဦး ဖြစ်စဉ်သည် မင်္ဂလာ ဒုံမြို့နယ် အိုးအိမ် ခြောက်လမ်းသွား လမ်းမဘေးတွင် အချိန်ကြာမြင့်စွာ ရပ်နားထားသည့် ကွန်တိန်နာ အတွင်းမှ စိတ်ကြွဆေးပြားပေါင်း ၂၆ ဒသမ ၇ သန်းကို ပိုင်ရှင်မဲ့ အဖြစ် တွေ့ရှိရာမှ စတင်ခဲ့သည်။
ယင်းကိစ္စ အပေါ် ရဲတပ်ဖွဲ့က ကွင်းဆက်လိုက် စုံစမ်းစစ်ဆေးခဲ့ရာမှ ကွန်တိန်နာယာဉ် အမည်ပေါက် ပိုင်ရှင်သည် ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ မင်းဦးခိုင်ဟု သိရှိလာရသည်။ ရဲတပ်ဖွဲ့က သံသယ တရားခံ အဖြစ် ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီ မန်နေး ဂျင်း ဒါရိုက်တာ မင်းဦးခိုင် အပါအဝင် သံသယရှိသူ ၁၂ ဦး ကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဝင်းလှိုင်၊ ကျော်အေးလှိုင်၊ ကျော်လှိုင်၊ လှမောင်၊ မောင်ဝင်း၊ စိုးရှင်း (ခ) အားရှင်၊ ရန်ရှောက်ဟွာ၊ မြတ်နှင်းအေး၊ သန်းမြင့်၊ နှင်းအေးငြိမ်း၊ သန်းရွှေ အစရှိသူများကို လွတ်မြောက်နေသည့် တရားခံပြေးများ အဖြစ် ကြေညာထားသည်။
ဇူလိုင်လမှ စက်တင်ဘာလ အတွင်း သံသယ တရားခံ မင်းဦးခိုင်နှင့် ဆက်စပ်နေသည့် နေအိမ်များ၊ ရုံးများတွင် အကြိမ်ကြိမ် ရှာဖွေခဲ့ရာ စိတ်ကြွ ဆေးပြားပေါင်း ၃၃ သန်း (တန်ဖိုး ငွေကျပ်သန်းပေါင်း ၂၈၉၃၈ ကျော်) ဖမ်းဆီးရမိ ထားသည်ဟု မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
လူထုအကြား စိတ်ဝင်တစား ဂယက်ရိုက်နေသည့် မူးယစ်ဆေးဝါး ပြဿနာ ဇစ်မြစ်နှင့် တရားခံများကို ဖော်ထုတ် ဖမ်းဆီးရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC)၊ ခရိုင် ရဲတပ်ဖွဲ့များ၊ နယ်မြေခံ ရဲတပ်ဖွဲ့များ ပါဝင်သော အထူးအဖွဲ့ တဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်းက “အခု ဆက်တိုက်မိနေတဲ့ ကိစ္စ အများစုသည် ဆက်စပ်မှုရှိတယ် လို့ ပြောလို့ ရတယ်။ ပစ္စည်းတွေ မိနေတဲ့ နေရာတိုင်းကိုတော့ ကျနော်တို့ ဖမ်းဆီးထားတဲ့ မင်းဦးခိုင် တဦးတည်း ပိုင်ဆိုင် တာ မဟုတ်ဘဲ တချို့အိမ်တွေက ငှားထားတာ။ မင်းဦးခိုင်သည် အဓိက တရားခံလား၊ သူကိုယ်တိုင် ထုတ်လုပ် ဖြန့်ဖြူး သူလား ဆိုတာကတော့ ပြောရခက်တယ်။ သူသည် တရားခံ ဟုတ်၊ မဟုတ်ဆိုတာသည် တရားသူကြီးက ဆုံးဖြတ် ရမယ့်ကိစ္စ ဖြစ်တယ်။ လတ်တလောမှာ ပြောနိုင်တာက မင်းဦးခိုင်သည် ကုမ္ပဏီ၏ တာဝန်ရှိသူ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လမှ စတင်ခဲ့သည့် အဆိုပါ စံချိန်တင် မူးယစ်ဆေးဝါးများ လာရာလမ်းကြောင်းကို ရှမ်းပြည်နယ် မြောက်ပိုင်း ဘက်မှ ဖြစ်သည်ဟု သုံးသပ် ထားကြောင်း၊ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ အရပ်ရပ်ကို စစ်ဆေး ဖော်ထုတ်ဆဲ ပင် ရှိသေးကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ထံမှ သိရသည်။
“သူတို့ဆီက ရတဲ့ မူးယစ်ဆေးဝါးမျိုး ပြည်ပ ရောက်သွားခဲ့ပြီလား၊ ဘာလား ဆိုတာကို ကျနော်တို့ ထုတ်ဖော် မပြောသေးဘူး။ လာရာလမ်းကြောင်းလို့ သိထားတဲ့ ရှမ်းပြည်နယ်ဘက်ကိုတော့ သတင်းရှိမှ ရှာဖွေမှု လုပ်မှာ ပါ။ အခုတော့ ဆက်စပ်မှု အနေနဲ့ စစ်တွေက တယောက်ကို ထပ်ဖမ်းထားတယ်။ မင်းဦးခိုင်ကို စစ်ဆေးရင်းနဲ့ တရားခံပြေး စာရင်း ထပ်တိုးတာလည်း ရှိတယ်။ တချို့ ကိစ္စတွေကိုတော့ ပြောလို့ မရဘူး။ ရှေ့ဆက် လုပ်ငန်းစဉ် ပျက်သွားမှာ စိုးတယ်” ဟု CCDAC မှ ရဲမှူးကြီးမြင့်သိန်းက ရှင်းပြသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မင်းဦးခိုင်နှင့် အပေါင်း အပါများထံမှ ဖမ်းဆီးရမိနေသည့် မူးယစ်ဆေးဝါးများသည် ရခိုင်ပြည်နယ် မှတဆင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပို့ဆောင်ရန် ဖြစ်ကြောင်း သိရှိထားသည်။ ထို့ကြောင့် မင်းဦးခိုင်နှင့် လုပ်ငန်းတွဲဖက် လုပ်ကိုင် နေသူ လှမောင် (ခ) ကျော်အေးလှိုင် ပိုင်ဆိုင်သည့် စစ်တွေယာဉ်လိုင်းတခုမှ ဂိတ်မှူးကို လည်း ဆက်စပ် တရားခံ အဖြစ် စက်တင်ဘာလ နောက်ဆုံးပတ်က ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ရခိုင်ပြည်နယ် အခြေစိုက် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတဦးက “မူးယစ်ဆေးဝါး ပြဿနာတွေက ဒီဘက်မှာ ဖြစ်နေတာကြာပြီ။ ရှမ်းပြည်နယ် ဘက်ကနေ မန္တလေး၊ အဲဒီက တဆင့် ရခိုင်ပြည်နယ်၊ အဲဒီကနေ ဆက်ပြီးတော့ တဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်နေတာကို ဒေသခံတွေက ကြားနေရတယ်။ ဒါပေမယ့် လွတ်နေဆဲပဲ။ အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်” ဟု ဧရာဝတီသို့ ပြော သည်။
မင်းဦးခိုင်နှင့် အပေါင်းအပါများ ထံမှ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဖြစ်သည် ဟု ရဲတပ်ဖွဲ့က ယူဆကြောင်း ပြောဆိုထားရာ ပြည်သူလူထု အပါအဝင် နိုင်ငံရေး အသိုင်းအဝိုင်းက ယင်းမူးယစ် ဆေးဝါးများ စတင် ထွက်ရှိရာနေရာမှ ရန်ကုန်မြို့အထိ မည်သို့သော လမ်းကြောင်းမှ သယ်ဆောင်လာခဲ့သနည်း ဟူသည့် အချက်ကို စိတ်ဝင်စားလျက် ရှိပြီး လမ်းတလျှောက်ရှိ စစ်ဆေးရေး ဂိတ်များ၏ ပေါ့လျော့မှုအပေါ် ပြစ်တင် ဝေဖန်မှုများ ရှိနေသည်။
“မူးယစ်ဆေးဝါးတွေက ရန်ကုန်လိုနေရာမှာ လာမိတယ်။ အဓိကက မိတဲ့ နေရာသည် ချက်တဲ့ နေရာ မဟုတ်ဘူး။ ဒါတွေသည် ဘယ်နိုင်ငံက ဝင်လာသလဲ။ ဘယ်က ဝင်လာသလဲ။ ဝင်လာတဲ့ လမ်းကြောင်းကို မပိတ်နိုင်ဘူး ဆိုတာက ထိန်းသိမ်းနိုင်မှု ညံ့ဖျင်းတယ် လို့ ပြောရမှာပေါ့။ Mobile Team တွေ အများကြီး ရှိနေလျက်နဲ့ ကားတွေ အစီးလိုက်နဲ့ ဝင်လာတယ်။ ဒါတွေ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ တာဝန်ကို ဘယ်သူတွေ ယူကြမှာလဲ။ နိုင်ငံက ယိုပေါက်တွေ အများကြီးပဲ။ လုံခြုံရေး အရ၊ စစ်ရေး အရဆိုရင် ဘယ်လောက် စိတ်ပူစရာကောင်းသလဲ။ စွမ်းရည် ညံ့ဖျင်းသေးတယ် လို့ ပြောရမယ်။ အစိုးရက ကိုယ့်တာဝန်နဲ့ကိုယ်၊ နိုင်ငံကာကွယ်ရေး ကလည်း ကိုယ့်တာဝန်နဲ့ကိုယ် ပိတ်ဆို့မှုတွေ လုပ်ရမှာ ဖြစ်တယ်” ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က သုံးသပ်ပြောကြားသည်။
လတ်တလော ဖြစ်ပေါ်နေသည့် မူးယစ်အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အတွင်း ရာထူးအပြောင်းအလဲများ ရှိကြောင်း၊ သယ်ဆောင်လာရာ လမ်းကြောင်း တလျှောက်တွင် အာဏာပိုင် ပုဂ္ဂိုလ်တချို့ ပါဝင် ပတ်သက်နေကြောင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ကောလာဟလများ ထွက်ပေါ်လျက် ရှိသော်လည်း ရဲတပ်ဖွဲ့ကမူ ယင်းကိစ္စအပေါ် ငြင်းဆိုထားသည်။
ရဲမှူးကြီး မြင့်သိန်းက “ရဲတပ်ဖွဲ့ထဲမှာလည်း ရာထူး အပြောင်းအလဲ မရှိဘူး။ ဒီသတင်းလည်း မဟုတ်ဘူး” ဟု တုံ့ပြန် ပြောဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး အမှုများ အနေဖြင့် ၂၀၁၂ ခုနှစ်တွင် ၄၀ဝ၆ မှုနှင့် တရားခံ ၅၇၄၀ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၄၉၂၈ မှုနှင့် တရားခံ ၇၁၃၇ ဦး၊ ၂၀၁၄ ခုနှစ် ဇွန်လ အထိ ၂၉၂၆ မှုနှင့် တရားခံ ၃၉၈၉ ဦးကို ဖမ်းဆီးခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါးမှုများ အပါအဝင် တခြား အမှုအခင်းများ၌ ပါဝင်ပတ်သက် ခဲ့မှုများ အပေါ် ၂၀၁၂ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ အရာရှိ ၄၃၃ ဦးနှင့် အခြားအဆင့် ၂၁၂ ဦးကို အရေးယူထားကြောင်း သိရသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာ အရ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချ မှု ဒုတိယအများဆုံးသည် မြန်မာနိုင်ငံ ဖြစ်ပြီး ထုတ်လုပ်မှု အများဆုံးမှာ ရှမ်းပြည်နယ် ဖြစ်ကြောင်း သိရသည်။
အစိုးရ အပါအဝင် ဒေသခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း တချို့က ဘိန်းအစားထိုး စိုက်ခင်းများ၊ ဘိန်းစိုက်တောင်သူများကို ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျမှုမှာ ၁၀ ရာခိုင်နှုန်းပင် မပြည့်သေးပေ။
စံချိန်တင်ပမာဏ မူးယစ်ဆေးဝါးများ ဆက်လက်ဖော်ထုတ် တွေ့ရှိနေခြင်း၊ ဆေးဝါးများ သယ်ဆောင်ရာ လမ်းတလျှောက်မှ ရန်ကုန်မြို့ အထိ အန္တရာယ်ကင်းစွာ ရောက်လာနိုင်ခြင်းနှင့် အဓိက လက်သည်တရားခံ ဖော်ထုတ်နေမှုတွင် မေးခွန်းများစွာ ဆက်လက်ထွက်ပေါ်နေပြီး ပြည်သူလူထုကလည်း စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။ ။
http://burma.irrawaddy.org/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။