““ပြည်သူလူထုထံသို့””
““စေတနာ၊ မေတ္တာ၊ စာနာမှုများဖြင့် မိမိအား မေးမြန်းကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါတယ်။ ပြည်သူလူထု၏ မေတ္တာ၊ စေတနာကို အလေးထား လေးစားတန်ဖိုးထားပြီး၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာ အတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန် အထိ ဆက်လက် ဆောင်ရွက်သွားပါမယ်။ အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ.......””
ဒီအထဲမှာ သူရဦးရွှေမန်းပြောတဲ့ နောက်ဆုံးအချိန်ဆိုတဲ့ စကားမှာနက်နဲတဲ့ အဓိပ္ပာယ်တွေ၊ သူ့အနေနဲ့ ကြိုတင်မျှော်လင့်ထားတဲ့ သူရဲ့အခြေအနေ တွေပါ ပုံရပါတယ်။
သူရဦးရွှေမန်း မျှော်လင့်ထားတဲ့ နောက်ဆုံးအခြေအနေဟာ ဘယ်လို အခြေအနေမျိုး ဖြစ်မလဲ။ သူအပါအ၀င် သူနဲ့ဆက်စပ်တဲ့ မိသားစုဝင် တွေရဲ့ အခြေအနေကရော။
မကြာခင်က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ အားထားရတဲ့ သားတစ်ယောက်ဖြစ်တဲ့ ဦးတိုးနိုင်မန်းနဲ့ The Messenger Media ဆက်သွယ် မေးမြန်ထားပါတယ်။ ဒီဆက်သွယ် မေမြန်းချက် တွေထဲကနေ စာဖတ်ပရိသတ် အနေနဲ့ အခြေအနေ တစ်ခုကို ဆင်ခြင်သုံးသပ်လို့ ရနိုင်မယ်ထင်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အခု ဘယ်မှာလဲ။
လွှတ်တော်ဥက္ကဋ္ဌကြီးက သူ့အိမ်မှာ ရှိပါတယ်။ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ သူပုံမှန် အလုပ်လုပ်နေပါ တယ်။ ကျွန်တော့် အနေအထားကတော့ ကျွန်တော့်အိမ်မှာ။ ဘယ်မှလည်း ကျွန်တော် မသွားပါဘူး။ ကျွန်တော့်ကိုပေါ့၊ လိုအပ်ချက်ရှိ လို့လားတော့ မသိဘူးပေါ့။ လုံခြုံရေးအဖွဲ့ဝင် ခုနစ်ယောက်နဲ့ (၁၀)ယောက်ကြား အဖွဲ့ကတော့ အိမ်ဘေးမှာ ရှိနေကြပါတယ်။
ဥက္ကဋ္ဌနဲ့ ဖုန်းပြောဖြစ်သေးလား၊ သူကရော ဒီကိစ္စအပေါ် ဘာပြောသေးလဲ။
ကျွန်တော်နဲ့ ဖုန်းတစ်ကောပဲ ရသေးတယ်။ ကျွန်တော်နဲ့ (၁၅)စက္ကန့်လောက်ပဲ ပြောဖြစ်ပါသေးတယ်။ သားနေကောင်းလား၊ ကောင်းတယ်၊ အဖေနေကောင်းလား၊ ကောင်းတယ်။ အမေတော့ နေသိပ်မကောင်းဘူး။ မင်းဘယ်မှာရှိလဲ။ ကျွန်တော် ရန်ကုန်မှာ ရှိတယ်၊ အေးပေါ့ကွာ။ အဆင်ပြေအောင် နေကြ။ ဒါပဲပြောပါတယ်။ ကျန်တာ ဘာမှ မပြောသေးပါဘူး။
ပါတီနဲ့ပတ်သက်ပြီး ကိုတိုးနိုင်မှန်း ကိုယ်တိုင်လည်း ဒီထဲမှာပါတော့ ဒီပြဿနာတွေ ဘယ်က စဖြစ်လာတာလဲ။
ပါတီကို ပြန်လည်ပြီးတော့ ထူထောင်ဖို့ ကြိုးစားတဲ့နေရာမှာ ပါတီ Congress တွေနဲ့ လုပ်ကြရတာပေါ့။ အဲဒီတော့ Congress တွေရဲ့ အဆုံးအဖြတ်အတိုင်းပဲ သွားကြရတာပေါ့။ သို့သော်လည်း တချို့ အရေးပေါ်အခြေအနေတွေမှာ ဆိုရင်တော့ CEC ကသာလျှင်ဆောင် ရွက်နိုင်တယ်ဆို တဲ့ဟာကို အသင်းဖွဲ့စည်းမျဉ်းမှာလည်း ထည့်ထားတယ်လေ။ ကျွန်တော် မှတ်မိ သလောက်ပေါ့။ ဒီပါတီနဲ့ရော၊ ဒီလွှတ်တော်နဲ့ရော ကင်းကွာနေတာ တစ်နှစ်ကျော်လောက် ရှိပါပြီ။ ကျွန်တော့်ကလေး ကျန်းမာရေး ရှိသေးတော့ သိပ်ပြီးလည်း မလုပ်နိုင်ဘူးပေါ့။ ဒီဟာကို အပြင်လူအနေနဲ့ သုံးသပ်ပြချင်ပါတယ်။ ဒီပါတီလုပ်ငန်းတွေ လုပ်ကြတဲ့နေရာမှာ တချို့ကျတော့လည်း ထဲထဲဝင်ဝင် မသိသေးတဲ့ အခါကျတော့လည်း ပြောရတော်တော် ခက်ပါတယ်။ ဒီနိုင်ငံ ရှေ့ဆက်သွားဖို့ ဟာကျတော့ ကျွန်တော်တို့ နားလည်ထား သလောက်ဆိုရင် ဒီမိုကရက်တစ် နိုင်ငံတစ်ခု ထူထောင်ဖို့ဆို အဓိက ပါတီကြီးနှစ်ခုသုံးခု လောက်က မာဖို့လိုတာပေါ့။ မာဖို့လိုတဲ့ အခါကျတော့ ကျွန်တော်တို့ စနစ်တကျ ပြန်လည်စုဖွဲ့ဖို့ဆိုရင် ပြောရရင် ကျွန်တော် ၂၀၁၂ ခုနှစ် ကမှ ပါတီဝင် ဖြစ်တာပါ။ သို့သော်လည်း ၁၉၉၄ ခုနှစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အနေနဲ့ဆိုရင်တော့ ပြည်ခရိုင်မှာ ကျွန်တော် ထင်တယ်၊ ကျွန်တော် နံပါတ်သုံး၊ လေးလောက် ဖြစ်မယ်ဗျာ။ အဲဒီတော့ ခုနက ပါတီကိစ္စကို ပြန်စရမယ်ဆိုရင် ကျွန်တော်တို့ ပါတီကို စနစ်တကျဖြစ်အောင် တည်ဆောက်တဲ့နေရာမှာ ပါတီဘယ်လိုပေါ်ပေါက် လာခဲ့တယ်ဆိုတာကို အစ်ကိုလည်း သိထား ပြီးသားဆိုတော့ ကျွန်တော်ထပ် မရှင်းပြတော့ပါဘူး။ နဂို ဘယ်လိုပဲ ပေါ်ပေါက် ပေါ်ပေါက်၊ ကျွန်တော်တို့သည် ကောင်းမွေ၊ ဆိုးမွေအကုန်လုံးကို ခံယူပြီး ပြည်သူ့ပါတီအဖြစ် ပြောင်းလဲရမယ့် တာဝန်ရှိလို့ဆိုတော့ ဒါကြီးကို ပစ်ထားပြီးတော့ ထွက်ပြေးမလား။ ဒါကို နိုင်သလောက် ကျွန်တော် တို့ရုန်းကြမလား။ ဆိုတဲ့အချိန်မှာ (၁)ကတော့ ပြင်တာ၊ (၂) ကတော့ ထွက်ပြေးတာပေါ့။
ဒါဆို ကြံ့ခိုင်ရေးမှာ ပြင်ဖို့လုပ်တဲ့ လူနဲ့ ထွက်ပြေးတဲ့ လူဆိုပြီး ကွဲသွားတယ်လို့ ပြောချင်တာလား။
အဲဒီတော့ အဲဒီပေါ်မှာ ကျွန်တော့် အဖေရဲ့ စိတ်ဆန္ဒက မိသားစုရဲ့ ဆုံးဖြတ်ချက် အရရော၊ ကျွန်တော်တို့ ဒီပါတီကို ပစ်မပြေးဘူး။ ရအောင်ပြင်ကြမယ်။ တစ်ရာခိုင်နှုန်း ပဲရရ (၁ဒဿမ ၅)ရာခိုင်နှုန်းပဲ ရရ။ မပြင်ဘဲ ထားတာနဲ့ စာရင်တော့ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်ကြမယ်ဆိုပြီး လုပ်ကြတယ်ပေါ့။ လုပ်တဲ့ အခါကျတော့ ပါတီမှာ ဘာလေးတွေ နည်းနည်းလေး ရှိလာလည်း ဆိုတော့၊ ပါတီမှာ နဂိုတုန်းက ပါတီပုံစံ မရှိသေးဘဲနဲ့ အစုအဖွဲ့ပုံစံကနေ ပါတီပုံစံပြောင်းရတဲ့ အခါကျတော့ နည်းနည်းလေး မတူတော့ တာရှိတယ်။ Conflict လေးတွေရှိပါတယ်။ ဒါကတော့ Organization တစ်ခု မှာ change ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်တတ်တဲ့ သဘော ရှိတာပေါ့။ နည်းနည်းလေးတွေ ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ခဲ့တယ်။ ဒီ USDP ရဲ့ အောင်မြင်မှုကို ကျွန်တော်တို့က ဘာနဲ့ တိုင်းလဲဆိုတော့ ကျွန်တော်တို့ နှစ်ချက်နဲ့ တိုင်းပါတယ်။
ပထမ တစ်ချက်ကတော့ ကျွန်တော်တို့သည် တစ်ဦးတစ်ယောက်က Mandate ပေးပြီး ခန့်အပ်သော ပါတီဆိုတာထက် ရွေးကောက် တင်မြှောက်ခြင်း စနစ်မှ ရရှိသော ဒီမိုကရေစီ အခြေပြုပါတီတစ်ခုကို ပြောင်းဖို့ ကျွန်တော်တို့ ကြိုးစားရပါတယ်။ နံပါတ်(၂) အနေနဲ့ကတော့ ကျွန်တော်တို့ နိုင်ငံအကျိုးကို အကောင်အထည် ဖော်ကြတဲ့နေရာမှာ ပါတီချင်း ကျွန်တော်တို့ အပြုတ်တိုက်၊ အပြတ်တိုက်ရှင်းတဲ့ စနစ်ထက်စာရင် ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်၊ အရိုးရှင်းဆုံး ယှဉ်ပြိုင် ရလာတဲ့ရလဒ်ကို ကျေကျေနပ်နပ် ခံယူဖို့ အဲဒီအတွက်ကို ကျွန်တော်တို့ ကြိုးစားပြီး တည်ဆောက်ကြပါတယ်။ တည်ဆောက်တဲ့အခါ ကျတော့ နည်းနည်းမတူတာက ကျွန်တော်တို့ အလုပ်တော်တော် လုပ်ရတာပေါ့ဗျာ။ အလုပ်လုပ်ရတဲ့ အခါကျတော့ အမိန့် အာဏာ နဲ့ “မင်း ဒါစလုပ်လိုက်လို့”၊ “ဒီနေရာသွားလိုက်” ဆိုပြီး လုပ်လိုက်လို့ မရတော့ဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့ အောက်ခြေထုနဲ့တွဲပြီး တော်တော် လုပ်ယူရတယ်။ တော်တော်လေးလည်း ပင်ပန်းပါတယ်။ အောက်ခြေနဲ့ ထိတွေ့ခွင့်ရလေ၊ ကျွန်တော်တို့ ပါတီပေါ်လူငယ်တွေ၊ လူရွယ်တွေနဲ့ ထိတွေ့ခွင့်ရလေ၊ သူများတွေ ပြောသလို အခြားလူတွေပြောသလို ကျွန်တော်တို့ သည် အခွင့်အရေး လိုချင်လို့ ပါတီကိုဝင်တယ် ဆိုတဲ့စကားကို ခြေဖျက်ဖို့ အားတွေ ရလာတယ်။ နိုင်ငံရဲ့အနာဂတ် လူငယ်တွေရဲ့ မျက်လုံးတွေ ကျွန်တော်တို့နဲ့ တွေ့ဆုံစကား ပြောလာတဲ့ အခါမှာ ကျွန်တော်တို့ တည့်တည့်ပြောရရင် ပါတီကို ကျွန်တော် ချစ်လာတယ်။ ကျွန်တော်တို့ပါတီမှာ မည်သို့ပင် သမုတ်နေ စေကာမူ တကယ် အလုပ်လုပ်နေတဲ့ ကလေးတွေ ရှိနေတယ်ဆိုတာ ကျွန်တော်နားလည် လာတယ်။ အဲဒီတော့ ကျွန်တော်တို့ ပိုပြီးတော့ အားရလာတယ်။ အားရလာတဲ့ အခါကျတော့ လူငယ်ထုကို အခြေခံပြီး ပါတီကို ဖြည်းဖြည်းချင်း ကျွန်တော်တို့ နိုင်သလောက်ပေါ့ဗျာ၊ လုပ်ကြတယ်။ လုပ်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ လက်ခံတဲ့ သဘောရှိတယ်လို့ ကျွန်တော်တို့က ဘာလို့ပြောလဲ ဆိုတော့ ကျွန်တော်တို့က သူတို့နေရာမှာ မဟုတ်တဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးရင် သူတို့ လက်ခံတယ်ပြောတာကို ကျွန်တော် လက်ခံတယ်လို့ပဲ သဘောထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်ကြတဲ့အခါမှာ အစ်ကိုလည်းသိမှာပါ။ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကို ပါတီနေနဲ့ တက်တက်ကြွကြွ လုပ်တာ မှန်တယ်။ နောက်တစ်ခုက ဘယ်တုန်းကမှ ဖြစ်ပေါ်လာနိုင်တယ်လို့ အနီနဲ့ အစိမ်းရဲ့ တိုက်ပွဲ။ ဒါသည် တိုက်ပွဲ မဟုတ်တော့ဘူး။ ဒါသည် ကျွန်တော်တို့ ပြိုင်ဆိုင်မှု။ တိုက်ပွဲရဲ့ သဘောကတော့ အသေသတ်ရတယ်။ ပြိုင်ဆိုင်မှုရဲ့ သဘောကတော့ အကောင်းဆုံး ပြင်ဆင်ပြီး ကြိုးစားရတယ်ဆိုတဲ့ ဟာလေးကို ကျွန်တော်တို့ တည်ဆောက် ကြတယ်။ တည်ဆောက်နေတဲ့ တပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံနဲ့ စကားပြောဖို့ လိုတယ်ဆိုတာကို ကျွန်တော် နားလည်လာတယ်။ အဲဒီတော့ စကားတွေ ပြောကြတယ်။ ပြောကြတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း ပထမဦးဆုံး တွေ့ဆုံပွဲမှာ ကျွန်တော် တော်တော် လေးစိုးရိမ်ခဲ့တယ်။ တစ်ဘက်ကလည်း ဆတ်ဆတ်ထိမခံ၊ တစ်ဘက်ကလည်း သတ္တိ ရှိရှိပြောတဲ့လူ။ ဝေ့၀ိုက်နေတဲ့ လူမဟုတ်တော့ ပထမဆုံးပွဲမှာ ဒုက္ခတော့ များပြီလို့ တွေးလိုက်တယ်။ အဲဒီပွဲလုပ်တော့ ကျွန်တော်ကြားထဲမှာ ရှိပါတယ်။ ကျွန်တော် ပါပါတယ်။ အဲဒီတော့ လွှတ်တော်ဥက္ကဋ္ဌကြီးက ဘာပြောလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်အောင်သာ လုပ်လာခဲ့၊ နိုင်အောင်လုပ်လာမှ ကျွန်တော်နဲ့ စကားပြောလို့ ရမှာ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြိုင်မှတော့ နိုင်မှာပေါ့။ နိုင်အောင် ပြိုင်ရမှာပေါ့လို့ ပြန်ပြောတယ်။ ကျွန်မနိုင်အောင်ပြိုင်မယ်။ နိုင်ပြီးရင် စကားလာပြောမယ်။ ကျွန်တော့် အဖေ ဥက္ကဋ္ဌကြီးကလည်း အိုခေ၊ ကျွန်တော့် ဘက်ကလည်း အလျော့မပေးဘူး။ ဒေါ်စုဘက်ကလည်း အလျော့ပေးစရာ မလိုဘူး။ ကျွန်တော်တို့ စနစ်တကျနဲ့ မှန်မှန်ကန်ကန် ယှဉ်ပြိုင်မယ်။ ယှဉ်ပြိုင်လို့ ထွက်လာတဲ့ အဖြေကို နှစ်ဖက်လုံးက သဘောတူ ပေးရမယ်။ အဲဒီကနေ ရှေ့ဆက်ကြမယ်လို့ ဆိုတာက ပထမဆုံး Meeting မှာ ပြောကြတာပေါ့။
ကျွန်တော်ထင်တာက ပထမဆုံး Meeting မှာ သာကြောင်း၊ မာကြောင်း၊ အဆင်ပြေကြောင်း ပြောမလား ထင်ထားတာ။ သူတို့နှစ်ယောက်က ထတွယ်ကြရော။ တွယ်တော့ ကျွန်တော် တော်တော် လန့်သွား တယ်။ အဲဒီတော့ မှန်ကန်စွာ ယှဉ်ပြိုင်ခြင်း ဆိုတဲ့အပေါ်မှာ အခြေခံလိုက်ကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းနဲ့က အချို့ကိစ္စ တော်တော်များများမှာ တိုင်ပင်စရာ မလိုဘဲနဲ့ သူ့ဟာသူ Perception ခေါ်မှာပေါ့နော်။ ကြိုတင်ပြီးတော့ နားလည်မှုတွေ ရှိသွားတာပေါ့။ ဒီပေါ်မှာလည်း နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဖြစ်လာတဲ့ အချိန်မှာ ပါတီကြီးနှစ်ခုကလည်း တိုက်ပွဲဝင် ပုံစံမျိုး ဆိုတာထက် ယှဉ်ပြိုင်ဘက်ဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်။ ဒါပေမဲ့ တချို့တချို့သော သူတွေက အကြောင်းအရာပေါ် မူတည်ပြီးတော့မှ ထောင်တာ၊ တိုက်ဖို့ လုပ်တာတွေတော့ ရှိကောင်း ရှိမှာပေါ့။
ကျွန်တော်ဒီမှာ နည်းနည်းလေး ကြားဖြတ်ပြီးမေးပါရစေ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒေါ်စု နီးစပ်လာတဲ့ အတွက် ဒီလိုမျိုး အပြောင်းအလဲ လုပ်တာလား။
အဲဒါလည်း အချက်တစ်ချက်ထဲမှာ ပါတယ်ခင်ဗျ။ အဲဒါလည်း အချက်တစ်ချက် ပါတယ်လို့ ယူဆလို့ရတယ်။ ဘာလို့လဲဆိုတော့။ ဒီအမျိုးသမီးကြီးက သူနဲ့ အဆင်ပြေပြီးတော့မှ ဒိုးတူဘောင်ဖက် အလုပ်လုပ်ဖို့ဆိုတာ သိပ်တော့ လွယ်လှတယ်လို့ မဟုတ်ဘူး။ အဲဒီတော့ ဒီအမျိုးသမီးကြီးက အပြည့်အ၀နီးပါး ထောက်ခံတယ် ဆိုပါစို့ဗျာ။ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လုပ်ကြတဲ့အချိန်မှာ ဦးရွှေမန်း ပြောတာမှားတယ်လို့ ၀ိုင်းပြောကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ရှင်းပြ တယ်ဆိုတဲ့ အနေရာမှာ ဦးရွှေမန်းကို ထောက်ခံတာ မဟုတ်ဘူး။ သူသည် Process ကို ပြောတာဆိုတဲ့ ခုနက ပြောသလို Perception တွေက သွားတူနေတာ ရှိတယ်။ ဘေးကဘယ်လိုတွေ မြင်လာနိုင်သလဲဆိုတော့ ကျွန်တ်ာတို့အားလုံး လက်ဝါးရိုက် ထားပြီးသား။ ဒါကြောင့်မို့ ဒီလိုလုပ်တယ် ဆိုပြီးတော့ ကျွန်တော်တော့ နီးစပ်ရာ မိတ်ဆွေတွေကိုတော့ ကျွန်တော်ရှင်းပြပါတယ်။ ရှင်းပြတယ်ဆိုတာ ကျွန်တော်တို့က ခင်မင်စရာ အကောင်းဆုံးသော ပြိုင်ဘက်တွေလို့။ အဲဒီတော့ လာရာလည်း မတူကြဘူး၊ လားရာလည်း မတူကြဘူး။ လာတာက အခြေခံ လာတာ ကတစ်မျိုး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အခြေခံတာကတစ်မျိုး၊ မတူပါဘူး။ လားရာ မတူဘူးဆိုတာက ပြည်ခိုင်ဖြိုးအနေနဲ့ ပြည်ထောင်စုမပြိုကွဲရေးကို လုပ်ရမယ့် တာဝန်ရှိ တယ်။ NLD အနေနဲ့ကလည်း ဖြစ်နိုင်သမျှ နိုင်ငံကိုမြန်မြန်ဆန်ဆန် ကောင်းစေချင်တဲ့အတွက် သူကလည်း အင်တိုက်အားတိုက် လုပ်ဖို့ရှိတယ်။
ဦးရွှေမန်းကို ဥက္ကဋ္ဌနေရာကနေ သာမန်ပါတီဝင် နေရာအဖြစ် ပြောင်းလိုက်တဲ့အပေါ် အခြားဘာအချက်တွေ ရှိဦးမယ်လို့ကို ကိုတိုးနိုင်မန်း ထင်လဲ။
သူကတော့ မှန်းဆချက်လို့ပဲ ပြောလို့ ကောင်းပါမယ်။ ပြီးတော့ ဒါက လက်ဆုပ်လက်ကိုင်နဲ့ ပြောလို့မသင့်တဲ့အတွက် ကျွန်တော့်မှာလည်း အချက်အလက်က မရှိတော့ ကျွန်တော် မစွပ်စွဲချင်ပါဘူး။ လိုတာထက်ပိုပြီး ရင်းနှီးတဲ့အတွက်ကြောင့် တစ်ကြောင်း၊ ဒုတိယတစ်ချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းသည် နိုင်ငံအတွက်ဆိုတာထက် Hero လုပ်ချင်တယ်လို့ သူတို့ယူဆတာက တစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်တဲ့ နေရာမှာ တပ်မတော်ကို အကျပ်အတည်းဖြစ်အောင် လုပ်တယ်လို့ ယူဆတာက တစ်ကြောင်း၊ နောက်တစ်ခါ ကျတော့ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် နေရာမှာ ကျွန်တော်တို့ နဂိုယူဆခဲ့တဲ့ ပုဂ္ဂိုလ်များက ဒီနေ့ပါတီကို ပစ်ပယ်ပြီး တော့ ပါတီကို ချေမွခဲ့ပြီးတော့ USDP နဲ့သာသွားရင်တော့ ငါတို့သေရချည်ရဲ့၊ ဒီပါတီမရှိမှ ဖြစ်မယ်။ ဒီပါတီနဲ့ ငါတို့သွားလို့ မရဘူး ဆိုပြီးတော့ ဒီပါတီကို ရှောင်ဖယ်ပြီး တော့လည်း ထွက်ပြေးခဲ့ကြ သေးတယ်။ သို့သော် အချိန်တစ်ခုမှာ ပါတီရဲ့ စွမ်းပကားလေးက တက်လာတယ်။ အခြေခံလူထု လိုအပ်လာတယ် ဆိုတဲ့အချိန်မှာ ဒီပါတီကို သူတို့က ပြန်လိုချင်တယ်။
အဲဒီပါတီကို ပြင်ဆင်ပြီးမှ အခု ပြန်လိုချင်တယ်ဆိုတာ ဘယ်သူတွေလဲ။
တိတိကျကျလို့တော့ မပြောလိုပေမယ့် အင်မတန်သေချာတဲ့ သတင်းတစ်ရပ် အနေနဲ့ ကျွန်တော် ပြောရမယ်ဆိုရင်တော့ ၂၀၁၃ ခုနှစ်၊ နှစ်လယ်လောက်မှာ ဒီနေ့ပါတီမှာ CEC အသစ်တွေ၊ တာဝန်အသစ် ယူတဲ့လူတွေ၊ ကျွန်တော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ နုတ်ထွက်တဲ့စာ တင်ခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီး ကတစ်ဆင့် ပေးတဲ့ အချိန်မှာ ပူးတွဲဥက္ကဋ္ဌ တာဝန် ယူထားတဲ့ ဦးရွှေမန်းအနေနဲ့ ဒါသည်မဖြစ်သင့်တဲ့ အနေအထားလို့ ယူဆတဲ့အတွက် အဲဒီတုန်းက နုတ်ထွက်စာကို လက်ခံခဲ့ခြင်း မရှိပါဘူး။ အဲဒီတုန်းက သူတို့က ပါတီက လုံးဝ နုတ်ထွက်ခဲ့ကြတယ်။ သို့သော်လည်း ဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်လာတယ်။ အခုတော့ ဒီပုဂ္ဂိုလ်များက ပါတီမှာ တာဝန်ပြန်ယူကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကုန်ကြတာပေါ့နော်။ နည်းနည်း ပြန်ပြီးတော့ ရှုပ်နေတာကို ပြန်ရှင်းရရင် အတိုက်အခံ အင်အားနဲ့ နီးလာတာက တစ်ပိုင်း၊ နောက် ဥပဒေ။ ဥပဒေကို မလိုအပ်ဘဲ ပြင်ဆင်ချင်တယ်လို့ ယူဆတာက တစ်ပိုင်း၊ နောက် ဖွဲ့စည်းပုံ ပြင်ဖို့ လုပ်တာကို တပ်မတော်ကို အသိမပေးဘူး ဆိုတာက တစ်ပိုင်းပေါ့။
သူရဦးရွှေမန်းက အသိမပေးခဲ့တာလား။
တကယ်တော့ဗျာ။ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်ဖို့က အဆင့်ပေါင်းများစွာ လုပ်ခဲ့ရပါတယ်။ လုပ်တဲ့နေရာမှာလည်း ဆွေးနွေးမှု ပေါင်းများစွာ လုပ်ခဲ့ရပါတယ်။ ဆွေးနွေးတဲ့နေရာမှာ ပါတီဝင်တွေနဲ့ အရင် ဆွေးနွေးရပါတယ်။ အစိုးရအဖွဲ့ဝင်တွေသည် အဲဒီအချိန်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ကိုင်ကျင့်သုံး နေရတာ ဖြစ်တဲ့ အတွက် တချို့ကိစ္စတွေမှာ သူတို့ကတောင် အတွေ့အကြုံ များပါတယ်။ ဆိုပါတော့။ ကျွန်တော်တို့လို ကွန်စီဖက်ဒရယ်၊ တစ်ဝက်တစ်ပျက် ဖယ်ဒရယ်နိုင်ငံကနေ တစ်ဆင့် ဖယ်ဒရယ်နိုင်ငံ သွားမယ်ဆိုရင် သူတို့က လက်ကိုင်ကျင့်သုံး နေတာဖြစ်တဲ့အတွက် သူတို့ကပိုသိပါတယ်။ ကျွန်တော်တို့က မှန်းဆချက်နဲ့ သိခြင်းသာလျှင် ဖြစ်ပါတယ်။ အစိုးရ ၀န်ကြီးဌာနတွေ၊ ပြည်ထောင်စု အစိုးရ၊ နောက် တိုင်းဒေသကြီး အစိုးရတို့က ကိုယ်တိုင်ကျင့်သုံးရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေ အတွက် သူတို့ကို ကျွန်တော်တို့က ဦးစားပေးပြီးတော့မှ နားထောင်ရ ပါတယ်။ အဲဒီလိုပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လိပ်မူပြီးတော့ တပ်မတော် အသိုက်အ၀န်းဘက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် အတွက် လိုအပ်ချက်တွေ ဘာတွေရှိမလဲ။ ပါတီကတော့ ဒီလိုပြင်မယ်။ ကျွန်တော်တို့ ဒါတွေကို စုပေါင်းပြီးတော့ အစည်းအဝေးတွေ လုပ်ပါတယ်။ လုပ်တဲ့ အခါကျတော့။ တပ်မတော်ဘက်က လာတာ ဟိုးအစောကြီးကတည်းက အချက်အလက် တော်တော်များများကို No ဆိုပြီး လာပါတယ်။ Yes ဆိုတဲ့အချက်အလက်က တော်တော်ရှားပါတယ်။ Yes ဆိုတဲ့ အချက်အလက်များသည် နိုင်ငံတော် သမ္မတကြီးဘက်က လာတာဖြစ်တဲ့အတွက် တော်တော်များများ တူပါတယ်။ ဆိုပါစို့။ တချို့ကိစ္စတွမှာ Political Capital ထိသွားနိုင်တဲ့ကိစ္စမျိုး ဆိုရင်တော့ သူတို့ က Yes မရှိ No မရှိပေါ့။ အဲဒီနေရာမှာ ကျွန်တော်တို့က အဆင့်နှစ်ဆင့် ခွဲလိုက်ရတာပေါ့။ မဖြစ်မနေ ပြင်ရမယ့်ဟာ၊ မဖြစ်မနေ ကာကွယ် ထားရမယ့်ကိစ္စ။ အဲဒီတော့ မဖြစ်မနေပြင်ရမယ့်ကိစ္စက အားလုံးသိ ထားပြီးသွားပြီ။ မဖြစ်မနေ ကာကွယ်ထားရမယ့် ကိစ္စက ရှင်းရှင်းပြောရရင် လွှတ်တော်ထဲက (၂၅)ရာခိုင်နှုန်းကို အပြည့်အ၀ ကာကွယ်ထားပေးမှ ရမယ်။ တပ်မတော်က ဒုတိယ သမ္မတ တင်နိုင်တာကို အပြည့်အ၀ ကာကွယ်ထားပေးမှ ရမယ်။ လိုအပ်ချက်အရ နိုင်ငံရဲ့ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးမှာ အရေးကြီးတဲ့ လုပ်ငန်းတွေလုပ်ရမယ့် ၀န်ကြီး ဌာနလေးခုကို ကာကွယ်ထား ပေးရမယ်။ ဒါတွေကို ကျွန်တော်တို့က မဖြစ်မနေ လုပ်ရမယ့်ဟာလို့ ယူဆပြီးတော့ကို ကျွန်တော် ပြောပါတယ်။ အဲဒီတော့ သူတို့ပြောသလို တပ်မတော်ကို လွှတ်တော်ထဲကနေ ထွက်သွားဖို့ ဆိုတဲ့ကိစ္စက ကျွန်တော်တို့ မရည်ရွယ်ထားပါဘူး။ ဘာလို့ ကျွန်တော်တို့က မထွက်သွား စေချင်သလဲဆိုရင် ကျွန်တော်တို့နိုင်ငံ တည်ငြိမ်ရေးမှာ သံသယတွေ ရှိကြပါတယ်။ ဒီသံသယတွေကို ချေဖျက်ဖို့ဆို အတူထိုင်နေမှပဲ ရပါမယ်။ အဲဒီလို ကျွန်တော်တို့လုပ်တယ်။ အဲဒီလို ထုတ်လိုက်တဲ့ နေရာမှာ ကျွန်တော်တို့က မဖြစ်မနေ ပြင်ဆင်မယ့်အချက်၊ မဖြစ်မနေကာကွယ်မယ့် အချက်။ ဟုတ်ပြီ။ အဲဒီမှာ မဖြစ်မနေ ပြင်ဆင်မယ့် အချက်မှာ ကျွန်တော်တို့က ဦးစားပေး အစီအစဉ်(၁)နဲ့ (၂)ထားပါတယ်။ မဖြစ်မနေ ကာကွယ်ရမယ့် အချက်က ဦးစားပေး အစီအစဉ်(၁) တစ်ခုပဲရှိပါတယ်။ အဲဒီကနေ ကျွန်တော်တို့ စလုပ်လိုက်တာ စုစုပေါင်း(၇၈)ချက်ရတယ်။ အမှန်တော့ အချက်တွေက (၃၀၀)ကျော်၊ အများကြီးပေါ့ဗျာ။ (၃၀၀) ကျော်ကနေမှ စစ်လိုက်တော့ (၇၈)ချက်။ အဲဒီကနေ ပြန်တိုင်ပင်၊ ပြန်တိုင်ပင်ရင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက်လိုအပ်သော ပြင်ဆင်ရန်အချက်များ ထုတ်ပြန်ထားပါတယ်။ ကျွန်တော်တော့ အလွတ် မရတော့ပါဘူး။ အဲဒါက နောက်ဆုံးဖြစ်လာတဲ့ ကိစ္စပေါ့။
ဒီတော့ အခုဖြစ်တာမှာ တပ်က အထိုင်မရွှေ့ချင်တာ၊ ပါတီက ရွှေ့ချင်တာ၊ ဒီလို နားလည်မှုလွဲတာလို့ ဆိုလိုချင်တာလား။
အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တပ်က မပြင်ချင်တာကို ပါတီကပြင်ပါတယ်ဆိုပြီး ဖြစ်လာတယ်။ အဲဒီမှာ နိုင်ငံရေးပါတီ ကနေပြီး အလုပ်လုပ်ရတဲ့ အဖွဲ့တွေရဲ့ စဉ်းစားသုံးသပ်မှုက ဘယ်လို ဖြစ်လဲဆိုတော့။ မြန်မာ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ တပ်မတော်သည် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တယ်။ အဲဒါကို လက်ခံတယ်။ သို့သော်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တိုင်းမှာ တပ်မတော်ကို အသုံးချမှုပုံစံ မလှမပဖြစ်တဲ့ အချိန်တိုင်း တပ်မတော်သည် သမိုင်းနဲ့ ချီပြီးတော့ ခံစားခဲ့ရတဲ့ ခါးသီးမှုတွေကို ကျွန်တော်တို့က မခံစား စေချင်တော့ဘူး။ တော်တော် ခံစားရတယ်။ တပ်မတော် အနေနဲ့ အဲဒီတော့ အဲဒီဟာတွေ မခံစား စေချင်တော့ဘူးဆိုရင် တပ်မတော် အနေနဲ့ တပ်မတော်မှာ ရှိသင့်တဲ့နေရာ၊ တပ်မတော် ယူထားသင့်တဲ့နေရာ သုံးပိုင်းရှိပါတယ်။ သူရှိရမယ့်နေရာ အဲဒါကတော့ ကျွန်တော်တို့ ပြောနေကျဆိုရင် Standard Army ရှိနေရမယ့်နေရာ။ ရောက်ရမယ့်နေရာဆိုရင် ကျွန်တော်တို့ Region မှာ စစ်မက်ဇုန်များ ဖြစ်ပွားလာခဲ့ရင် ကျွန်တော်တို့ ပြန်လည် ခုခံတိုက်ခိုက်ဖို့ အတွက်ရှိရမယ့် Modernize Army ဆိုတာ တစ်ခုပေါ့။ နောက်တစ်ခုကတော့ ရှိကိုရှိနေရမယ့် လက်ရှိအခြေအနေကို ထိန်းထားရမယ့် Position က နိုင်ငံရေးမှာ သူအပြည့်တပ်ဆုတ်လို့ မရသေးတဲ့အတွက် (၂၅)ရာခိုင်နှုန်း အပါအ၀င် သူရပ်ကို ရပ်ထားရမယ့်နေရာပါ။ အဲဒီ ဟာတွေကို ကျွန်တော်တို့ လုပ်ပါတယ်။ ဒါပေမဲ့ ၀ါဒဖြန့်ချိရေး ယန္တရားတွေကြားထဲမှာ တချို့ကိစ္စတွေက ပြောဖို့မသင့်ဘူး။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ သဘောတရားအရ ကျွန်တော်တို့ Debate လုပ်လို့ရတယ်။ ဆွေးနွေးလို့ ရတယ်။ ငြင်းခုံလို့ ရတယ်။ ငြင်းခုန်ဆွေးနွေးပြီးသွားလို့ အများစုက ဆုံးဖြတ်ပြီးသွားရင် အဲဒီကိစ္စကို ကျွန်တော်တို့ ပြန်ပြောဆိုခြင်း မလုပ်သင့်ဘူးဆို တဲ့ဟာကို ကျွန်တော်တို့ နားလည်ထားတယ်။ အဲဒါကြောင့် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်က လက်ခံနိုင်သည်ဖြစ်စေ၊ မလက်ခံနိုင်သည်ဖြစ်စေ ကျွန်တော်တို့ လက်ခံပါတယ်။
http://messengernewsjournal.com/General/Interview/detail.php?id=42709
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။