ပုဏ္ဍားကျွန်း ကျေးလက်ဦးစီးမှ လှူဒါန်းသောဆိုလာပြားများသုံးမရ၍ ပြန်လဲပေးရန် ဒေသခံများလိုလား

ရန်ကုန်၊ အောက်တိုဘာ ၃



ပုဏ္ဍားကျွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျောင်းသားများအတွက် လာရောက် လှူဒါန်းသ ည့် ဆိုလာပြားများမှာ အသုံးမခံသဖြင့် အစားထိုးလဲလှယ်ပေးရန် ပုဏ္ဍားကျွန်းမြို့နယ် အောင်မြေကုန်းကျေးရွာသားများက လိုလားနေကြသည်။

“ ကျွန်တော်ရွာကို ၉ လပိုင်း ၃၀ ရက်နေ့က ပုဏ္ဍားကျွန်းမြို့နယ် ကျေးလက် ဦးစီးဌာနက ဆိုလာပြားတွေ ကျောင်းသားတွေ အတွက် လာရောက် လှူဒါန်းသွားပါတယ်။ ဆိုလာပြားတွေက အလျား ရှစ်လက်မ၊ အနံ ငါးလက်မသာ ရှိပါတယ်။ နာရီဝက်လောက်ဘဲ အသုံးခံပါတယ်။ နာရီဝက်နဲ့ ဘယ်လိုမှ အသုံးမတည့်တဲ့ အတွက် ဒီဆိုလာပြားတွေကျု ပြန်လည် အစားထိုးပေးဖို့ လဲလှယ်ပေးစေလိုပါတယ်” ဟု ကျေးရွာ အထောက်အကူပြု အဖွဲ့ ခေါင်းဆောင် ဦးသိန်းမောင်က နိရဉ္စရာသို့ ပြောသည်။

ပုဏ္ဍားကျွန်းမြို့နယ် အောင်ဇေယျအုပ်စု အောင်မြေကုန်းရွာနှင့် ဆားပို့တောင် ရွာရှိ ကျောင်းသား ကျောင်းသူများအတွက် ဆိုလာပြား ၁၂၀ ကို ကျေးလက် ဦးစီးဌာနမှ စက်တင်ဘာလ ၃၀ ရက်နေ့က လာရောက် လှူဒါန်းခဲ့သည်။

“ ကျွန်တော်တို့က ၂၀၁၅ သြဂုတ်လ ၁၇ ရက်နေ့ကတည်းက ဆိုလာပြားတွေ ထောက်ပံ့ကူညီဖို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို မေတ္တာရပ်ခံခဲ့ပါတယ်။ ကျွန်တော်တို့ရွာတွေဟာ လျှပ်စစ်မီးရဖို့ဆိုတာလည်း မလွယ်ကူဘူး။ ပုဏ္ဍားကျွန်းမြို့ပေါ်ကနေ ၁၂ မိုင်ခန့်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်။ ကျောင်းသား ကလေးတွေ ဖယောင်းတိုင်၊ ရေနံမီးခွက်တွေနဲ့စာဖတ်ရတဲ့ အတွက် မီးဘေး အန္တရာယ်များတယ်။ ဒီအတွက် အကူအညီတောင်းရာမှာ ကျေးလက် ဦးစီးဌာနက ဒီဆိုလာတွေကို ကျောင်းသား ၁၂၀ အတွက် လာရောက် လှူဒါန်းသွားခဲ့တာ ဖြစ်ပါတယ်” ဟု ဦးသိန်းမောင်က ပြောသည်။

လာရောက် လှူဒါန်းခဲ့သော ဆိုလာပြားများမှာ သေးငယ်ပြီး မိနစ် ၃၀ ခန့်သာလင်းသဖြင့် ရွာသားများက ယင်းဆိုလာပြားများကို တခြား တာရှည် အသုံးပြု၍ ရနိုင်သော ဆိုလာများဖြင့် အစားထိုး လဲလှယ်ပေးရန် လိုလားနေကြခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်း ကျေးလက်ဦးစီးဌာနသို့ ဆက်သွယ်ရာ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးကျော်သန့်ဇင်က “ ရွာသားတွေအနေနဲ့ အပူတပြင်း လိုအပ်နေတဲ့ အတွက် ခုလို ကူညီတပ်ဆင်ပေးတာ ဖြစ်ပါတယ်။ ခုလို တပ်ဆင်တာက ဒီရွာနှစ်ရွာတည်း မဟုတ်ပါဘူး။ တစ်ခြားရွာတွေမှာလည်း တပ်ဆင်ပေးနေတာတွေ ရှိပါတယ်။ တစ်ခြားရွာတွေမှာ နှစ်ပေ၊ သုံးပေ ဆိုလာပြားတွေ ရတယ်ဆိုတာက အရင်ကတည်းက စီမံချက်ထဲမှာ ပါသွားတဲ့ အတွက် ဖြစ်ပါတယ်။ ဒီရွာတွေကျတော့ ချက်ချင်းလိုအပ်တယ်ဆိုတဲ့ အတွက် လတ်တလော ကူညီ တပ်ဆင်ပေးတာ ဖြစ်ပါတယ်။ ကျေးရွာသားတွေ အနေနဲ့လည်း တကယ်လို့ အသုံးမတည့်ဘူးဆိုရင် ကျေးလက် ဦးစီးဌာနကို တိုက်ရိုက် လာတင်ပြကြစေလိုပါတယ်။ ကျွန်တော်တို့က အထက်ရဲ့ ညွှန်ကြားချက်အတိုင်း ဒီဆိုလာတွေကို တပ်ဆင်ပေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။

___Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။