မောင်ဒေ၀-မြောက်ဦး
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းသည် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်မင်း၊ ကိုယ့်ချင်းရှိကြောင်းဂုဏ်ယူတတ်ကြစမြဲဖြစ်သည်။ ရခိုင်လူမျိုးတို့မှာလည်း ရှေးပဝေသဏီမှသည် ဓည၀တီခေတ်၊ ဝေသာလီခေတ်စသည်ဖြင့် ကိုယ့်လူမျိုး ဘုရင်မင်းမြတ်များက ရွှေထီး၊ ရွှေနန်း၊ ရွှေကြငှန်းနှင့် အုပ်စိုးလာခဲ့ပေသည်။ နှစ်ပေါင်းငါးထောင်ခန့်တာရှည်စွာ တည်တံ့ခဲ့ပေသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအမွေအနှစ်မှာလည်း နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်သို့ပင်တိုင်ပြီ။ ဗုဒ္ဓရှင်တော်မြတ်၏ခွင့်ပြုချက်ဖြင့် မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ကိုးကွယ်ခွင့်ရရှိသည်။ ရခိုင်ပြည်တွင် ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားလာသဖြင့် ခေတ်အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များကိုကြေးနှင့်အခြားသတ္တုများဖြင့် လည်းကောင်း၊ ကျောက်ဖြင့်လည်းကောင်း၊ မြောက်မြားစွာ ပြုလုပ်ပြီး
ကိုးကွယ်လာခဲ့ကြကြောင်း သိရှိရပေသည်။
အိန္ဒိယနိုင်ငံမှ ဗုဒ္ဓယဉ်ကျေးမှု ဆင်းသက်လာခဲ့သည်မှာ မှန်ပေသည်။ အိန္ဒိယနိုင်ငံ၏အနုပညာနည်းနာနှင့်
ဟန်ပန်တို့ကို ရခိုင်မူ၊ ရခိုင်ဟန်၊ ရခိုင်အသွင်သို့ ပြောင်းလဲဖန်တီးကြံဆလာခဲ့ကြ၏။ ယင်းကြောင့် ရခိုင်ပြည်ရှိဗုဒ္ဓဆင်းတုတော်များမှာ ရခိုင်တို့၏ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်အဖြစ်ဖြင့် တည်ထောင်ထားခြင်း ဖြစ်ပေသည်။ယင်းသို့ ခေတ်အဆက်ဆက် သွန်းလုပ်ထုဆစ်ပြီး ကိုးကွယ်လာခဲ့ကြသော ဗုဒ္ဓဆင်းတုတော်များအနက် ယခုသျှစ်သောင်းပုထိုးတော်ကြီးသိမ်တော်အတွင်း ကိန်းဝပ်စံပယ်လျှက်ရှိသော မင်းဝတ်တန်ဆာနှင့် ကျောက်ဆစ်ဆင်းတုတော်ကို လက်လှမ်းမီသော စာပေကျမ်းဂန်များနှင့် စာရေးသူကိုယ်တွေ့မှတ်တမ်း တင်ခဲ့သမျှကိုတင်ပြလိုပါသည်။ ယင်းဆင်းတုတော်မှာ မဟာမုနိဘုရားနှင့် အလွန်ဆက်စပ်မှုရှိပါသည်။ သို့နှင့် မဟာမုနိနှင့်ပတ်သက်၍ ဦးစွာပဌမ ရှင်းပြလိုပါသည်။
(၁) အစောဆုံးမကိုဋ်ဆောင်းဘုရား
ရခိုင်ပြည်တွင် မကိုဋ်သရဖူဆောင်းပြီး မင်းဝတ်တန်ဆာများဖြင့် ရှေးဟောင်းဘုရားများကို ဖူးမြော်ရပေ
သည်။ ယင်းဘုရားများအနက် အဦးဆုံး၊ အစောဆုံး၊ မကိုဋ်သရဖူဆောင်းဘုရားမှာ မဟာမုနိရုပ်ရှင်တော်ဖြစ်သည်။ဓည၀တီ ပြည့်ရှင် စန္ဒသူရိယမင်းကြီး၏ ကောင်းမှုတော် မဟာမုနိမှာ မူလအစတွင် ရိုးရိုးသင်္ကန်း ဝတ်ဆင်ထားကြောင်းသိရ၏။ ထို့နောက် တစ်ဖန် ဝေသာလီမြို့တော်ကို စိုးစံခဲ့သော မဟာတဉ္စစန္ဒရား မင်းကြီးလက်ထက်တွင်ဦးသျှောင်တော် မကိုဋ်ကို ရွှေဖြင့်ပြုလုပ်တော်မူပြီး ပတ္တမြားစီလျက် လှူဒါန်းခဲ့သည်။
မဟာတဉ္စစန္ဒရားမင်းသည် ဗုဒ္ဓရှင်တော်မြတ်နှင့် ဘီးလောင်းတော် စန္ဒသူရိယမင်းကြီးတို့ သွန်းလုပ်ခဲ့သော
မဟာမုနိရုပ်ရှင်တော်အား မည်သည့်အတွက်ကြောင့် မကိုဋ်သရဖူတော်ကို ဆက်ကပ်ပူဇော်ခဲ့ပါသနည်း။
ဟိနာယာန (ထေရဝါဒ)နှင့် ကိုက်ညီပါ၏လော။ အထူးစဉ်းစားစရာဖြစ်ပါသည်။
မုံရွေးဇေတဝန်ဆရာတော်၏ "သမန္တ စက္ခုဒီပနီကျမ်း" တွင် ဤသို့တွေ့ရပါသည်။ "ပါဠိတော်၊ အဌကထာ
တို့ တွင် ဘုရားသခင်၌ တန်ဆာဆင်ယင်ခြင်းမရှိ၊ လည်ရွဲဘယက်၊ လက်ကောက်၊ လက်ကျပ်၊ လက်စွပ်၊ ခြေနင်း၊နရကင်း၊ မကိုဋ်စိန်တောင် ဆင်ယင်ခြင်းမရှိ။ စကြာဝဠာတစ်တိုက် တရားဟောရာတွင် တစ်ပါးသူတို့က မင်းဟူ၍ထင်မှတ်လေကုန်သော အခိုက်အတံ့ကာလကို ရည်၍ မင်းရုပ်မင်းဝတ်တန်ဆာနှင့်တကွ ထုလုပ်ပေးသည်" ဟုဖော်ပြ ထားပါသည်။
ထေရဝါဒပိဋကတ်ကျမ်းများကို လေ့လာသောအခါ ဒီဂသနိကာယ်၊ မဟာဝဂ္ဂပါဠိတော်တို့တွင်တွေ့ရသည်။ဤပါဠိတော်တွင် မြတ်စွာဘုရားသည် လူ့ပြည်လောကရှိ ပရိသတ်လေးပါးတို့ဖြစ်သည့် (မင်းပရိသတ်၊ပုဏ္ဏားပရိသတ်၊ သူဌေးသူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်) တို့အပြင် ကောင်းကင်လုံးရှိ နတ်ပရိသတ်လေးပါးဖြစ်သည့် (စတုမဟာရာဇ် ပရိသတ်၊ တာဝတိ Hသာ နတ်ပရိသတ်၊ မာရ်နတ်ပရိသတ်၊ ဗြဟ္မာပရိသတ်) များသို့ကြွရောက်၍ တရားဆွေးနွေးခြင်း၊ တရားဟောကြားခြင်းများ ပြုလုပ်ကြောင်း ဖော်ပြထားပါသည်။
မြတ်စွာဘုရားရှင်သည် ပရိသတ်ရှစ်ပါးအား တရားဟောကြားသည့်အခါ မည်သည့်အဝတ်တန်ဆာများကို
ဝတ်ဆင်သနည်း။ တွေးတောစရာအချက်ပင် ဖြစ်သည်။ မြတ်စွာဘုရား၏ပကတိပုံတော်မှာ ဥသျှောင်မကိုဋ်သရဖူမပါ။ ပတ္တမြားနားဋောင်းများ ဝတ်ဆင်ခြင်းမရှိ။ သင်္ကန်းတော်ကို ဝတ်ရုံပြီး ကြွရောက်တရားဟောကြားခြင်;ဖြစ်သည်။ သို့သော် မင်းပရိသတ် စသည့်ပုဂ္ဂိုလ်များက သူတို့၏အသွင်အပြင် ပုံသဏ္ဍာန်အတိုင်း ဖူးမြော်ကြရပေမည်။
သို့နှင့် မြတ်စွာဘုရားသည် မင်းပရိသတ် (ခတ္တိယပရိသာ) အစည်းအဝေးသို့ ကြွရောက်ပြီး တရားဟော
ကြားသည့်အခါ မကိုဋ်သရဖူဆောင်းပြီး မင်းမြှောက်တန်ဆာနှင့် ၎င်းတို့၏ အကြီးအကဲမင်းကဲ့သို့ မင်းပရိသတ်များက မြင်တွေ့ကြရပေသည်။ ထို့အတူ ပုဏ္ဏားပရိသတ်၊ သူဌေးသူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်တို့သည်လည်း၎င်းတို့၏ အကြီးအကဲအဖြစ် တွေ့မြင်ကြရကြောင်း သိရှိရပေသည်။ သို့ဖြင့် ဝေသာလီပြည့်ရှင် မဟာသူရိယတဉ္စန္ဒရားမင်းသည် ဘီးလောင်းတော် စန္ဒသူရိယမင်းကြီး၏ ကောင်းမှုတော် မဟာမုနိရုပ်ရှင်တော်အား ထေရဝါဒကျမ်းဂန်နှင့်အညီ ဥသျှောင်မကိုဋ်တော် ဆက်ကပ်ပူဇော်ခဲ့သည်မှာ ထင်ရှားလှသည်။
(၂) ဝေသာလီခေတ်ကျောက်ဆစ်ဆင်းတုတော်
မြောက်ဦးမြို့ရှိ စာပေဝါသနာရှင် လူငယ်တစ်စုသည် ၁၉၈၆ခုနှစ်က ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ပြုပြင်
ကိုးကွယ်ဖို့ စီစဉ်ခဲ့ကြသည်။ ထူးဆန်းရှားပါးသောသမိုင်းဝင်ဘုရားများကို ပြုပြင်မွမ်းမံကြရန် သဘောတူကြသည်။သို့နှင့်လူငယ်တို့သည် မြောက်ဦးမြေအနှံ့ ခြေဆန့်ခဲ့ကြသည်။ တစ်တောင်တက်၊ တစ်တောင်ကျော်၊
တစ်တောင်ဆင်းခဲ့ကြ၏။ တောင်တန်းအသွယ်သွယ် တောင်ထွဋ်နှင့် တောင်ကလပ်ပါမကျန် ရှာဖွေခဲ့ကြ၏။
ထို့နောက် ဆရာကြီး ဦးဦးသာထွန်း၏ လမ်းညွှန်ချက်အရ မင်းဝတ်တန်ဆာနှင့် မကိုဋ်သရဖူဆောင်း ကျောက်ဆင်းတုတော်တစ်ဆူကို တွေ့ကြရပါသည်။ ဤဘုရားကို ပြန်လည်ပြုပြင် ကိုးကွယ်ဖို့အားလုံး သဘောတူကြသည်။
(က) မူလအစကိန်းဝပ်ရာ
ယင်းမင်းဝတ်တန်ဆာနှင့် မကိုဋ်သရဖူဆောင်း ဆင်းတုတော်မှာ မြောက်ဦးမြို့၏အနောက်မြောက်အရပ်
ကမ်းစီးပတ်ချောင်းအနီး ငွေတောင်မြို့ရိုးအနီး ခံတပ်တောင်တန်းတွင် ရှိပါသည်။ တောင်တန်းတစ်လျှောက်
အမြင့်ဆုံး တောင်တစ်လုံးရှိ၏။ ငွေတောင်ပေါက်တံတား၏ အရှေ့ဘက်ရှိတောင်ဖြစ်သည်။ ထိုတောင်ကြီးမှာအနောက်ဘက်သို့ မျက်နှာမူပြီး သူရဲပြေး (၃)ဆင့်ရှိ၏။ ယင်းဆင်းတုသည် သူရဲပြေး(၃)ဆင့်၏ နောက်ဆုံးအဆင့်တွင်ရှိသည်။ ၎င်းအဆင့်သည် တစ်ဧကခန့်ရှိပြီး စည်မျက်နှာပြင်ကဲ့သို့ ညီညာသောမြေအနေအထားရှိ၏။ယင်းတွင် အခြားသော ဆင်းတုတော် စေတီတော်တို့လည်း ရှိပေသည်။
(ခ) လောကဓံထဲက ဆင်းတုတော်
မြန်မာသက္ကရာဇ် (အေဒီ -၁၇၈၄)ခုတွင် ထီးနန်းပျက်ပြုန်း မျိုးဆိတ်သုဉ်းခဲ့ရလေပြီ။ မြန်မာမြို့ဝန် ၉ဆက်၊
နှစ်ပေါင်း (၄၀)တိုင်အောင် အုပ်ချုပ်ခဲ့သည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၁၈၆(အေဒီ-၁၈၂၄)မှစ၍ ရခိုင်ပြည်ကိုအင်္ဂလိပ်တို့သိမ်းပိုက်၍ အုပ်ချုပ်ခဲ့သည်။ သို့နှင့် အင်္ဂလိပ်တို့လက်ထက်၌ လူဆိုး၊ သူခိုး၊ သူပုန်သူကန်များနှင့်ဘုရား ဖျက်သိုက်ဆရာများ ထူထပ်များပြားလာခဲ့၏။ သိုက်တူးသမားတို့ကြောင့် ရခိုင်ပြည်ရှိ ဗုဒ္ဓသာသနာအဆောက်အအုံများမှာ တစ်နေ့တစ်ခြားပျက်စီးခြင်းသို့ ရောက်ခဲ့ရ၏။ ရခိုင်ပြည်ရှိ ဘုရားများတွင်
ထင်ရှားကျော်ကြားခဲ့သော ဤမင်း ဝတ်တန်ဆာနှင့် မကိုဋ်သရဖူဆောင်း ဆင်းတုတော်မှာလည်း သင်္ခါရတရားကိုမလွန်ဆန်နိုင်ဘဲ နှစ်ပေါင်း(၂၀၀)ကျော် ပြုပြင်ထိန်းသိမ်းမည့်သူ မရှိဖြစ်ခဲ့ရ၏။ စစ်ဘေး၊ စစ်ဒဏ်၊ မိုးဒဏ်၊လေဒဏ်၊ ဘုရားပျက် သိုက်တူးသမားတို့၏ဒဏ် တို့ကြောင့် ဆင်းတုတော် ဦးခေါင်းတော်၊ ကိုယ်ခန္ဓာတော်၊ပေါင်တော်၊ လက်တော်တို့မှာ ဟိုတစ်ခု သည်တစ်ခုဖြစ်လျက် ရှိနေ၏။ ဆင်းတုတော်ကိန်းဝပ်ခဲ့သည့်ကျောက်စေတီဂူတော်မှာ ကျောက်လုံးကျောက်ခဲများ၊ ပလ္လင်မှာ ကျောက်ချပ် ကျောက်အစအနအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ လူသူအရောက်အပေါက်ကင်းကွာပြီး တောကြီးမျက်မဲထဲတွင် ချုံနွယ်ပိတ်ဖောင်းများ ဖုံးလွှမ်းပိတ်ဆို့လျက်ရှိသဖြင့် လူငယ်တို့ သွားရောက်တွေ့ခဲ့ကြရာတွင် အလွန်ကြေကွဲစရာ ဖူးမြော်ခဲ့ရပါသည်။
(ဂ) မူလနေရာမှ ပင့်ဆောင်
အေဒီ ၁၉၈၇ခု မေလ(၃၁)ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် လူငယ်တို့သည် ဆင်းတုတော် ကိန်းဝပ်လျက်
ရှိသည့် ငွေတောင်ခံတပ်သို့ သွားရောက်ပြီး တောခုတ်ခြင်း၊ လမ်းထွင်ခြင်း၊ ဖောက်ခြင်းများ ပြုလုပ်ကြ၏။ ဆင်းတုတော်၏ကိုယ်အင်္ဂါရပ်များကို ရှာဖွေပြီး တစ်စုတစ်ရုံးတည်း ထားကြ၏။ တရားပွဲ၊ ဆီမီး၊ အမွှေးနံ့သာများကိုဘုရား၏ ရှေ့တွင်ပူဇော်ထားကြ၏။ ထို့နောက် ဆရာကြီးဦးဦးသာထွန်း ကိုယ်တိုင် လက်စုံမိုးကာ ပရိတ်တော်များ၊ဘေးအန္တရာယ် ကင်းဂါထာများ၊ မန္တန်များ ရွတ်ဆိုပြီး ကန်တော့ပါသည်။ လူငယ်တို့လည်း ဆရာကြီး၏နောက်မှနေပြီး လက်အုပ်ချီကာ ရှိခိုးကြပါသည်။
လူငယ်တို့သည် မလျှော့သောဇွဲမာန်၊ ပြင်းပြသောဝီရိယများဖြင့် ဆင်းတုတော်ကို ပင့်ဆောင်ကြသည်မှာ
ဂုဏ်ယူစရာကောင်းလှသည်။ ထို့ပြင် အကြံဥာဏ်များ၊ အစီအမံများကို လိုအပ်သလို အကူအညီ ပံ့ပိုးပေးသောပုဂ္ဂိုလ်များမှာ မြောက်ဦးရှေးဟောင်းသုတေသနမှူး ဦးကျော်ထွန်းအောင် အလယ်တန်းကျောင်းအုပ်ဆရာကြီးဦးဦးမြသာ အလယ်တန်းပြဆရာ ဦးထွီးမောင်တို့ ဖြစ်ပါသည်။
အစပထမပိုင်းတွင် တောင်ထိပ်မှ တောင်ခြေသို့ ]စွပ်}တွင် ပက်လက်လှန်၍ထည့်ပြီး တအိအိလျှောခပင့်ဆောင်ကြပါသည်။ ဦးတော်နှင့်အခြားအပိုင်းငယ်များကို ကိုယ်စီထမ်းရွက်ကာ တောင်ခြေသို့ ပင့်ဆောင်ကြပါသည်။ ထို့နောက် ငွေတောင်လမ်းမဆီမှ အံတော်သိမ်တော်သို့ ]စွပ်}ထဲတွင် တင်ဆောင်ပင့်ယူကြပါသည်။
ဦးတော်ကို ဆိုက်ကားထက်တွင် လူထိုင်ပြီး သူ၏ ရင်ခွင်ပေါ်တွင် ထမ်းရွက်တင်လျက် ပင့်ဆောင်လာကြသည်။ရှေးဟောင်း လက်ရာများ မကျိုးမပဲ့၊ မပျက်စီးစေရန်ဆန္ဒဖြင့် အတတ်နိုင်ဆုံး ပြောင်းရွှေ့ပေးခြင်းဖြစ်ပါသည်။ထိုနေ့ ညနေ (၄)နာရီတွင် အံတော်သိမ်တော်တွင် ကိန်းဝပ်ခဲ့သည်။
(ဃ) ပြန်လည်မွမ်းမံခြင်း
သျှစ်သောင်းဘုရား ဂေါတမအဖွဲ့၏ခွင့်ပြုချက်အရ အံတော်သိမ်စေတီတော်တစ်ဆူ (အံတော်သိမ်စေတီမှ
မြောက်ဘက်သို့ ဆင်းလမ်းဘေးနားတွင်ရှိသော စေတီငယ်)တွင် ဘုရားဆင်းတုတော်မရှိ ဖြစ်နေသဖြင့်
ယင်းဘုရားကို တည်ထားကိုးကွယ်ဖို့ သဘောတူကြပါသည်။
သို့နှင့်ဆင်းတုတော်အား ရှေ့မူမပျက် ပန်းရံဆရာ အကျော်အမော်တစ်ဦးဖြစ်သူ ဦးကျော်အေးနှင့်
ဆက်သွယ် ကြသည်။ ထိုပုဂ္ဂိုလ်ကလည်း ရှေးမူအတိုင်း ဖြစ်ရမည်ဟု ကတိပေးသဖြင့် ဇွန်လ(၁၉)ရက်နေ့
နံနက်ပိုင်းမှစ၍ သူ၏ တပည့်တပန်းများနှင့် လုပ်ကိုင်စေသည်။ ဆရာကြီး ဦးဦးသာထွန်းလည်း ဆင်းတုတော်အားမူလ၊ မူဟောင်း၊ မူမှန်ရရှိရေးအတွက် သေသေသပ်သပ်သေသေချာချာ ပြုလုပ်ကြရန် လိုအပ်သောကြောင်းအရာများကို မကြာခဏ သွားရောက်လမ်းညွှန်ပေးခဲ့သည်။ ပန်းရံဆရာတို့၏ စိတ်ရှည်လက်ရှည်မှုကြောင့်နဂိုပကတိအတိုင်း အတတ်နိုင်ဆုံး ပြုပြင်ခဲ့ရာ ဇူလိုင်လ (၃၁)ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရှိရပေသည်။
(င) အနေကဇာတင်ပွဲ
အံတော်သိမ်စေတီရံတွင် မင်းဝတ်တန်ဆာနှင့် ထူးဆန်းသော ဘုရားတစ်ဆူတည်ရှိသည်ဟု သိလာကြ
သော ရဟန်းရှင်လူများသည် သွားရောက်ဖူးမြော်ကြပေသည်။ ထို့ပြင် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်များကလည်း
သွားရောက်ပြီး ဓာတ်ပုံရိုက်ယူခြင်း၊ မှတ်တမ်းပြုစုခြင်းများ ပြုလုပ်လာကြသည်။ သို့နှင့်လူငယ်တို့သည်
ဘုရား၏ပလ္လင်တော်အောက်တွင် စနစ်တကျ ဘုရားဝတ်ပြုနိုင်ကြစေရန် သမံတလင်းခင်းကြသည်။ ထို့ပြင် ထိုနှစ်စက်တင်ဘာလ (၆)ရက် တနင်္ဂနွေနေ့တွင် သံဃာတော် (၁၁)ပါးပင့်ဖိတ်ပြီး သံပြိုင်ရွတ်ဖတ်ကြပါသည်။၁၉၉၂-ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် သျှစ်သောင်းဂေါပက၏ဆန္ဒပေးမှုဖြင့် လူငယ်တို့၏
သဘောတူချက်အရ သျှစ်သောင်းဘုရား၏သိမ်တော်သို့ ပြောင်းရွှေ့ကိုးကွယ်ခဲ့သည်၊ ပြောင်းရွှေ့ရာ၌ အနည်းငယ်အထိအပွန်းရှိသဖြင့် မွမ်းမံခြင်းမှာ (၃)ရက်ခန့်ကြာခဲ့သည်။ ယခုအခါ မြောက်ဦးခေတ် ကြာမှောက် ကြာလှန်ပလ္လင်တော်တွင် ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ သျှစ်သောင်းဘုရားကြီးသို့ ဝင်လမ်း လက်ဝဲဘက်တွင် ဖူးမြော်နိုင်ပါသည်။
(စ) ဆင်းတုတော်၏လက်ရာမွန်
ဆင်းတုတော်၏ဦးခေါင်းတော်မှာ အနည်းငယ်ကြီးပြီး မကိုဋ်တော်ကိုလွန်စွာ လက်ရာမြောက်သော
ပန်းနွယ် ပန်းခက်များဖြင့် ပြုလုပ်ထားသည်။ မကိုဋ်၏အပေါ်ပိုင်းတွင် တမာရွက်ခေါ် ပန်းခက်(၆)ခုထက်မနည်းဖြင့်မကိုဋ် တော်နှစ်ထပ် ထုဆစ်ထားရှိသည်မှာ အနုစိတ်လှသည်။ ပန်းခက်တို့၏အောက်တွင် ပန်းနွယ်၊ ပန်းလိပ်များနှင့် ဗိန္ဓုမြောက်များ စီတန်းထားသည်ကို တွေ့ရသည်။ မကိုဋ်၏အပေါ်ဆုံး အလယ်ထိပ်တွင် ဆံကျစ်ကိုလက်ယာရစ်ခွေထားသည်။ နားရွက်တော်မှာ ပခုံးနှင့်မထိပေ။ နားပန်တော်နှစ်ခုမှာ ကွေးကောက်ပြီး နားရွက်မှကျနေသည်။ နားကင်းများကို ထင်ရှားစွာတွေ့ရသည်။ နဖူးတော်မှာ ကျယ်ပြန့်သည်။ မျက်လုံး၊ မျက်အိမ်၊ မျက်ရစ်၊မျက်လွှာတို့မှာ ကြည်ညို ဖွယ်ကောင်းလှသည်။ နှာခေါင်းတော်ဖြောင့်တန်းပြီး နှာတံပေါ်သည်။ မေတ္တာဓာတ်ပြည့်ဝသော ပါးစပ်တော်တွင် တည်ငြိမ်သောအပြုံးကို ဆောင်သည်။ မေးရိုးတော်အနည်းငယ် ကားသည်။
လည်ပင်းတော် မတိုမရှည်ဖြစ်ပြီး လည်ရစ်သုံးရစ်ကို ထင်ရှားစွာဖော်ထားသည်။ ရင်ဘတ်တော်မှာ
စလွယ်တော်ပါရှိပြီး စလွယ်(၃)ခုထက်မနည်းပေ။ စလွယ်တော် ကို ဘေးက ပါလီကွေးဖြင့် ထိန်းထားသည်။
(ဘုရင်မင်းမြတ်တို့သည် စလွယ်ကို ဝတ်ဆင်စဉ် ကိုယ်ကို ကိုင်းညွှတ်ခြင်း ပြုရာတွင် တွဲလောင်းမကျရအောင်ပါလီကွေးဖြင့် ထိန်းထားသဖြင့် စလွယ်တော်ဝတ်ဆင်ခြင်း ဟန်ပန်ကို လှပစေ သည်။ ) စလွယ်များ၏အနားကိုမုတ်ပုတီး (သို့မဟုတ်) ပုလဲလုံးများဖြင့် စီတန်းထားသည်ကို တွေ့ရ၏။ အချို့စလွယ် တွင် ပန်းများကိုမကုလပုပ္ဖ(ခေါ်) မြတ်လေးပန်းကိုသော်လည်းကောင်း၊ နာဂကေသရ (ခေါ်) ကံ့ကော်ပန်းကိုလည်း ကောင်း၊ထည့်သွင်းထုဆစ်ထားသည်မှာ အနုစိတ်လှပေသည်။ လက်မောင်းတော်တွင် မောင်းကွပ်ပါရှိပြီး ကံ့ကော် ပန်းများစီတန်းထားသည်။ လက်ကောက်တွင် ဗိန္ဓုပြောက်များ (သို့မဟုတ်) ပုလဲလုံးများဖြင့် စီထားသည်။ ညာဘက်လက်မှာ ပထဝီမြေကြီး (ပလ္လင်တော်)ကို မထိပေ။ ပဇက်မုဒြာ ခေါ် လူနတ်ဗြဟ္မာတို့၏ အဖူးအမြော်အပူအဇော်ကိုခံယူတော်မူဟန်ဖြစ်သည်။ ညာဘက်လက်ချောင်းများအားလုံးသည် ညို့သကျည်းကို ထိနေသည်။
ဘယ်ဘက်လက်ကို ရင်ခွင်ဝယ် ပက်လက်တင်ထားသည်။ ခြေထပ်ပလ္လင်ခွေ စံပယ်တော်မူဟန်ဖြစ်သည်။ ခါးတော်နှင့် ညို့သကျည်းအဖျားတွင် သင်းပိုင်ဝတ်ထားသည့် ဟန်အရစ်များ ဖော်ထားသည်။ ဥာဏ်တော် အတိုင်းအတာမှာ
(၁)အမြင့် (မကိုဋ်အပါ အဝင်) ၄-ပေ ၅လက်မ၊ (၂) မကိုဋ်အမြင့် ၁-ပေ၊ (၃) ခါးတော်ပတ်လည် ၃ပေ ၄လက်မ၊(၄)လက်မောင်းတော်လုံး ပတ် ၂-ပေ ၆ လက်မ၊ (၅) ဒူးစွန်းနှစ်ဖက်အကျယ် ၃ပေ ၃လက်မတို့ဖြစ်ပါသည်။
(ဆ) ခေတ်ကာလကို ခန့်မှန်းခြင်း
ဤဆင်းတုတော်ကို မည်သည့်ခုနှစ်တွင် မည်သူ၊ ကောင်းမှုပြုခဲ့သည်ဟု ပြောရန်မလွယ်ကူပေ၊ သို့သော်
အခြားသော ဆင်းတုတော်များ၏လက်ရာနှင့် ဆက်စပ်ပြီး သုတေသနလုပ်ခြင်းဖြင့် ခေတ်ကာလအပိုင်းအခြားကိုခန့်မှန်းနိုင်ပေသည်။
(၁) ဝေသာလီနန်းမြို့၏ မြောက်ဘက်အနီးတွင် ဝေသာလီဘုရားကြီးရှိပြီး ဝေသာလီမြို့ကိုစတင်တည်ထောင် ခဲ့သော မဟာမုနိ သူရိယတဉ္စန္ဒရား၏ ကောင်းမှုတော်ဖြစ်သည်။ ယင်းဝေသာလီဘုရားကြီးမှာယခု သျှစ်သောင်းဘုရား သိမ်တော်အတွင်းရှိသော မင်းဝတ်တန်ဆာနှင့် မကိုဋ်တော်ဆောင်းထားသည့်ဆင်းတုတော်နှင့် နဖူးတော်၊ မျက်ရစ်၊ နှာတံ၊ နှုတ်ခမ်း၊ မေးတော်တို့မှာ နီးစပ်မှုရှိခြင်း။
(၂) မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၅-ရာစုခေတ် ကျောက်ဆစ်ဗုဒ္ဓဦးခေါင်းတော်ကြီး (ဝေသာလီနန်းမြို့၏ အနောက်ဘက် ပီပင်ရင်းမှရသည်။ )တွင်ပါရှိသော မျက်လွှာချထားဟန်၊နှာတံပေါ်ဟန်၊ မေးရိုး တော်ဟန်၊ နဖူးကျယ်ပြန့်ဟန်တို့မှာ ယခု သျှစ်သောင်းသိမ်တော်ရောက် မင်းဝတ်တန်ဆာနှင့်မကိုဋ်ဆောင်း ဆင်းတု တော်နှင့် ထပ်တူထပ်မျှဖြစ်နေခြင်း။
(၃) မြောက်ဦးမြို့နယ် ထမ္မရာဇ်ကျေးရွာရှိ မြောက်ဘက်လယ်ကွင်းထဲတွင် "ဓမ္မရာဇာဘုရင်"ရှိပြီး
ဝေသာလီ ပြည့်ရှင် စူဠစန္ဒရားမင်း၏ ပြည်ထိန်းအမတ်ကြီး ဓမ္မဇေယျကောင်းမှုပြုခဲ့ကြောင်း သိရသည်။
မင်းဝတ်တန်ဆာနှင့် မကိုဋ်မပါရှိသော်လည်း ယခု သျှစ်သောင်းသိမ်တော်ရောက် ဆင်းတုတော်နှင့် မျက်နှာတော်၊လည်ပင်းတော်၊ လက်တော်အနေအထား၊ လက်ချောင်းတို့ အချိုးကျနမှုတို့မှာ တူနေခြင်း။
(၄) မြောက်ဦးပြတိုက်၊ လက်ကောက်ဈေးကျောင်းတိုက်၊ စစ်တွေမြို့ မဟာကုသလကျောင်းတော်ကြီးနှင့်
အခြားရခိုင်ပြည်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကြေးနှင့်အခြားသတ္တုများဖြင့် သွန်းလုပ်ပြီးအလွန်သပ္ပါယ်လှသော မင်းဝတ်တန်ဆာနှင့် ဆင်းတုတော်အငယ်များစွာရှိသည်။ ရခိုင်ဘုရင်တို့သည် ရာဇာဘိသိက် ခံယူလိုသောအခါ ထိုမင်း ၏ဝတ်ဆင်မှုနှင့်တူအောင် မင်းဝတ်တန်ဆာ အပြည့်အစုံဖြင့် ဘုရားတစ်ဆူကိုဦးစွာသွန်းလုပ်ရသည်။ နက္ခတ်ဗေဒင်ကျမ်းများ၏အလိုအရ ရက်ကောင်းရက်မြတ်ကို ရွေးရသည်။ အထူးကျွမ်းကျင်သူများက ရတနာများကို စုပေါင်းပြီး သွန်းလုပ်ုရသည်။ ယင်းနောက် ဘိသိက်အခမ်းအနားတွင်အပူဇော်ခံရသည်။ ထို့ပြင် သာသနာပိုင် ဆရာတော်ကြီး၏ ရှေ့မှောက်တွင် ထိုဘုရားကို ဘုရင်မင်းမြတ်၏ဦးထိပ်ပေါ်တွင်တင်ပြီး ကတိသစ္စာပြုရ၏။ မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်ပါမည်။ ဗုဒ္ဓသာသနာတော်ကို
ချီးမြှင့်ပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုကြရသည်။ သို့ဖြင့် ထိုဘုရားကို 'မဟာကျိန်ဘုရား' (မြတ်သောသစ္စာဆိုခြင်းဟုအဓိပ္ပါယ်ရသည်။) ဟူ၍လည်းကောင်း၊ "နန်းတက်ဘုရား"ဟူ၍လည်း ကောင်း၊ ခေါ်ကြသည်။
ယင်းမဟာကျိန်ဘုရားများကို ဝေသာလီခေတ်တွင် သွန်းလုပ်ကြကြောင်း၊ သုတေသီတို့ တင်ပြထားရှိပြီး
ဖြစ်ပါသည်။ ယင်းမဟာကျိန်ဘုရားများ၏ မကိုဋ်တော်၊ မင်းဝတ်တန်ဆာ ဆင်ယင်မှုနှင့် မျက်နှာတော်
လည်ပင်းတော်၊ လက်တော်တို့၏ သွယ်တန်းဟန် အနေအထားတို့မှာ ယနေ့သျှစ်သောင်းဘုရား သိမ်တော်ရောက်ကျောက်ဆင်းတုတော်၏ လက်ရာမွန်တို့နှင့် ပုံစံတူဖြစ်နေခြင်း။
(၅) ရခိုင်မဂ္ဂဇင်းအမှတ်(၁၃)တွင် ရခိုင်မဂ္ဂဇင်းကော်မတီမှတင်ပြထားသည့် ဆင်းတုတော်ပုံနှင့်တကွ
အောက်ပါကဗျာတို့ဖြင့် ဖော်ကျူးထားသည်မှာ-
"မင်းဝတ်တန်ဆာ စုံလင်စွာနှင့်
လက်ရာမြောက်ဘိ ဝေသာလီမှ
သီရိစက္ကဆင်းတုတော်"ဟူ၍ ဝေသာလီခေတ်တွင် ထုဆစ်ခဲ့သည့် လက်ရာမွန်ဖြစ်ကြောင်း
(၆) ဆရာကြီးဦးဦးသာထွန်းနှင့် အခြားဝါရင့်သုတေသီများကလည်း ဝေသာလီခေတ်လက်ရာဖြစ်သည်ဟု
အဆုံးအဖြတ်ပေးခဲ့ခြင်း စသည်တို့ဖြစ်ပေသည်။
သို့နှင့်ယခု သျှစ်သောင်းဘုရားသိမ်တော်ရှိ ဆင်းတုတော်မှာ ဝေသာလီခေတ်တွင်ထုဆစ်ကိုးကွယ်ခဲ့ကြောင်း ပြောနိုင်ပါသည်။ သို့သော် မူလကုသိုလ်ရှင် မည်သူမည်ဝါဖြစ်ကြောင်း အတတ်ပြောရန်အလွန်ခဲယဉ်းလှပေသည်။
(ဇ) ထူးခြားထင်ပေါ် ပြည်ရခိုင်တစ်ခွင်
ယခုသျှစ်သောင်းဘုရားသိမ်တော်ရှိ ဝေသာလီခေတ်မှ ဆင်းတုတော်ကို ဘုရားဖူးလာသူတိုင်းပီတိသောမနဿ ဖြစ်လျက်ရှိပေပြီ။ ဆွမ်း၊ ပန်း၊ အမွှေးနံ့သာ၊ ဆီမီးများ ပူဇော်နေကြပြီ။ ဆင်းတုတော်၏ရှေ့မှောက်တွင် ဘုရားဝတ်ပြုခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်နေကြပြီ။ အချို့က ဇမ္ဗူပတိမင်း ချွတ်ဟန် ထုဆစ်ကိုးကွယ်ခဲ့သည်ဟူ၍လည်းကောင်း၊ မဟာယာနဂိုဏ်းဝင်တို့ ကိုးကွယ်သော ဗောဓိသတ္တဖြစ်သည်ဟူ၍လည်းကောင်း၊ မဟာယာနဂိုဏ်းဝင်တို့ ကိုးကွယ်သော ဗောဓိသတ္တဖြစ်သည်ဟူ၍ လည်းကောင်း၊ ရခိုင်တို့၏ဘိသိက်မင်္ဂလာအတွက် ထုဆစ်ခြင်းဖြစ်သည် ဟူ၍လည်းကောင်း၊ ထင်ကြေးပေးနေကြသည်။ အမှန်အားဖြင့်
ဤသို့မဟုတ်ပေ။ မဟာသူရိကဉ္စန္ဒရားမင်းက မဟာမုနိ ရုပ်ရှင်တော်ကို မကိုဋ်တော်ဆက်ကပ်လှူဒါန်းသကဲ့သို့ထေရဝါဒကျမ်းဂန်နှင့်အညီ ရည်ရွယ်၍ ထုဆစ်ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ သို့နှင့် ဤဆင်းတုတော်ကို "ခတ္တိယပရိသာ" ပုံတော်ဟူ၍ ကင်းပွန်းတပ် ကမ္ပည်းတင်နိုင်ပါသည်။
ထို့ကြောင့် ဤဆင်းတုတော်ကား သျှစ်သောင်းဘုရားသိမ်တော်ကြီးအတွင်းတွင်သာမက မြောက်ဦး
တစ်ခွင် ရခိုင်တစ်ပြည်လုံးတိုင်အောင် ဂုဏ်ကျက်သရေကိုဆောင်လျက် ရခိုင့်သမိုင်းဂုဏ်ရည်၊ ဝေသာလီခေတ်၌စစ်မှန်သော ဗုဒ္ဓသာသနာတော် ထွန်းကားခဲ့သည်ကို ခံယူပြီး စဉ်ဆက်မပြတ် ထွန်းပြောင်နေပေလိမ့်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသတည်း။
မောင်ဒေ၀ (မြောက်ဦး)
ဝန်ခံချက်။ ။ ကျိန်းရိပ်မြေ လက်ရွေးစင်ဆောင်းပါးပေါင်းချုပ်မှ ကူးယူဖော်ပြပါသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။