
ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၂)မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းအောင်သိန်းဟာ (၄၆)နှစ်အရွယ်ရှိပြီး ဘူးသီးတောင်ဇာတိဖြစ်ပါတယ်။ ယခင်က မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှာ ဌာနဖျက်သိမ်းတဲ့အထိ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ALD ကိုထောက်ခံသူဖြစ်ခဲ့ပြီး ၂၀၁၀မှာတော့ ANP ပါတီစတင်ဖွဲ့စည်းကတည်းက ပါဝင်လာသူဖြစ်ပါတယ်။ ယနေ့ ANP ရဲ့ ဗဟိုကော်မတီဝင်တစ်ယောက်ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ANP ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ သူရဲ့ရပ်တည်ချက်၊ ဘာတွေလုပ်ဆောင်မလဲဆိုတာတွေ မေးမြန်းကြည့်ဖြစ်ခဲ့ပါတယ်။
ဆရာ ဦးထွန်းအောင်သိန်းအနေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံရတဲ့ ရည်ရွယ်ချက်သိပါရစေ။
ဒီဒေသမှာနိမ့်ကျနေတဲ့ လူမှုဘ၀ဖွံ့ဖြိုးဖို့၊ အနောက်ဘက်တံခါးလုံခြုံဖို့၊ ပြင်ပကိုရောက်ရှိနေတဲ့ ကလေးသူငယ်တွေ ကိုယ့်ရပ်ကိုယ့်ရွာပြန်လာနိုင်ပြီး အလုပ်အကိုင်ရရှိဖို့၊ မိသားစုနဲ့အတူနေထိုင်နိုင်ဖို့်ဆိုတဲ့ ရည်ရွယ်ချက်တွေအပြင် ပါတီရဲ့ မူဝါဒဖြစ်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ ကိုယ်တိုင်ပြဌာန်းခွင့်ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ပြည်နယ်အရေးကို ကိုယ်တို့လက်နဲ့ ဆောင်ရွက်နိုင်ဖို့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရခြင်းပဲဖြစ်ပါတယ်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ပြည်နယ်လွှတ်တော်မှာ ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရမယ်လို့ မျှော်လင့်သလဲခင်ဗျ။ လုပ်ပိုင်ခွင့်ရအောင် ဘယ်လိုဆောင်ရွက်မလဲခင်ဗျ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ဗဟိုချုပ်ကိုင်မှုများတယ်လို့ မြင်ပါတယ်။ ဥပဒေကို ပြင်ဆင်ခဲ့တယ် ဆိုသော်လည်း ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ အာဏာခွဲဝေမှုအပိုင်းမှာ ပြတ်သား ထင်ရှားတဲ့ အခြေအနေမရှိသေးတဲ့အတွက် ဗဟိုအာဏာလျှော့ချဖို့က အဓိကဖြစ်နေပါတယ်။ ဗဟိုက အာဏာချုပ်ကိုင်မှုများရင် ဆင်းရဲမှုများပြီး ဖွံ့ဖြိုးမှုအနှေးကွေးဆုံးဖြစ်မယ်။ ဗဟိုကအာဏာကိုလျှော့ချပြီး ပြည်နယ်မှာအာဏာပိုရမှသာလျှင် ပြည်နယ်အတွက်ကို လုပ်ကိုင်နိုင်မယ့် အနေအထားမျိုးဖြစ်ပါတယ်။ ပြည်နယ်မှာရှိနေတဲ့ ၀န်ကြီးဌာနတိုင်းသည် ဗဟိုမှာလည်းရှိနေတယ်။ တချို့ဗဟိုကချုပ်ကိုင်ထားတဲ့ ၀န်ကြီးဌာနတစ်ချို့ကို ရုပ်သိမ်းပြီး ပြည်နယ်မှာတိုက်ရိုက်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် ပြည်နယ်မှာ အာဏာပိုမိုရဖို့အလွန်တရာအရေးကြီးတယ်။ ဒါမှ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို အကျယ်တ၀ံ့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ဖို့လိုအပ်ပါတယ်။ ၆၇နှစ်တိုင်တိုင် ဗဟိုကချုပ်ကိုင်တဲ့ စံနစ်အောက်မှာရှိနေခဲ့တယ်။ လွှတ်တော်အသီးသီးမှာ ရောက်ရှိလာမယ့် တခြားတိုင်းရင်းသားအင်အားစုတွေနဲ့ ပူးပေါင်းပြီး အတိုက်အခံအင်အားစုကောင်းလာအောင် ကြိုးစားရမယ်။ နောက်တစ်ခုက ပြည်သူလူထု ထောက်ခံမှုရမှ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် တိုင်းရင်းသား ပြည်သူတွေရဲ့အားကို ရယူဖို့ စည်းရုံးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြည်သူမှာအာဏာရှိပါတယ်။ အဲဒီ့အင်အားတွေစုစည်းပြီး ညီညီညွတ်ညွတ် တောင်းဆိုရင် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာဖြစ်တယ်။ အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဖယ်ဒရယ်ပြည်ထောင်စုဖြစ်လာတဲ့အခါ လူများစုအခွင့်အရေးရှိသလို မျိုးနွယ်စုများရေးအခွင့်အရေး တန်းတူရရှိအောင် ဆောင်ရွက်လာနိုင်ဖို့ဖြစ်ပါတယ်။ လူနည်းစု ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အားလုံးရဲ့ အခွင့်အရေးတန်းတူရဖို့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
အဲဒီလို ဖယ်ဒရယ်ပြည်ထောင်စုဖြစ်လာဖို့ ဘယ်လိုနည်းလမ်းမျိုးနဲ့ ဆောင်ရွက်ရင် ထိထိရောက်ရောက် ဖြစ်မလဲခင်ဗျ။ ဆရာရဲ့ အမြင်ကို ရှင်းပြပေးစေချင်ပါတယ်။
ဖယ်ဒရယ်ကိစ္စက မြန်မာ့နိုင်ငံရေးမှာ ရေပန်းစားနေတဲ့ကိစ္စပါပဲ။ NLD ပါတီကရော၊ တိုင်းရင်းသားပါတီတွေ ကရော၊ နောက်ဆုံး သမ္မတကိုယ်တိုင်ကပါ ဖယ်ဒရယ်ကိစ္စကို ပြောလာတဲ့အခြေအနေဖြစ်လာနေပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲကလည်း ဖယ်ဒရယ်တည်ဆောက်ဖို့ကိုပဲ ဦးတည်နေတယ်လို့ မြင်ပါတယ်။ သို့သော် ဖယ်ဒရယ်ဖြစ်လာရင်လည်း တကယ့်ကိုစစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုဖြစ်လာဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေရတာသည် လွတ်လပ်ခွင့်၊ တရားမျှတခွင့်၊ တန်းတူညီမျှခွင့်အတွက် ဖြစ်နေရခြင်းသာဖြစ်ပါတယ်။ လောကပါလတရား ပျောက်ဆုံးနေရခြင်းကြောင့် ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေအားလုံးရဲ့ ချုပ်ငြိမ်းရာလမ်းကြောင်းသည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုသာ ဖြစ်ပါတယ်။ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုဖြစ်လာဖို့အတွက်၊ တန်းတူညီမျှသောအခွင့်အရေး ရလာဖို့အတွက် တိုင်းရင်းသားအားလုံးတွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းသည်ပင်လျှင် ငြိမ်းချမ်းသောပြည်ထောင်စု ဖြစ်လာနိုင်ဖို့ အဖြေလို့မြင်ပါတယ်။ သို့သော် ဆိုရှယ်လစ်လို့ ခေါင်းစဉ်တပ်ပြီး တစ်ပါတီအာဏာရှင်စံနစ် ဖြစ်လာခဲ့တယ်။ ဒီမိုကရေစီလို့ အမည်တပ်ထားပေမယ့် တရားမျှတမှုမရှိတဲ့ဒီမိုကရေစီဖြစ်လာခဲ့တယ်။ အဲဒီလိုမျိုး ဖယ်ဒရယ်ခေါင်းစဉ်တပ်ထားပြီး တန်းတူအခွင့်အရေးမရရှိရင်တော့ နိုင်ငံတကာနဲ့ရင်ဘောင်တန်း နိုင်တဲ့၊ ဖွံဖြိုးတဲ့နိုင်ငံဖြစ်လာမှာမဟုတ်ပါဘူး။ တန်းတူအခွင့်အရေးရရှိခြင်းသည်ပင်လျှင် ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံတစ်ခုကိုသာ တည်ဆောက်နိုင်မယ်ဆိုလျှင်၊ တိုင်းရင်းသား ပေါင်းစုံဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားပေါင်းစုံရဲ့ လိုအပ်ချက်နှင့်အညီ ဥပဒေပြဌာန်းနိုင်ဖို့လိုတယ်။ ဒါကြောင့် ညီလာခံရဲ့ဆုံးဖြတ်ချက်ရဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့တာဝန်နဲ့ အစိုးရအဖွဲ့ရဲ့တာဝန် ရောထွေးပြီးပြောနေကြတာတွေ ရှိနေပါတယ်ခင်ဗျ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်မလဲ။
လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ပြည်သူကရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ အဲဒီ့ကိုယ်စားလှယ်တွေအထဲကမှ အစိုးရအဖွဲ့ထဲကို ရောက်သွားတာရှိသလို လွှတ်တော်ထဲမှာကျန်လိုက်ရမယ့် သူတွေလည်းရှိပါတယ်။ ပြည်နယ်မှာဖြစ်စေ၊ ပြည်ထောင်စုမှာဖြစ်စေ၊ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်ကို ဥပဒေနဲ့ ပြဌာန်းနိုင်ဖို့သည် လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အထဲကမှ အစိုးရအဖွဲ့ထဲကိုရောက်သွားတဲ့ပုဂ္ဂိုလ်များသည် ယင်းဥပဒေများအရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်သူများဖြစ်ပါတယ်။ ယနေ့ပြည်ထောင်စုထဲမှာ လိုအပ်နေသော ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် တာဝန်သည် အစိုးရအဖွဲ့ရဲ့တာဝန်သာဖြစ်ပါတယ်။ ထိုအစိုးရက ပြည်သူလူထု၏ လိုအပ်ချက်ကို မဆောင်ရွက်လာဘူးဆိုရင် ထောက်ပြပြောဆိုရမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တာဝန်ပါပဲ။ ကိုယ်စားလှယ်တစ်ယောက်က လွှတ်တော်ထဲဝင်ပြီး လမ်းတောင်းဖို့၊ ကျောင်းတောင်းဖို့၊ ကန်တစ်ကန်လောက်တောင်းလိုက်ဖို့ဆိုတာတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဓိကလုပ်ငန်းမဟုတ်ဘူး။ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ကာကွယ်နိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့သည် အဓိကတာဝန်လို့ မြင်ပါတယ်။
လွှတ်တော်ရဲ့ အဓိကတာဝန်က ဥပဒေပြုရေးဖြစ်ပေမယ့် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ဥပဒေပြုရေးအပြင် အခြားဘာတွေလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလဲခင်ဗျ။
ဒီနေ့ဖွံ့ဖြိုးမှုနောက်ကျနေတဲ့အပိုင်းတွေမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတယ်။ တစ်ချို့ အစိုးရမလုပ်နိုင်တဲ့ကဏ္ဍတွေကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေက လုပ်ပေးနိုင်တာတွေရှိတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ တွေနဲ့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စတွေလည်းရှိတယ်။ ဒီအတွက်နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ရပ်ကွက်၊ မြို့နယ်၊ ပြည်နယ်အဆင့်ထိ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နိုင်မယ်လို့ ခံယူချက်ရှိပါတယ်။
လက်ရှိလွှတ်တော်သက်တမ်းအတွင်းမှာ ANP ပါတီက တက်ရောက်လာတဲ့ကိုယ်စားလှယ်တစ်ချို့ရဲ့ လုပ်ဆောင် ချက်တွေဟာ ANP ရဲ့မူဝါဒလမ်းစဉ်တွေနဲ့ မကိုက်ညီပဲ တစ်သီးပုဂ္ဂလဆန်ဆန် ဆောင်ရွက်နေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြလာပါတယ်။ ဆရာ့အနေနဲ့ဆိုရင် ပါတီကကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပါတီကချမှတ်တဲ့မူဝါဒလမ်းစဉ်နဲ့ လွဲချော်မှုမရှိရအောင် ဘယ်လိုထိန်းကျောင်းမလဲခင်ဗျ။
ထိန်းကျောင်းဖို့အတွက်ဆိုရင် ပါတီမှာ မြို့နယ်အဆင့်ကစပြီးတော့ လွှတ်တော်အထောက်အကူပြု ကော်မတီများဖွဲ့ဖို့လိုအပ်ပါတယ်။ ကော်မတီဖွဲ့စည်းပြီး ဒေသအလိုက်လိုအပ်ချက်ကို တစ်စိုက်မတ်မတ် တင်ပြနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်များနဲ့ အဲဒီကော်မတီတို့က လက်ချင်းချိတ်ပြီးဆောင်ရွက်ရဖို့ ဖြစ်ပါတယ်။ ကိုယ်စားလှယ်များနှင့် ပါတီနှင့်မကင်းကွာဖို့ ပါတီဌာနချုပ်အနေနဲ့ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက် တစ်စုံတစ်ရာပေးပြီးတော့ ထိန်းကျောင်းနိုင်တဲ့မူဝါဒချမှတ်သင့်တယ်လို့ မြင်ပါတယ်။
အခုလောလောဆယ် ဘူးသီးတောင်ပြည်သူတွေမှာ ဘာတွေအရေးတကြီး လိုအပ်ချက်နေတယ်လို့မြင်ရသလဲ ဆရာ။
ဒီ နယ်ဘယ်တွေမှာနေကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လိုအပ်ချက်တွေက ပိုများတယ်။ မြို့နဲ့ အလှမ်းဝေးတယ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ ဖွံ့ဖြိုးတိုးတက်မှုအလွန့်အလွန်နောက်ကျကျန်ခဲ့တယ်။ ပညာရေး၊ ကျန်းမာရေးအဖက်ဖက်ကနိမ့်ကျနေတယ်။ မူလတန်းပညာတောင် ပြီးမြောက်အောက် မသင်နိုင်တဲ့သူတွေရှိနေတယ်။ မြန်မာနိုင်ငံထဲမှာနေကြပေမယ့် နိုင်ငံသားမဟုတ်သူတွေထံမှာ အငှားလိုက်လုပ်နေရတာတွေ ရှိနေတယ်။ အဲဒါတွေမြင်တွေ့နေရတာက အလွန်တရာ ၀မ်းနည်းကြေကွဲဖွယ်ဖြစ်နေတယ်။ နိုင်ငံသားရပိုင်ခွင့် အခွင့်အရေး ဆုံးရှူံးနေတယ်။ နိုင်ငံသားမဟုတ်သူလောက်တောင် လုပ်ပိုင်ခွင့်မရှိပဲ အခွင့်အရေးဆုံးရှူံးနေရတာတွေ မြင်နေရတယ်။ ဒီကိစ္စတွေဟာ အရေးတကြီး ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရမယ့်ကဏ္ဍဖြစ်နေတယ်။ အစိုးရအနေနဲ့ ကျေးလက်၊ မြို့ပြစီမံကိန်းတွေကို ရေရှည် ရေတို စီမံကိန်းတွေကို စနစ်တကျနဲ့ ဆောင်ရွက်သင့်တယ်။ အခု လုပ်တော့လုပ်နေပါရဲ့။ လမ်းတစ်လမ်းဖောက်တယ်။ ဒါပေမယ့် ပြည်သူလူထု သွားနိုင်၊ လာနိုင်တဲ့လမ်း ဖြစ်မလာဘူး။ အရည်အသွေးမပြည့်မီတဲ့လမ်းတွေဖြစ်နေတဲ့အတွက် မိုးတွင်းကာလမှာ အားလုံးပျက်စီးသွားတာ မြင်နေရတယ်။ မြို့နဲ့အလှမ်းဝေးတဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအတွက် အသုံးဝင်တဲ့လမ်းမဟုတ်သေးဘူး။ ရွာချင်းဆက်လမ်းတွေမရှိဘူး။ မြို့ကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့် လမ်းတွေဖြစ်မလာသေးတဲ့အတွက် သူတို့တွေရဲ့လုံခြုံရေး၊ ကျန်းမာ၊ ပညာဗဟုသုတတို့ ရရှိဖို့အတွက် အလှမ်းဝေးနေဆဲပဲ။ အဓိကကတော့ အစိုးရမှာတာဝန်ရှိပါတယ်။ စေတနာရှိသောအစိုးရဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုအပေါ် မိမိရင်နှင့်ခံစားတတ်တဲ့အစိုးရဖြစ်ဖို့ အရေးကြီးပါတယ်။ လုပ်ပါတယ် ဆိုပြီး အလုပ်ပြရုံသက်သက်နဲ့တော့ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးရုံမက ဒီ့ထက်ကို ဆုတ်ယုတ်လာလိမ့်မယ်ဆိုတာ ပြောချင်ပါတယ်။
မေးလေ့မေးထမရှိတဲ့မေးခွန်းတစ်ခုတော့ မေးပါရစေ။ ဆရာသာလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံရလျှင် ဘာတွေ မလုပ်ဘူးလဲ။
ကျွန်တော်လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်ရှိသော် အမျိုးသားပေါ်မှာ သစ္စာဖောက်လိမ့်မည်မဟုတ်၊ နိုင်ငံတော်အပေါ်မှာသစ္စာဖောက်လိမ့်မည် မဟုတ်ပါ။ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေတဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်၊ ဖယ်ဒရယ်ကိစ္စအတွက်စကားပြော နေရပါတယ်။ ဘယ်တော့မှ အမျိုးသားရေးနဲ့ နိုင်ငံတော်ကို သစ္စာမဖောက်ပါဘူးဆိုတာ ၀န်ခံ ကတိပြုပါတယ်။
____ရခိုင့်အသံ မီဒီယာအင်အားစု
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။