မာန်ယုကျော် (ရွှေဝမြေ)
မြောက်ဦး၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ရခိုင် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် အတွက် အမျိုးသားရေး စိတ်ဓာတ်ဖြင့် မဲပေးကြရန် ယခင် ၀န်ကြီးချုပ်ဟောင်း ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက တိုက်တွန်း ပြောကြား လိုက်သည်။
ယင်းကို အောက်တိုဘာလ ၂၆ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှိ နန်းရာကုန်း ၌ မြောက်ဦး မြို့နယ်မှ ကြံ့ခိုင်ရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ရခိုင်သားမှန်ရင် ရခိုင်ပါတီပေးတာ။ အပြစ်မရှိဘူး။ မှန်တယ်။ ဒါဆိုရင် ကျနော်တို့ ပါတီကော ဘာပါတီမို့လို့လဲ။ ရခိုင်သားတွေနဲ့ ရခိုင့်အကျိုး ကိုဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ ရခိုင်ပါတီ တစ်ခုပါပဲ။ နာမည်က သာ ပြည်ခိုင်ဖြိုး ဖြစ်နေတာ။ အားလုံးက ရခိုင်သား။ ယနေ့ ဒီမှာ မြောက်ဦးသားတွေ အားလုံး ရခိုင်သားတွေ။ မြောက်ဦး အကျိုးကို ဆောင်ရွက်မယ့် သူတွေနဲ့ဖွဲ့ထားတဲ့ ရခိုင်ပါတီတစ်ခုပါ။ ဒါကြောင့် ကျနော်ထောက်ခံပါတယ်။ ရခိုင် သားမှန်လျှင် ရခိုင်ပါတီပေးပါ။ အဲဒီတော့ ကျနော်တို့လည်း ရခိုင်ပါတီတစ်ခုပါပဲလို့။ ဒါကြောင့်မို့လို့ ပါတီရဲ့ လူကိုကြည့်ပြီးတော့မှ ကျနော်တို့ ပါတီ ကိုလည်း မိဘပြည်သူများက အလေးအနက်ထားပြီး စဉ်းစားသင့်တယ်လို့ ကျနော်ပြောလိုပါတယ်”ဟု ဦးမောင်မောင်အုန်း က ဆိုသည်။
ဦးမောင်မောင်အုန်းသည် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့်သူဖြစ်သည်။
ယင်းသို့ ပြည်နယ်လွှတ်တော်တွင်ဝင်ရောက်အရွေးခံခြင်းမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ဆက်လက် လုပ်ကိုင် လို၍ဟု ပြည်သူများကဝေဖန်ပြောဆိုနေခြင်း ကိုလည်း ဦးမောင်မောင်အုန်းက အဆိုပါတွေ့ဆုံပွဲတွင် တုန့်ပြန် ရှင်းလင်းခဲ့သည်။
“မိဘပြည်သူများကို ရိုးသားစွာဝန်ခံပါရစေ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် လုပ်တယ်ဆိုတာ အင်မတန် စိတ်ပင်ပန်း၊ လူပင်ပန်း ရပါတယ် လို့ ပြောပါရစေ” ဟုသူက ဆိုသည်။
သို့သော် သူ့အနေဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဆက်လက် မလုပ်တော့ဟု ပြတ်ပြတ်သားသား ငြင်းဆိုခဲ့မှု မရှိခဲ့ပါ။
ယင်းနေ့ကပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲသို့ မြောက်ဦးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ပါတီဝင်များနှင့် စိတ်ပါဝင်စားသူ အင်အား ၁ဝဝဝ ခန့်တက်ရောက်ခဲ့သည်။
____ နိရဉ္စရာ

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။