စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၃

ရခိုင်ရိုးရာ ပန်းဖော် လုံချည်နှင့် ထမီများ ရက်လုပ်ခြင်းဖြင့် မျိုးရိုးစဉ်ဆက် အသက်မွေးဝမ်းကျောင်း ပြုလုပ်လာခဲ့ကြသော စစ်တွေမြို့နယ် ၀ါဘိုနှင့် အနီးနားပတ်ဝန်းကျင်ကျေးရွာများ၌ ရခိုင် ရက်ကန်းလုပ်ငန်းမှာ ယခု အခါ ပြန်လည်ဦးမော့လာပြီဟု ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေ သူ ဒေါ်စောခင်သန်းကပြောသည်။

“ဒီဇိုင်းအပေါ်မှာ မူတည်ပြီးတော့ တစ်ရက်မှာ ၁ ထည်ကနေ ၃ ထည်ထိပြီးနိုင်ပါတယ်။ တစ်ထည်ရောင်းဈေးက တစ်သောင်းကျပ်ထိ ရပြီးတော့ တစ်ချို့ဆိုရင် တစ်လကို တစ်သိန်းကျော် နှစ်သိန်းကျပ်ထိ ကိုက်ပါတယ်။ ဒီနှစ်မှ စပြီးတော့အဆင်ပြေတာပါ။ အရင်ကာလကဆိုရင် တစ်လကို တစ်သောင်းကျပ်တောင် မကိုက်လို့ တစ်ချို့ဆိုရင် ရက်ကန်း လုပ်ငန်းကို စွန့်လွှတ်ခဲ့ရတဲ့အဆင့်ထိတောင် ရှိပါတယ်”ဟု သူမကပြောသည်။
ရက်ကန်းလုပ်ငန်းလုပ်ကိုင်နေသည့် မိသားစု အချို့တွင် ရက်ကန်းရက်သူ ၄ ဦး- ၅ ဦးရှိကာ တစ်လကို ၀င်ငွေ ၃ သိန်းကျော် ၄ သိန်းကျပ်ထိရရှိပြီး စားစရိတ် တစ်သိန်းခွဲ နှစ်သိန်းကျပ်ခန့်သာ ကုန်ကျသဖြင့် အဆင်ပြေကြသည်ဟု သိရသည်။
“အခုဆိုရင် ရက်ကန်းရက်သူ အမျိုးသမီးတိုင်းဟာ ရွှေဆွဲကြိုးတွေ ဆွဲနိုင်ကြတယ်။ ဒီဝါဘိုရွာက အမျိုးသမီးတွေ ဆိုရင် ရက်ကန်းမရက်တဲ့သူ မရှိသလောက်ပါပဲ။ ကိုယ့်အိမ်မှာ ရက်ကန်းစင်မရှိရင်တောင် သူများ အိမ်တွေမှာ သွားရက်ကြပါတယ်။ ရက်ကန်းမရက်တတ်သူလည်း မရှိပါဘူး။ ကျွန်မတို့ ကျေးရွာဟာဆိုရင် ဘိုးဘေး စဉ်ဆက်ကတည်းကနေ ဒီရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးလာကြတာပါ”ဟု အဘွားအို တစ်ဦးက ပြောသည်။
ယခင်ရှေးနှစ်ပေါင်းများစွာက တွင်ကျယ်နေခဲ့သော ရခိုင် ရက်ကန်း လုပ်ငန်းသည် လွန်ခဲ့သော ၁၆-၁၇ နှစ်ခန့် ကစပြီး အဆင်မပြေဖြစ်နေခဲ့ရာမှ ၂၀၁၅ ခုနှစ်ဆန်းပိုင်းမှ စတင်ပြီး ပြန်လည်ဦးမော့ လာခဲ့ဟု သိရသည်။
ယခုအခါ ရခိုင်အမျိုးသားများကလည်း ရခိုင်မှ ရက်လုပ်သော ရခိုင်ရိုးရာ ပန်းဖော် ဒယော (လုံချည်)စစ်စစ် ကိုမှ ရွေးချယ်ပြီး ခုံခုံမင်မင် ၀တ်လာကြရာမှ အခုအခါ ၀ယ်လိုအားမှာ ကောင်းလာခဲ့သည်ဟု သိရသည်။
“အဆင်မပြေဖြစ်ခဲ့ရတာကတော့ ဈေးကွက် ကျဉ်းလာပြီး ဗမာပြည်က စက်နဲ့ ရက်လုပ်တဲ့ ရခိုင်ရိုးရာ ပန်းဖော် အတုတွေ ဈေးကွက်ကို တိုးဝင်လာတဲ့ အတွက် ဖြစ်ပါတယ်။ ဒါ့ပြင် လာဝယ်ကြတဲ့ စာရေးမတွေက တန်ရာ တန်ကြေး မပေးဘဲ ဈေးနှိမ်ပြီး ကြားကဖြတ်စားကြတာလည်း ပါဝင် ပါတယ်။ ဒီနှစ်မှာတော့ ရက်ကန်းလုပ်ငန်း ပြန်လည် ဦးမော့လာပြီးတော့ အနီး အနားကျေးရွာတွေမှာလည်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာနေပြီ”ဟု အဆိုပါ အဘွားအိုကပြောသည်။
ဝါဘိုကျေးရွာ၌ အကွက်ကိုကျွမ်းကျင်စွာဖေါ်၍ ရက်လုပ် တတ်သူ လေးဦးသာ ကျန်တော့ပြီး၎င်းတို့မှာ ဒေါ်စောခင်သန်း၊ ဒေါ်လှနုဖြူ၊ ဒေါ်အေးသန်းနှင့် ဒေါ်လှဝင်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရက်ကန်းလုပ်ငန်းများကို လုပ်ကိုင်နေကြသော ကျေးရွာများမှာ ၀ါဘိုကျေးရွာအပြင် တောကန်၊ သိန်းတန်၊ ကျားမသောက်၊ ကျောက်တန်းချေ၊ ရာတန်၊ ကံ့ကော်ကျွန်း ကျေးရွာများဖြစ်ကြပြီး အမျိုးသားရေး အမြင်ဖြင့် ယင်းဒေသရှိ ရခိုင်ရိုးရာ ရက်ကန်းလုပ်ငန်း ပြိုလဲ မသွားဖို့ ရခိုင်စီးပွားရေး လုပ်ငန်းရှင်များက ကျားကန်ပေးရန် လိုအပ်နေကြောင်း သိရသည်။
___Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။