ဒေါ်စုရဲ့ ရခိုင်ခရီးစဉ်ဟာ တကယ့်စွန့်စားခန်းပါ


သူမအတွက် အသက်နဲ့ရင်းရတဲ့ စွန့်စားခန်းဖြစ်သလို ဒေသခံရခိုင်လူမျိုးတွေအတွက်လည်း လူမျိုးတစ်မျိုးလုံးရဲ့ ဂုဏ်သိက္ခာနဲ့ ရင်းရတဲ့ စွန့်စားခန်းဖြစ်ပါတယ်။

တိုင်းပြည်ရဲ့အာဏာကို မောင်ပိုင်စီးထားတဲ့ အုပ်စုတစ်ခုရဲ့ ကစားကွက်အောက်မှာ နိုင်ငံတကာ မီဒီယာတံတွေးခွက်ထဲ ရခိုင်လူမျိုးတွေ ပိုးလိုပက်လက် မျှောခဲ့ရတာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ရခိုင်တွေရဲ့ ရင်ဘတ်ထဲ ရခိုင်မဟုတ်တဲ့ လူတွေ ကိုယ်ချင်းစာပေးနိုင်တယ်ဆိုတာ အလွန်ဆုံး ၇၀%လောက်ပါပဲ။ အဲလိုပြောလို့ စိတ်မဆိုးကြပါနဲ့။ ဒါဟာ ခါးသီးတဲ့ အမှန်တရားပါ။

အဲဒီလို ရခိုင်တွေ နာမည်ဖျက်ခံနေရတဲ့ အနေအထားကို ခုတုံးလုပ်ပြီး ဒေါ်စုခရီးစဉ်အတောအတွင်း ခလောက်ဆန်မယ့် အစီအစဉ်တွေ ရှိနေခဲ့ပါတယ်။ ဒါ လူတိုင်းသိပြီးသား ဖြစ်မှာပါ။

ဒေါ်စု ရခိုင်ပြည်ကို ဘာကြောင့် စွန့်စားပြီး လာရတာလဲ။ အများစုက ပြောကြပါတယ်။ ရခိုင်တွေဆီက မဲလိုချင်လို့။ ဒါ တစိတ်တပိုင်းအားဖြင့် မှန်ပါလိမ့်မယ်။ ဒါပေမယ့် အဓိကအချက်လို့ ကျွန်တော်မထင်ပါဘူး။ အဓိကအချက်က စစ်အာဏာရှင်ခေတ်တလျှောက်လုံး ပါတီအပေါ် သစ္စာရှိစွာနဲ့ အဖိနှိပ်ခံ၊ ဘ၀ပျက်ခံ ပေးဆပ်ခဲ့တဲ့ ရခိုင်က NLD ပါတီဝင်တွေကို အားပေးချင်လို့ပါ။ ဒါ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်ပါ။ အဲဒီလို မြင်ရခြင်းအတွက် ကျွန်တော့်ဖက်မှာ ဖြေရှင်းစရာ အဆင်သင့်ရှိပါတယ်။ ၂၀၀၅ခုနှစ်က တောင်ကုတ် NLD ဥက္ကဌကို အသည်းအသန် နေမကောင်းဖြစ်နေတဲ့အချိန် ဂလူးဂို့စ်ပိုက်တန်းလန်းနဲ့ စစ်ကားပေါ်တင်ပြီး သံတွဲထောင်ကို မောင်းသွားတဲ့ မြင်ကွင်း ခုချိန်ထိ ကျွန်တော်မျက်စိထဲက မထွက်ပါဘူး။ ကျွန်တော့်ရဲ့ ဆွေမျိုးသားချင်း NLD တစ်ယောက် ထောင်ကျနေတဲ့အချိန် သူ့အိမ်ကို တခြားကိစ္စတစ်ခုနဲ့ ဖုန်းဆက်တာ ဖုန်းအိမ်က ခေါ်မပေးရဲတဲ့အထိ ဖြစ်ပျက်ခဲ့တာ ကိုယ်တွေ့ ကြုံခဲ့ရဖူးပါတယ်။ အဲဒီလို ဘ၀ပျက်ခံပေးဆပ်ခဲ့တဲ့လူတွေကို အားပေးဖို့အတွက် ဒေါ်စု ဒီခရီးစဉ်ကို လာခဲ့တာလို့ ရိုးရိုးလေးပဲ ကျွန်တော်မြင်မိပါတယ်။

ဒါပေမယ့် NLD ဟာ ရခိုင်ပြည်နယ်မှာ အသာစီးရနိုင်သလားဆိုတော့ မရနိုင်ပါဘူး။ ဒေါ်စုကိုယ်တိုင်လည်း ဒီအချက်ကို လက်ခံပြီးသားပါ။ ရခိုင်ပြည်နယ်မှာ မဲအများဆုံးနိုင်မယ့် ပါတီက ရခိုင်အမျိုးသားပါတီ ANP ပဲ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ တခြားတိုင်းရင်းသားပြည်နယ်တွေနဲ့ မတူညီတဲ့အချက်က ရခိုင်ပြည်နယ်ဟာ တရားမ၀င် လူမျိုးခြားတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါတယ်။ ဒေသတွင်း အင်အားကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အိန္ဒိယသမုဒ္ဓရာ ပင်လယ်ထွက်ပေါက်အဖြစ် သတ်မှတ်ခံထားရတဲ့ မဟာဗျူဟာမြောက် အချက်အခြာနေရာတစ်ခု ဖြစ်နေပါတယ်။ ကမ်းလွန်ရေနံနဲ့ သဘာဓာတ်ငွေ့အပါအ၀င် သဘာဝ သယံဇာတပေါကြွယ်ဝလို့ အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးအရ မျက်စိကျစရာ ဖြစ်နေပါတယ်။ အဲဒီလို အနေအထားတွေ ရှိနေတဲ့ ရခိုင်ဒေသဟာ အံ့သြစရာကောင်းလောက်အောင် မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်နေပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက ရခိုင်ပြည်နယ်ဟာ ပြည်မအခြေစိုက် ပါတီတွေရဲ့ လက်အောက်ခံ ဒေသတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဒီအနေအထားကို ဖြတ်သန်းပြီးတဲ့နောက်ပိုင်းမှာ ဘယ်လောက်ကောင်းတယ်ပြောပြော ပြည်မအခြေစိုက်ပါတီတွေဟာ ရခိုင်ဒေသရဲ့ ကောင်းကျိုးကို အပြည့်အ၀ ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ရခိုင်လူမျိုးတွေ သဘောပေါက်လာခဲ့ပါတယ်။ အဲဒါကြောင့် ရခိုင်တို့ရဲ့ ကြမ္မာကို ရခိုင်ပါတီကသာ ဖန်တီးနိုင်မယ်ဆိုတဲ့ အယူအဆဟာ NLD ကြားဖြတ်ရွေးကောက်ပွဲမ၀င်ခင် ကာလကတည်းက ရခိုင်ပြည်နယ်မှာ ရှင်သန်နေခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုအစိုးရကနေ တိုက်ရိုက်ခန့်အပ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်အစိုးရလက်အောက်မှာ ရခိုင်ပြည်နယ်ဟာ အာဏာခွဲဝေမှု မညီမျှခြင်း၊ သယံဇာတအကျိုးအမြတ် ခွဲဝေမှုမညီမျှခြင်းတွေကို လူမျိုးရေးအဓိကရုဏ်းနဲ့ အတူ ခါးစီးခံခဲ့ပြီးပါပြီ။ အဲဒီအခြေအနေမျိုးမှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကပဲ အပြောင်းအလဲလုပ်မယ်ပြောပြော ရခိုင်တွေ အယုံအကြည် မရှိကြတော့ပါဘူး။ ဒါပေမယ့် ပြည်ထောင်စုအဆင့် ခြစားနေတဲ့ အုပ်ချုပ်မှုစနစ်ကို အပြောင်းအလဲလုပ်ဖို့အတွက် NLD ကို တခြားတိုင်းရင်းသားများနည်းတူ ရခိုင်တွေ မျှော်လင့်နေကြပါတယ်။

အဲဒီမျှော်လင့်ချက်အတွက် သက်သေခံချက်ကတော့ ဒေါ်စုရခိုင်ခရီးစဉ်ကို ကြိုဆိုကြတဲ့ ရခိုင်ဒေသခံတွေထဲက တချို့ ကိုင်ဆောင်ခဲ့တဲ့
"ရခိုင်ပြည်မှာ ANP "
"တန်းတူညီမျှမယ့် ဖက်ဒရယ်ဆီ"
"အားလုံးဖြစ်စေချင်တဲ့ အစိုးရက NLD"
ဆိုတဲ့ ဆိုင်းဘုတ်ပဲ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ဟာ ပြည်ထောင်စုအဆင့် အစိုးရဖွဲ့နိုင်တဲ့ ပါတီကြီးမဟုတ်ပါဘူး။ သူတို့ရဲ့ အန္တိမရည်မှန်းချက်က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ဖို့ ကြိုးပမ်းမယ့် ဘယ်ပါတီမဆို မဟာမိတ်အဖြစ် လက်တွဲဖို့ ၀န်မလေးပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုအနေနဲ့ ရခိုင်ပြည်နယ်ဟာ နိုင်ငံတော်လုံခြုံရေးကို အဓိကခြိမ်းခြောက်နေတဲ့ တရားမ၀င် ဘင်္ဂလီအရေးကို ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနဲ့ တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်နှိမ်နင်းသွားဖို့ အဆင်သင့်ရှိနေပါတယ်။ လက်ရှိပြည်ခိုင်ဖြိုးအစိုးရလိုမျိုး မလိုတမျိုး လိုတမျိုး ရခိုင်တွေ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။

အဲဒီလို အပြောင်းအလဲကို လိုလားတဲ့ ရခိုင်လူမျိုးတွေဟာ ဒေါ်စုခရီးစဉ်သတင်းကြားကတည်းက အဖျက်အမှောင့် မျိုးစုံကြားထဲကနေ သူမရဲ့ ဘေးကင်းလုံခြုံမှုအတွက် အချင်းချင်း လူသိရှင်ကြား ဆော်သြတာတွေ ရှိသလို နောက်ကွယ်ကနေ အပြန်အလှန်ဆွေးနွေးတိုင်ပင်ပြီး ကာကွယ်ဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ အဲဒီလို ကြိုးစားခဲ့တာကြောင့် ဒေါ်စုခရီးစဉ်စတင်ကတည်းက အဆိုတော်လင်းလင်းတို့ အာဏာပိုင်တွေဆီမှာ တားဆီးခံခဲ့ရတာကလွဲရင် အစစအရာရာ အဆင်ပြေချောမွေ့ခဲ့တာဖြစ်ပါတယ်။ ရခိုင်ခရီးစဉ်အတွင်း ဒေါ်စုကို အန္တရာယ် တစုံတရာ ပြုခဲ့ရင် သူမရဲ့ ကိုယ်ရံတော်တွေရဲ့ ရှေ့ကနေ ရခိုင်တွေ အသက်ပေး ကာကွယ်သွားဖို့အထိ အဆင်သင့်ရှိနေခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ဒေါ်စုကို ကာကွယ်တယ်ဆိုတာထက် တချိန်လုံး အရိုင်းအစိုင်းတွေအဖြစ် နာမည်ဖျက်ခံနေရတဲ့ ရခိုင်လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ခြင်း ဖြစ်ပါတယ်။ အဲဒီလို မကာကွယ်ခဲ့ရင် အဓိကရုဏ်းတစ်ခု အချိန်မရွေး ဖြစ်ပွားလာနိုင်ခြေရှိတဲ့ ဒေသတစ်ခုမှာ မသမာသူတွေက အဖျက်အမှောင့်လုပ်ရပ်တစ်ခုကို ပြုလုပ်လိုက်တာနဲ့ ဖြစ်လာမယ့် အကျိုးဆက်က မတွေးဝံ့စရာပါပဲ။ ဒေါ်စုပဲလာလာ ဦးသိန်းစိန်ပဲလာလာ ကိုယ့်ဒေသကို ရောက်လာတဲ့ဧည့်သည်ကို ခလုပ်မထိဆူးမငြိအောင် ကာကွယ်ရမှာ အိမ်ရှင်တွေရဲ့ ၀တ္တရားဖြစ်ပါတယ်။ တကယ်လို့ ဒေသခံတွေသာ အဲဒီလို နိုးကြားမှု မရှိခဲ့ရင် မသမာသူတွေက မလျော်မကန် တစ်ခုခုလုပ်လာတာနဲ့ ဒေါ်စုနဲ့အတူပါလာတဲ့ လုံခြုံရေးတွေဆိုတာ အလကားပါ။ အဆိုတော်လင်းလင်းအနေနဲ့ ဒီအချက်ကို သဘောပေါက်သင့်ပါတယ်။

အဲဒီလို ရခိုင်တွေဖက်က အိမ်ရှင်ဝတ္တရားကျေပြွန်စွာနဲ့ ပြည်ထောင်စုခေါင်းဆောင်တစ်ဦးကို ကြိုဆိုနေတဲ့အချိန်မှာ NLD ထောက်ခံသူတွေနဲ့ ရခိုင်တွေကြားထဲမှာ မီဒီယာကျင့်ဝတ်မစောင့်စည်းပဲ ခလောက်ဆန်ဖို့ လုပ်လာသူကတော့ NLD ကို အားပေးထောက်ခံပါတယ်ဆိုတဲ့ ကမာရွတ်မီဒီယာပဲ ဖြစ်ပါတယ်။ ဒေါ်စုကို ကြိုဆိုနေတဲ့ ရခိုင်လူငယ်တွေ ကိုင်ဆောင်ထားတဲ့ ဗီနိုင်းဆိုင်းဘုတ်ပါစာသားထဲက ရခိုင်ပြည်မှာ ANP ဆိုတဲ့စာသားမှာ ANP ကို ဖျက်ပြီး NLD စတစ်ကာတွေကပ်ပြီး လုပ်ကြံခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် ကမာရွတ်မီဒီယာရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

အဲဒီမီဒီယာရဲ့ အယ်ဒီတာချုပ်ဆိုသူဟာ ဖေ့ဘုတ်ပေါ်မှာ လူမျိုးရေးဆန်တဲ့ လှုပ်ရှားမှုတွေကို အမြဲတစေ ရှုံ့ချလေ့ရှိသူပါ။ အဲတော့ မေးစရာရှိလာပါပြီ။ လူမျိုးရေးဆန်တဲ့ လုပ်ရပ်ဆိုတာ ဗုဒ္ဓဘာသာတွေနဲ့ မူဆလင်ကြားထဲက ပြဿနာတွေကိုပဲ ဆိုလိုတာလား။ ဗုဒ္ဓဘာသာဝင်ရခိုင်တွေနဲ့ ဗုဒ္ဓဘာသာဝင် NLD ထောက်ခံသူတွေကြားထဲမှာ ဖြစ်တဲ့ပြဿနာကျတော့ ကမာရွတ်မီဒီယာရဲ့ ပေါ်လစီထဲမှာ အကြုံးမ၀င်လို့ ခုလို လုပ်တာလား။ ရခိုင်နဲ့ NLD ကြား ပြဿနာဖြစ်ရင် အဲဒ်ကိုလူမျိုးရေး ပြဿနာလို့ ကမာရွတ်မီဒီယာက မသတ်မှတ်ဘူးလား။ မူဆလင်ကိုထိခိုက်မှပဲ လူမျိုးရေးပြဿနာ ဖြစ်တာလား။ ကမာရွတ်မီဒီယာရဲ့ ရပ်တည်ချက်က အဲလိုလား။ ကမာရွတ်မီဒီယာက ပြည်ထောင်စုဖက်က ရပ်တည်တာလား၊ မူဆလင်ဖက်ကပဲ ရပ်တည်မှာလား။ ဘင်္ဂလီတွေဖက်ကပဲ ရပ်တည်မှာလား။
NLD အပေါ်မှာရော ကမာရွတ်မီဒီယာက တကယ်ရော နှစ်နှစ်ကာကာ ထောက်ခံရဲ့လား။

အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ NLD ရဲ့ မူဝါဒတစ်ခုကို NLD ကိုထောက်ခံပါတယ်ဆိုတဲ့ ကမာရွတ်မီဒီယာက ကျင့်ဝတ်နဲ့မညီပဲ ခုလိုချိုးဖောက်တဲ့ လုပ်ရပ်ကို NLD တွေကလည်း မထောက်ခံပါဘူး။ မေးခွန်းတွေထုတ်နေကြပါပြီ။

ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ကမာရွတ်မီဒီယာ ဘာလဲ၊ ဘယ်လဲဆိုတာ အယ်ဒီတာချုပ်ကိုယ်တိုင် ဖြေရှင်းပါ။ ဒါမှမဟုတ်ရင်တော့ ကမာရွတ်မီဒီယာကို ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ စတုထ္ထမဏ္ဍိုင်ကနေ ဖယ်ရှားဖို့ ကြိုးစားရပါလိမ့်မယ်။

ရခိုင်တစ်မျိုးသားလုံးကိုယ်စား

မြတ်သိန်းထွန်း (ဘွရှင်)
ဝံသာနု

Credit: Myat Thein Tun 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။