တူးဖော်တွေ့ရှိခဲ့သော အုတ်ခွက်ဘုရား အချို့ကို တွေ့ရစဉ်
မွန်ပြည်နယ် သထုံမြို့ရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ကျောင်းဝင်း အတွင်း နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသော ဂူဗိမာန်အား ပြန်လည် ပြုပြင်မွမ်းမံရန် မြေတူးဖေါ်စဉ် တွေ့ ရှိရသော ရှေးဟောင်း အုပ်ခွက်ဘုရားများမှာ ပုဂံခေတ်ထက် စောကြောင်း ရှေးဟောင်းသုတေသန ပညာရှင် ဦးစံဝင်းက ပြောကြားသည်။
“အနော်ရထာဘုရင်က ၁၀၅၇ ခုနှစ်မှာ သထုံကို လာတိုက်တော့ သထုံပျက်သွားတယ်။ အခုတွေ့ ရတဲ့ အုတ်ခွက်ဘုရားတွေက ၁၀၅၇ ခုနှစ် မတိုင်ခင်က ယဉ်ကျေးမှုပစ္စည်းတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီအုတ်ခွက် ဘုရားတွေက ဘယ်လောက် စောသလဲဆိုတာကိုတော့ မပြောနိုင်သေးဘူး။ သထုံ ပျက်သုဉ်းသွားပြီး နောက်ပိုင်း ကာလတွေမှာ ဒီလိုအုတ်ခွက် ဆင်းတုများကို ဆက်လက် လုပ်ဆောင်မှုများ မရှိနိုင်တော့ဘူးလို့ ယူဆရပါတယ်။ ပုဂံခေတ်မှာ လုပ်တဲ့လက်ရာတွေက ဒီလက်ရာတွေမျိုးနဲ့ ဆင်တူတယ်။ သရေခေတ္တရာ အုတ်ခွက်တွေမှာလဲ ဆက်တူ လက်ရာများတွေ့ရတယ်။ ဟံသာဝတီခေတ်မှာလည်း ဒီလို အုတ်ခွက်ဘုရားမျိုးတွေ တွေ့ရပေမယ့် ဒီလက်ရာကို မမီတော့ဘူး” ဟု ဦးစံဝင်းက ဆိုသည်။
၎င်းကဆက်လက်ပြီး “အုတ်ခွက်ဘုရားတွေက အိန္ဒိယအရှေ့တောင်ပိုင်း အခု ဘင်္ဂလားနယ်ထဲမှာ ထွန်းကားခဲ့တဲ့ (Pala-Sena Period) လက်ရာမျိုးလို့ ယူဆရပါတယ်။ ပုဂံခေတ်အစောပိုင်း လက်ရာတွေက (Pala-Sena) လက်ရာမျိုး သြဇာသက်တဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ ဒီအုတ်ခွက်ဘုရား ဆင်းတုတော် တွေကို ပုဂံနဲ့ သရေခေတ္တရာမှာ အများအပြား တွေ့ရပြီး ဖြစ်သော်လည်း ယခု သထုံမြို့ဟောင်းမှာလည်း အရေအတွက် အများစုကို တွေ့ရတဲ့အတွက်ကြောင့် သထုံမှာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပုံကို တွေ့ရတယ်” ဟု ပြောကြားသည်။
(Pala-Sena Period) ခေတ်က ဗုဒ္ဓ၀င်ရှစ်ခန်းပါ အန္ဒဂူ ကျောက်ချပ် ရုပ်တုများကို ထုလုပ်ခဲ့ကြကြောင်း၊ ယခု သထုံတွင် တွေ့ရှိရသော ဗုဒ္ဓ၀င်ရှစ်ခန်းပါ အုတ်ခွက်ဘုရားများသည် အဆိုပါ (Pala-Sena Period) ခေတ်လက်ရာများနှင့် ဆင်တူကြောင်း၊ အုတ်ခွက် ဘုရားများနှင့်အတူ မြေအိုးကွဲခြမ်းစ အများအပြား တူးဖော် တွေ့ရှိရကြောင်း ဦးစံဝင်းက ပြောကြားသည်။
“အုတ်ခွက်ဘုရား အခြေမှာပါတဲ့ စာတွေက နာဂရီအက္ခရာတွေ ဖြစ်ပါတယ်။ အဲဒီ နာဂရီအက္ခရာကို ရခိုင်ပြည်မှာ (၂) ရာစု (၃) ရာ စုကတည်းက သုံးကြတယ်။ အခု စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ကျောင်းတိုက်မှာ တူးဖေါ်တွေ့ရှိတဲ့ အုတ်ခွက်ဘုရားတွေမှာလည်း အဲဒီ နာဂရီအက္ခရာတွေ ပါရှိပါတယ်” ဟု မွန်ရှေးဟောင်း ကျောက်စာလေ့လာသူ ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
“ ဆရာတော်တို့က ဒီငှက်တွင်းဂိုဏ်းကို စတင် တည်ထောင်တော်မူခဲ့တဲ့ ရွှေမင်းဝံ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ထားရှိ ပူဇော်ထားတဲ့ ဂူဗိမာန်ကို ပြုပြင်ဖို့အောက် ဖောင်ဒေးရှင်းချဖို့ မြေတူးတဲ့အခါမှာ မြေကြီးထဲကနေပြီး မုဒြာပုံစံအမျိုးမျိုးနဲ့ ရှေးဟောင်း အုတ်ခွက်ဘုရား တွေ့ရှိရပါတယ်။ ဇွန် ၁၅ ရက်မှာ ပထမဆုံး အနေနဲ့ အုတ်ခွက်ဘုရား ၉၃ ဆူနဲ့ အပိုင်းအစ (၈၃) ခုကို စပြီးတွေ့ ရှိပါတယ်” ဟု စတုဘုမ္မိကမဟာသတိပဋ္ဌာန် (ငှက်တွင်း) ကျောင်းတိုက် ဆရာတော် အရှင်တိက္ခဉာဏက မိန့်ကြားသည်။
ဇူလိုင် ၁၅ ရက်တွင် ဒုတိယအကြိမ်၊ သြဂုတ် ၈ ရက်တွင် တတိယအကြိမ်နှင့် စတင်ဘာ ၁၅ ရက်တွင် စတုတ္ထအကြိမ် ထပ်မံတူးဖော်ရာမှ အုတ်ခွက်ဘုရား အဆူပေါင်း ၆၅၀ ကျော်၊ အုတ်ခွက်ဘုရား အကျိုးအပဲ့ ၉၀၀ နီးပါးနှင့် အိုးခြမ်းကွဲ အပိုင်းအစများ၊ ဂ၀ံကျောက်သားဖြင့် ပြုလုပ်ထားသော ရှေးဟောင်း အဆောက်အအုံ အစိတ်အပိုင်းများ တူးဖော် တွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။၁၉၇၅ ခုနှစ်လောက်က သထုံမြို့အမှတ် (၂) အထက ကျောင်းတွင် အုတ်ခွက်ဘုရားပေါင်း ၁၀၀၀ ကျော် တူးဖော် တွေ့ရှိရဖူးကြောင်း၊ ယခု စတုဘုမ္မိကမဟာသတိပဋ္ဌာန် (ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း တူးဖော် တွေ့ရှိသော ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ဒုတိယအကြိမ် တူးဖော်တွေ့ရှိရခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနပညာရှင် ဦးစံဝင်း၏ ပြောပြချက်အရ သိရသည်။
Writer:
ဘိုဘိုမြင့် (မော်လမြိုင်)
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။