အမေရိကန်က မျိုးဆက်သစ် တာဝေးသွား ဗုံးကြဲလေယာဉ် တည်ဆောက်ရန် စီစဉ်နေ


၂၀၁၄ ခုနှစ် နိုဝင်ဘာ ၃ ရက်က အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz ပေါ်၌ တွေ့ရသော F-35 C တိုက်လေယာဉ်တစ်စင်း (Photo: AFP)

အမေရိကန်သည် ၎င်း၏ သက်တမ်းရင့်နေပြီဖြစ်သော စစ်အေးခေတ်ကာလ ဗုံးကြဲလေယာဉ်များနေရာတွင် အစားထိုးရန် မျိုးဆက်သစ် တာဝေးသွား ဗုံးကြဲလေယာဉ်များ တည်ဆောက်ရန် အမေရိကန်လေတပ်က စီစဉ်နေကြောင်း သိရသည်။ ဒေါ်လာ ဘီလျံနှင့်ချီ တန်ဖိုးရှိမည့် တာဝေးသွား ဗုံးကြဲတိုက်ခိုက်ရေးလေယာဉ် (LRSB) စီမံကိန်းအား လုပ်ကိုင်ခွင့်ပေးမည့် ကုမ္ပဏီများစာရင်းကို လာမည့် သီတင်းပတ်များတွင် ကြေညာမည်ဖြစ်သည်။ ယင်းစီမံကိန်းအတွက် Northrop Grumman သို့မဟုတ် ဘိုးအင်း နှင့် လော့ဟိမာတင်တို့ ပေါင်း၍ထားသည့် ကုမ္ပဏီစုက ယှဉ်ပြိုင်နေသည်။

ယင်းစီမံကိန်းက အမေရိကန်၏ သက်တမ်းရင့် B-52 နှင့် B-1 ဗုံးကြဲလေယာဉ်များနေရာတွင် အစားထိုးရန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် အစင်း ၈၀ မှ ၁၀၀ အကြား ထုတ်လုပ်ရန် စီစဉ်ထားသည်။ ယင်းလေယာဉ်သစ်များသည် နျူကလီးယား သို့မဟုတ် အခြားလက်နက်များကို သယ်ယူပို့ဆောင်ပေးရုံသာမက အလွန်မြင့်မားသော  နေရာတွင် ပျံသန်းပြီး အာရုံခံစနစ်များနှင့်  ထောက်လှမ်းစောင့်ကြည့်ရေးကိရိယာများဖြင့် သတင်းအချက်အလက်များကိုလည်း ထောက်လှမ်းရယူမည် ဖြစ်သည်။

LRSB သည် ရေဒါစနစ်က ထောက်လှမ်းစောင့်ကြည့်ရာတွင် ခက်ခဲစေမည့် စွမ်းရည်များပါဝင်သည့် လေယာဉ်အမျိုးအစား ဖြစ်လာဖွယ်ရှိကြောင်း လေကြောင်းသုတေသီ ရစ်ချက်အဘူလာဖီယာက ပြောကြားခဲ့သည်။ ယင်းဗုံးကြဲလေယာဉ်သစ်က ၎င်း၏ အီလက်ထရွန်နစ် ထုတ်လွှတ်မှုများကို ဖုံးကွယ်ထားနိုင်သလို ရန်သူများက ယင်းလေယာဉ်ကို ပစ်မှတ်ထားခြင်းအား ကာကွယ်ရန်အတွက် ရေဒီယိုလှိုင်းများ ထုတ်လွှတ်မှုအား အနှောင့်အယှက်ဖြစ်စေသည့် အားကောင်းသော ကိရိယာများလည်း တပ်ဆင်ထားကြောင်း သိရသည်။

သို့သော် ယင်းမျိုးဆက်သစ်လေယာဉ်သည် အသံထက်မြန်သောနှုန်းဖြင့် ပျံသန်း၍ရမည် မဟုတ်ကြောင်း အဘူလာဖီယာက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပျံသန်းပါက လောင်စာအလွန်အမင်း လောင်ကျွမ်းပြီး သွားနိုင်သော အကွာအဝေးကို လျော့ကျစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်တွင် လတ်တလော၌ ရေဒါစနစ်က ဖမ်းယူရန် ခက်ခဲသည့် B-2 ဗုံးကြဲလေယာဉ်များ တပ်စုတစ်စု ရှိထားပြီးဖြစ်သည်။ သို့သော် ကုန်ကျစရိတ် မြင့်မားသော ယင်းလေယာဉ်များ၏ လျှို့ဝှက်ချက်များ ပေါက်ကြားမည်စိုး၍ ပြည်ပတွင် ယင်းလေယာဉ်များကို တပ်စွဲမှု ရှားပါးသည်။

ပင်တဂွန်က ယင်းလေယာဉ်သစ်သည် လေယာဉ်မှူးမပါဘဲ ပျံသန်းနိုင်ခြင်းနှင့် ဝေဟင်တွင်ပင် လောင်စာဖြည့်နိုင်သည့်အဆင့်အထိ လုပ်ဆောင်နိုင်ရန် လိုလားနေသည်။ LRSB လေယာဉ်ကို ပထမဆုံး စမ်းသပ်ပျံသန်းမှုအား ၂၀၂၀ ပြည့်နှစ်လယ်အထိ လုပ်ဆောင်နိုင်ခြေမရှိသေးဘဲ ၂၀၃၀ ပြည့်နှစ်မတိုင်မီအထိ အသုံးပြုနိုင်ခြေ မရှိသေးပေ။ B-52 ၏ ပျမ်းမျှသက်တမ်းသည် ၅၁ နှစ် ဖြစ်ပြီး B-1 ၏ ပျမ်းမျှသက်တမ်းသည် ၂၉ နှစ်ဖြစ်ကြောင်း သိရသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။