အရှိန်အမြင့်ဆုံး ဖြစ်လာတဲ့ နန်းလုတိုက်ပွဲ

Byဇွဲရဲဝင့်  Wed, 2015-08-19
နအဖစစ်အစိုးရလက်ထက်က တပ်မတော်ထိပ်တန်းခေါင်းဆောင်များအဖြစ် တွေ့ရသော ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို တွေ့ရစဉ်/EPA
လက်ရှိ အာဏာရပါတီထဲ မှာ နန်းလုပွဲတစ်ခု ဆင်နွှဲ လိုက်ခြင်းအားဖြင့် သမ္မတဦးသိန်းစိန် အနေနဲ့ သူ့အပေါ် ထောက်ခံရပ်တည်မှုတွေ ပိုမိုအားကောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့သလို အဓိက ပြိုင်ဘက်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ သမ္မတဖြစ်လာရေး မျှော်လင့်ချက်တွေကိုပါ အဆုံးသတ် သွားစေခဲ့ပါတယ်။
တပ်မတော်မှာလည်း ရာထူး သတ်မှတ်ချက်အလိုက် လှုပ်ခတ်မှုတွေ ကြီးကြီးမားမားရှိခဲ့ပြီး အကြီးတန်း အရာရှိ ၂၀၀ နီးပါး လောက်ဟာ အငြိမ်းစား ယူရတာ၊ ဒါမှမဟုတ် လက်ရှိတာဝန်တွေကနေ ဖယ်ရှားခံလိုက်ရတာတွေ ရှိလာပါတယ်။ အစိုးရအဖွဲ့ အတွင်းမှာလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာတယ်။
ဒါဟာ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အထင်ကရ အင်အားစုကြီး နှစ်ခုရဲ့ နောက်ဆုံးတိုက်ပွဲ ရုပ်လုံးပေါ် လာတာလို့လည်း ဆိုနိုင်ပါတယ်။ 
ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေဟာ တရိပ်ရိပ် အရှိန်မြင့်တက်လာပြီး လူသိရှင်ကြားဖြစ်လာပါတယ်။
အခုနောက်ဆုံး ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုမှာတော့ တပ်မတော်က ကြိုးကိုင်စီမံခဲ့တယ်လို့ တွေးစရာ ရှိပါတယ်။ အရင် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေဟာလည်း ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရှိကောင်းရှိနေနိုင်ပါတယ်။
နေပြည်တော်က ပြည်ခိုင်ဖြိုး ရုံးချုပ်ကို ညဥ့်သန်းခေါင်အချိန် ရုတ်တရက် ဝင်ရောက်စီးနင်းမှုကို အစိုးရအဖွဲ့ ဝန်ကြီးတချို့က ဦးဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်းရုံးချုပ် အဆောက်အအုံကနေ ဘယ်သူ့ကိုမှ ထွက်ခွာခွင့်မပေးဘဲ ဝန်းရံ ပိတ်ဆို့ ထားလိုက်ကြောင်း အဆောက်အအုံထဲက သတင်းရင်းမြစ်တစ်ယောက်က ပြောပြပါတယ်။
 ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင် ရွက်ခွင့် မရှိတော့တာကြောင့် ပြည်ခိုင်ဖြိုးရဲ့ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးရွှေမန်းရော၊ ပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ပါ ပါတီတွင်း သူတို့ရဲ့ နေရာတွေကနေ ဖယ်ရှားခံလိုက်ရပါတယ်။
ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဦးရွှေမန်းအစား ယာယီဥက္ကဋ္ဌအ ဖြစ် ပြောင်းလဲ တာဝန်ယူခဲ့တယ်။
ဦးဌေးဦးဟာ ပြီးခဲ့တဲ့ နှစ်က စလို့ ဦးရွှေမန်းအပေါ် ဝေဖန်ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ ပါတယ်။ ပြီးတော့ သူဟာ ဦးသန်းရွှေနဲ့ နီးစပ်သူ တစ်ဦးအဖြစ်လည်း လူသိများသူပါ။ ဦးဌေးဦးဟာ ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်း ပထမ ၂ နှစ်တာ အတွင်းမှာ တက်ကြွတဲ့ ထောက်ခံအားပေးသူတယောက် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဦးသိန်းစိန်နဲ့လည်း ခပ်ကင်းကင်း နေလာခဲ့ပါတယ်။ 
ဒါကလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ ဦးသိန်းစိန်ရဲ့ မပြတ်သားမှုတွေအပေါ် တဖြည်းဖြည်း စိုးရိမ်လာတာကြောင့် ဖြစ် ပါလိမ့်မယ်။
‘‘သူ့ကိုတော့ အင်အားစု နှစ်ခုကြားမှာ အလယ်လူလို့ သတ်မှတ်ရလိမ့်မယ်’’လို့ အမည် မဖော်လိုသူ ပါတီထိပ်တန်း အရာရှိတစ်ဦးက ပြောပါတယ်။ 
အခုဆိုရင် ဦးဌေးဦးဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပူးတွဲပြီး ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားလိုက်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုအခြေအနေတွေက သမ္မတ အနေနဲ့ ဒုတိယသက်တမ်း ရွေးကောက်ခံနိုင်ဖို့ အခွင့်အလမ်းနဲ့ ပတ်သက်လို့ ပိုပြီး ရှုပ်ထွေးဝေဝါးလာစေပါတယ်။ ထင်ထင်ရှားရှား မြင်သာလာတာ တစ်ချက်ကတော့ မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ စာရင်းသတ်မှတ်ဖို့နဲ့ တပ်မတော် အရာရှိတွေ အငြိမ်းစားယူလိုက် တာတွေက အချိန်ကိုက်ဖြစ်လာတယ်ဆိုတာပါပဲ။
ဩဂုတ် ၁၄ ရက်မှာ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းဖို့ နောက်ဆုံးရက် သတ်မှတ်ထား ပါတယ်။  ဒါပေမဲ့ အပြောင်းအလဲတွေပြုလုပ်ဖို့ နောက်ထပ် အချိန်တစ်ပတ်ခွင့်ပြုထားပါသေးတယ်။ 
‘‘သေချာတာ တစ်ခုကတော့ ဒီအာဏာသိမ်းမှုဟာ နိုင်ငံရဲ့ ဒီမို ကရေစီ အသွင်ကူးပြောင်းရေး မှာ ထင်ထင်ရှားရှား သက်ရောက် မှုတော့ ဖြစ်လာလိမ့်မယ်’’ လို့ နိုင်ငံရေး စောင့်ကြည့်လေ့လာသူနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာရန်မျိုးသိမ်း ကမှတ်ချက်ပေးပါတယ်။
ရွေးကောက်ပွဲ စတင်ကျင်းပ ဖို့ သုံးလလောက် အလိုမှာတော့ ပါတီကို ကိုယ်စားပြုပြီး မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံဖို့အားထုတ် ကြိုးစားမှုတွေကတော့ ပြီးဆုံးသွားပါပြီ။ အရင်တုန်းက တော့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု လုပ်ငန်းစဉ်တွေမှာဦးမောင်မောင်သိမ်းက ကြီးမှူးရပါတယ်။ ပါတီဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဦးရွှေမန်းကတော့ အဲဒီ ကိုယ်စားလှယ်လောင်းစာရင်းကို အတည်ပြုခွင့် ရှိပါတယ်။ အဲဒီစာရင်းမှာ ထင်ရှားတဲ့ ဝန်ကြီး တချို့ ချန်လှပ်ခံရပြီး ဦးသိန်းစိန်ကလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ပြောခဲ့တယ်။
ဒါပေမဲ့ တကယ်တမ်း သတိ ထားစရာ ဖြစ်ခဲ့တာက ဦးရွှေမန်း ရဲ့ စီမံကိုင်တွယ်မှု အောက်မှာ ပါတီကို ဝင်ရောက်လာပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်တဲ့ တပ်မတော် အရာရှိဟောင်းတွေကို ပြည်ခိုင်ဖြိုးက ငြင်းဆန်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာ တပ်မတော်က ထိပ်တန်းအရာရှိ ၁၄၉ ဦးဟာ နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက် ဖို့အတွက် သူတို့ရဲ့ စစ်ဘက်ရာထူးတွေကို စွန့်လွှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ပါတီညီလာခံ ကျင်းပချိန်မှာတော့ တပ်မတော် အရာရှိဟောင်း ၅၉ ဦးကိုပဲ ပါတီရဲ့ ကိုယ်စားလှယ်တွေအဖြစ် လက်ခံပေးခဲ့ပါတယ်။
ပြည်ခိုင်ဖြိုး အတွင်းပိုင်း အင်အားစုတွေနဲ့ တပ်မတော်ကြားက တင်းမာမှုတွေဟာ ဇွန်လမှာတော့ သေသေချာချာရုပ်လုံး ပေါ်လာပါတယ်။ ဦးရွှေမန်းရဲ့ဦးဆောင်မှုနဲ့ ပြည်ခိုင်ဖြိုးဟာ လွှတ်တော်တွင်း တပ်မတော်ရဲ့ အခွင့်အာဏာကို ဖယ်ရှားဖို့ ကြိုး စားလာပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်းနဲ့ အပြောင်းအလဲ တစ်ခုခု ပြုလုပ်တိုင်းကိုယ်စားလှယ် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် လိုအပ်တယ်ဆိုတဲ့ အခြေခံဥပဒေ သတ်မှတ်ချက်တွေကို ပြုပြင်ဖို့ပါ။
ပြီးတော့ ဦးရွှေမန်းဟာ ပြီး ခဲ့တဲ့ လပိုင်းတွေမှာ လွှတ်တော်ထဲ က စစ်တပ် ကိုယ်စားလှယ်တွေ အပေါ် ဝေဖန်ထိုးနှက် စကားတွေ ပြောလာခဲ့တယ်။ အကျိုးဆက် အနေနဲ့တော့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ ဖိအားပေး ဝေဖန်ခံရ မှုတွေ မြင့်တက်လာတာပါပဲ။ ဒါ ပေမဲ့ အခုနောက်ဆုံး တိုက်ပွဲကို လက်တွေ့ ပေါ်ပေါက်လာစေတဲ့ အဓိက အကြောင်းရင်းကတော့ ပါတီထဲကို တပ်မတော် အရာရှိတွေ ဝင်ရောက်ခွင့် ပိတ်ပင်ဖို့ သူ့ရဲ့ အားထုတ်မှုကြောင့်ဖြစ်ပါတယ်။
အရင်တုန်းကဆိုရင် တပ်မတော် အရာရှိတွေဟာ ပြည်ခိုင်ဖြိုးကို အလိုအလျောက် ဝင်ရောက်ခွင့် ရထားပြီးသားပါ။ 
၂၀၁၀ ပြည့်နှစ်ရွေးကောက် ပွဲ မတိုင်ခင်က ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ အပါအဝင် ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေတော်တော်များများဟာ ပါတီထဲကို အလွယ်တကူပဲ ကူးပြောင်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ကာလဟာ တပ်မတော်မှာ နှစ်စဉ် အပြောင်းအလဲတွေ၊ ရာထူးတိုးမြှင့်ခန့်အပ်မှုတွေ ပြုလုပ်နေကျကာလမျိုးပါ။ ဒါပေမဲ့ ဒီတစ်နှစ် အပြောင်းအလဲတွေကတော့ လာမယ့် ရွေး ကောက်ပွဲနဲ့ ဆက်နွှယ်နေတာကြောင့် တော်တော်လေး ကသုတ်ကရက် နိုင်ခဲ့ပါတယ်။ပုံမှန်အတိုင်းဆို ဒီတစ်သုတ် အပြောင်းအလဲမှာ တပ်မတော် အရာရှိတွေ အနေနဲ့ ပြည်ခိုင်ဖြိုးကို ကူးပြောင်းလာပြီး လွှတ်တော် အမတ်တွေ ဖြစ်လာကြမှာပါ။ တချို့ကတော့ နောက်တက်လာမယ့် အစိုးရ အဖွဲ့မှာ ဝန်ကြီး တွေ၊ ပြည်နယ်နဲ့တိုင်း အစိုးရအ ဖွဲ့ ဝန်ကြီးချုပ်တွေအဖြစ် တာဝန် ပေးအပ်ခံရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့နီးစပ်သူတွေရဲ့ အဆိုအရ ရာထူးအသီးသီးက အနားယူခဲ့တဲ့ တပ်မတော် အရာရှိကြီးတွေထဲက သုံးပုံတစ်ပုံ လောက်ကိုပဲ ပါတီဘက်က ကြို ဆိုခဲ့တယ်လို့သိရပါတယ်။
ပါတီအပေါ် သူ့ရဲ့ ထိန်းချုပ်ထားနိုင်မှု ဆုံးရှုံးသွားမှာကို စိုးရိမ်နေတဲ့ ဦးရွှေမန်းဟာ အဲဒီတပ်မတော် အရာရှိ အများစုကို ပြည်ခိုင်ဖြိုး ပါတီရဲ့ အလံတော်အောက်ကနေ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ဆံ့မလာအောင်၊ ပါတီဝင်တွေ ဖြစ်မလာအောင် တားဆီးပိတ်ပင်ခဲ့ ပါတယ်။
တပ်မတော်ရဲ့ ထိပ်ပိုင်း အ သိုက်အဝန်းမှာတော့ ဦးရွှေမန်းကို သစ္စာဖောက် တစ်ယောက်လို့ ပွင့်ပွင့်လင်းလင်းပဲ သတ်မှတ်သုံးနှုန်း နေတယ်လို့ စစ်ဘက်သတင်းရင်း မြစ်တွေက ဆိုပါတယ်။ 
‘‘ဒါမျိုး နောက်ဆုံးတစ်ကြိမ် ကြုံခဲ့တာကတော့ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ် ချမထားခင် ၂၀၀၄ ခုနှစ် ဝန်းကျင်လောက်ကပါ’’ လို့ အမည်မဖော်တဲ့ တပ်မတော် အရာရှိဟောင်း တစ်ယောက်က ပြောပြပါတယ်။ အခုတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟာ တပ်မတော်ရဲ့ တရားဝင် သတ်မှတ်ထားတာ မဟုတ်တဲ့ စည်းကမ်းတစ်ရပ်ကို ချိုးဖောက်လိုက်ပုံပါပဲ။ အထူးသဖြင့် အခြေခံဥပဒေကို ပြောင်းလဲ ပစ်ဖို့ အားထုတ်ခဲ့တယ် ဆိုတာမျိုးပေါ့။ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့သူရ ဦးအောင်ကိုက ပါတီတွင်း အကွဲအပြဲကိစ္စတွေဟာ ညှိနှိုင်းလို့မရနိုင်ဘူးလို့ ဆိုပါတယ်။
လက်ရှိ ဖြစ်ပျက်ခဲ့တဲ့ နောက် ဆုံးတိုက်ပွဲဟာ ပါတီထဲကနေ ဦး ရွှေမန်းကို တစ်ကြိမ်တည်းနဲ့ အ ပြီးတိုင် ဖယ်ထုတ်လိုတဲ့ လှုပ်ရှားမှု အထမြောက်သွားတာကို မြင်သာစေခဲ့ပါတယ်။
‘‘ဖြစ်လာမယ် ဆိုရင်တော့ ဓားတဝင့်ဝင့်နဲ့ ညတစ်ညကို ကြုံ ရလိမ့်မယ်’’ လို့ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်လောက်တုန်းက သမ္မတရုံးက အမည်မဖော်လိုသူ အရာရှိ တစ်ယောက်က ထင်ကြေးပေးခဲ့ပါတယ်။ အခုတော့ ဒီအာဏာသိမ်းမှု ဇာတ်လမ်းဟာ လက်တွေ့ အထမြောက်လာခဲ့ပါပြီ။
ဇွန်လအတွင်းက ပြုလုပ်တဲ့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အစည်းအဝေး မတိုင်မီမှာအရင် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက စာတစ်စောင် ပေးပို့ပြီး ပါတီမပြိုကွဲအောင် ထိန်းသိမ်းကြဖို့ သတိပေးခဲ့ပါတယ်။
အဲဒီစာထဲမှာတော့ ဦးသန်း ရွှေက ထိပ်သီးပုဂ္ဂိုလ်သုံးယောက် (ဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်)တို့ဟာ အဆင်ပြေပြေ ပူးပေါင်းလုပ် ဆောင်ဖို့ လိုတဲ့အကြောင်း၊ အဲဒီ လို မဟုတ်တော့ဘူးဆိုရင်တော့ ဦးသန်းရွှေက ကိုယ့်နည်းကိုယ့် ဟန်နဲ့ စီမံကိုင်တွယ်လာမှာ ဖြစ်တဲ့အကြောင်း ရေးသားထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ ပါတယ်။
လောလောဆယ်မှာတော့ ဦး သိန်းစိန်ဟာ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ဦးမင်းအောင်လှိုင်ရဲ့ ထောက်ခံရပ်တည် မှုနဲ့အတူ အသာစီးအနေအထားမှာ ရှိနေတာသေချာပါတယ်။ ဒါပေမဲ့ရွေးကောက်ပွဲ အပြီးမှာသမ္မတ အဖြစ် ဦးသိန်းစိန်ပဲ ဆက်ရှိနေမယ်ဆိုတာကတော့ မသေချာသေးပါဘူး။ မြန်မာ့နိုင်ငံရေး အကဲခတ် အချို့က ပြည်ခိုင်ဖြိုးရဲ့ အတွင်းပိုင်း အာဏာ လွန်ဆွဲမှုတွေကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့ နှောင့်နှေးမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
‘‘နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲဟာ အခုဆိုရင် ရွှေ့ဆိုင်းဖြစ်ဖို့ သေချာသလောက်ရှိနေပြီ’’ လို့ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။
အခြေခံ ဥပဒေပါ သတ်မှတ်ချက်တွေအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ၂၀၁၆ ခုနှစ်၊  ဇန်နဝါရီလကုန်ပိုင်းထိ ရွှေ့ဆိုင်းထားခွင့် ရှိနေပါတယ်။ ဒါဟာ ပြည်ထောင်စု လွှတ်တော် ပထမဆုံးကျင်းပမှုနဲ့ ဦးသိန်းစိန် သမ္မတအဖြစ် တင်မြှောက်ခံရမှု ငါးနှစ်သက်တမ်း ပြည့်မြောက်တဲ့ ကာလလည်း ဖြစ်ပါတယ်။
(Bangkokpost သတင်းစာပါ လယ်ရီဂျေဂင်၏ Thein Sein in palace coup to boost support ကို Bangkokpost နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက်ဖြင့် ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)

____Ref: 7Day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။