အစိုးရ နှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တိုက်ပွဲအပြင်းထန် ဖြစ်ပွား




အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ ၀မ်ဟိုင်းဌာနချုပ်နဲ့ ၅ မိုင်လောက်အကွာ ၀မ်လွိုင်နဲ့ မိုင်းအတ် ကျေးရွာအုပ်စု ၂ ခုကြား တောအုပ်ထဲမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက “စကခ ၂ လက်အောက်ခံ တပ်ဖြစ်တဲ့ စစ်ကြောင်းတခုက မိုင်းမော်ဘက်ကနေ လာပြီးတော့ အခု ၀မ်ဟိုင်းနဲ့ ၅ မိုင်လောက်အကွာ ၀မ်လွိုင်နဲ့ မိုင်းအတ်ကြားမှာ မနေ့ည ၁၂ နာရီကနေ အခု ၁၀ နာရီ (မနက်) အချိန်အထိ တိုက်ပွဲဖြစ်နေတုန်း။ ၀မ်ဟိုင်းဌာနချုပ်နဲ့တော့ အတော်နီးကပ်နေပြီ” လို့ ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ) ရဲ့ တာဆမ်ပူးစခန်းကို ၁၆ ရက်နေ့မနက်က အခြေအနေ အကြောင်းကြောင်းကြောင့် တပ် ဆုတ်ပေးလိုက်ပြီးပြီလို့ ဆိုပါတယ်။

“တာဆမ်ပူးစခန်းက ကျနော်တို့ အဖက်ဖက်ကို ဆုံးဖြတ်ပြီး ပြည်သူလူထု တောင်ယာ ပြောင်းဖူးလုပ်နေတဲ့အချိန်လေ။ စစ်ပွဲကာလ ကြာလာတော့ အဲဒီသီးနှံခင်းတွေ ဆုံးရှုံးသွားမှာကတကြောင်း၊ အခု စစ်ပြေးဒုက္ခသည်က တရက်ထက်တရက် တိုးမြင့်လာတဲ့အတွက် အဖက်ဖက်ကို သုံးသပ်ပြီးတော့ ကျနော်တို့ တာဆမ်ပူးစခန်းကို ဆုတ်ပေးလိုက်ခြင်းဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) လက်မှတ်ထိုးပြီး ရက်ပိုင်းအတွင်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို ထိုးစစ်ဆင်နေတဲ့အပေါ် ဗိုလ်မှူးကြီး စိုင်းလက အခုလိုပြောပါတယ်။

“သူတို့ ခွဲပြီးတော့ လက်မှတ်ထိုးတဲ့အဖွဲ့ကို တပိုင်းထားပြီး၊ မထိုးတဲ့အဖွဲ့ကို အခွင့်အရေးယူပြီး စစ်ရေးအရ ထိုးစစ်ဆင်နေတာကို တွေ့နေရတယ်။ ဒါဟာ အစိုးရရဲ့ စစ်မှန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ပဲ ကျနော်တို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် တာဖာဆောင်ဒေသမှာ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်နဲ့ အောက်တိုဘာ ၆ ရက်ကနေ ၉ ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခု ထပ်မံ ဖြစ်ပွားတာပါ။ တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံ စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

____burmese
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။