မျိုးစောင့်ဥပဒေကို ဖျက်ဆီးရန် ကြိုးစားနေသည့်ပါတီ မဲအနိုင်ရပြီး အစိုးရဖွဲ့နိုင်လျှင် ၎င်းဥပဒေဖျက်သိမ်း ခံရနိုင်သည်ဟု တိပိဋကဓရ ရမ္မာဝတီဆရာတော် ဦးဣန္ဒပါလ မိန့်ကြား

ကျော်ဝင်း
ရန်ကုန်၊ အောက်တိုဘာ ၂၇



မျိုးစောင့် ဥပဒေကို ဖျက်ဆီးဖို့ ကြိုးစားနေသည့် ပါတီများရှိနေပြီး ၎င်းပါတီ မဲအနိုင် ရပြီး အစိုးရဖွဲ့နိုင်ခဲ့လျှင် မျိုးစောင့် ဥပဒေ ဖျက်သိမ်းခံရနိုင်သည်ဟု တိပိဋကဓရ ရမ္မာဝတီ ဆရာတော် ဦးဣန္ဒပါလ မိန့်ကြားသည်။

ကျောက်ဖြူတွင် အောက်တိုဘာလ ၂၅ ရက်နေ့က မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ်ထပ်ဆင့် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပသည့် အခမ်းအနားတွင် တိပိဋကဓရ ရမ္မာဝတီဆရာတော် ဦးဣန္ဒပါလက ယင်းသို့ မိန့်ကြားသွားခြင်း ဖြစ်သည်။

“ မျိုးစောင့် ဥပဒေကိုဖျက်ဖို့ ကြိုးစားနေတဲ့ ပါတီတွေရှိနေတယ်။ ယင်းပါတီ မဲအနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် ဒီဥပဒေ ဖျက်သိမ်းခံရနိုင်တယ်။ အခွင့်အရေး ဘာမှ မရဘဲဖြစ်သွားနိုင်တယ်။ လက်ရှိ အစိုးရကို ပုန်ကန်လို့ ဖြစ်ပါ့မလား။ သံဃာတော်တွေကို ဘာမှ တိုးတက်အောင် မလုပ်နိုင်တဲ့ လက်ရှိ အစိုးရ နဲ့ ပေါင်းနေလို့ အပြစ်ပြောနေကြတဲ့ လူတွေရှိတယ်။ လက်ရှိအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ပါမှ ကျောက်ဖြူမှာ၊ ရခိုင်မှာ၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓ သာသနာ နေလိုလလို တောက်ပ နိုင်မှာ ဖြစ်တယ်” ဟု ရမ္မာဝတီဆရာတော် ဦးဣန္ဒပါလက မိန့်ကြားခဲ့သည်။

ကျောက်ဖြူတွင် မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ်ထပ်ဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာလ(၂၅) ရက် နေ့လည် ၂ နာရီခန့်က ကျောက်ဖြူမြို့ ဦးဥတ္တမ ပန်းခြံတွင် ကျင်းပခဲ့သည်။

မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ထပ်ဆင့် ဂုဏ်ပြုကြိုဆိုချီတက်ပွဲကို ကျောက်ဖြူ သာသနာ့ ဗိမာန်မှ စတင်၍ ဦးဥတ္တမပန်းခြံထိ လမ်းလျှောက်ချီတက်ခဲ့သည်။၎င်းနောက် ဦးဥတ္တမ ပန်းခြံတွင် ဟောပြောပွဲကို ကျင်းပ ခဲ့သည်။

ကျောက်ဖြူမြို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဥက္ကဌ မူလာရာမ ဆရာတော် ဦးအင်္ကုရ ကလည်း ဘာသာခြားလူမျိုးခြားနဲ့ လက်ထပ်ထိမ်းခြားခဲ့သည့် တိုင်းရင်းသူတိုင်းရင်းသားတွေဟာ စနစ်တကျ ဥပဒေ မရှိသည့် အတွက် ပြသနာပေါ်လာသည့်အခါ နစ်နာခဲ့ရကြောင်း၊ သို့အတွက် မျိုးစောင့် ဥပဒေမှာ ရှိကိုရှိရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

ဆရာတော်တစ်ချို့၏ ဟောပြောခြင်းမှာ အမျိုးဘာသာ သာသနာထက် ပြည်ခိုင်ဖြိုး ပါတီကို မဲဆွယ် သလိုဖြစ်နေသည့် အတွက် အခမ်းအနား တက်ရောက်လာသည့် ပရိတ်တစ်ချို့၏ ဝေဖန်မှုများလည်း ရှိခဲ့သည်ဟု သိရသည်။

မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ်ထပ်ဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ သံဃာတော်များနှင့် ကျောက်ဖြူမြို့ခံလူပေါင်း (၁၀၀၀)ခန့်တက်ရောက်ခဲ့သည်။

_____နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။