စက်တင်ဘာ ၁၈ ရက်က ပက်ရှ်ဝါမြို့ရှိ လေတပ်စခန်းတစ်ခုတွင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယင်းစခန်းအပြင်ဘက်၌ နေရာယူထားသော စစ်သားများ (Photo- AFP)
တည်ငြိမ်မှုမရှိသော ပါကစ္စတန် အနောက်မြောက်ပိုင်းဒေသမှ လေတပ်အခြေစိုက်စခန်းတစ်ခုသို့ စက်တင်ဘာ ၁၈ ရက် က တာလီဘန်စစ်သွေးကြွများ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်။ ပါကစ္စတန်စစ်တပ်က တာလီဘန်တို့ကို ထိုးစစ်ဆင်မှုကြီးတစ်ခု ပြုလုပ်နေချိန်တွင် တာလီဘန်တို့၏ လူသေဆုံးမှု အများဆုံး ယခုတိုက်ခိုက်မှုကြီး ထွက်ပေါ်လာခြင်းဖြစ်သည်။
ပက်ရှ်ဝါမြို့အနီးရှိ လေတပ်ဝန်ထမ်းအိမ်ရာသို့ တာလီဘန်များသည် အရုဏ်တက်ချိန်က ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ပက်ရှ်ဝါဒေသသည် စစ်သွေးကြွတို့ ခိုလှုံရာ အာဖဂန်နယ်စပ်နှင့် ထိစပ်နေသည့်ဒေသသို့ သွားရာတံခါးပေါက်ဖြစ်သည်။
စစ်သားများသည် လျင်မြန်စွာ လှုပ်ရှားဆောင်ရွက်ပြီး တိုက်ခိုက်သူများကို နေရာငယ်တစ်ခုတွင် ပိတ်မိစေခဲ့ကာ ယင်းတို့ထဲမှ ၁၃ ဦးထက်မနည်းကို သတ်နိုင်ခဲ့သည်ဟု စစ်တပ်မှ အဓိကပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အဆင်ဘာ့ဂ်ျဝါက ပြောကြားခဲ့သည်။ ဘာဒါဘာလေတပ်အခြေစိုက်စခန်းတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် အပြန်အလှန် တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးသေဆုံးခဲ့ကာ စစ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။
တာလီဘန်တို့သည် လေတပ်စခန်းထဲရှိ ဗလီကိုလည်း ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နံနက်ခင်း ၀တ်ပြုသူ ၁၆ ဦးသေဆုံးခဲ့ရကြောင်း ဘာ့ဂ်ျဝါက သူ၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ပါကစ္စတန်တာလီဘန်အဖွဲ့ (TTP) က ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ “ ကျွန်တော်တို့ရဲ့ အသေခံတပ်ဖွဲ့ က ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟုTTP ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက်ခူရာဆာနီက ပြောကြားခဲ့သည်။
ဘာ့ဂ်ျဝါ၏ ပြောကြားချက်အရ ကျန်နေသေးသည့် စစ်သွေးကြွများ ရှိ မရှိ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး တိုက်ခိုက်မှုကို အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့သည့်အတွက်လည်း ဂုဏ်ပြုခဲ့သည်။ ထိုတိုက်ခိုက်မှုထဲတွင် တန်ပြန်ရေး အထူးတပ်ဖွဲ့၊စစ်တပ်မှ ကွန်မန်ဒိုများ၊ ဒေသတွင်းမှ PAF တပ်ဖွဲ့များ ပါဝင်ခဲ့သည်ဟု သိရသည်။ယခု တိုက်ခိုက်ခံရသည့် လေတပ်စခန်းသည် လေတပ်မှဝန်ထမ်းများအတွက် အိမ်ရာတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုစခန်းထဲ၌ တိုက်လေယာဉ်အစရှိသော လေတပ်လက်နက်ပစ္စည်းများကိုမူ ထားရှိထားခြင်းမရှိဟု သိရသည်။
ပက်ရှ်ဝါမြို့မှာပင် ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်တပ်မှ ဖွင့်ထားသည့် စာသင်ကျောင်းတစ်ကျောင်းသို့ တာလီဘန်သေနတ်သမားများက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၅၀ ကျော်သေဆုံးပြီး အများစုမှာ ကလေးများဖြစ်ကြသည်။ ယင်းဖြစ်ရပ်သည် ပါကစ္စတန်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ခဲ့သည်။ သို့သော် ယင်းနောက်ပိုင်းတွင် နိုင်ငံတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ခဏကြာ ရပ်ဆိုင်းသွားခဲ့သည်။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။