မောင်ရမ္မာ
----------
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မတ်လ ၁၅ ရက်နေ့က အရပ်သားတစ်ဦးကို အရက်မူးနေသော ဒုရဲအုပ်တစ်ဦးမှ တရားလက်လွှတ် ဖမ်းဆီး နှိပ်စက်သဖြင့် ယခုအခါ ဆေးရုံ တင်ထားရသည်ဟု သတင်း ရရှိသည်။
မောင်တင်ဝင်းအား ဆေးရုံတွင် တွေ့ရစဉ် ( ဓါတ်ပုံ- နိရဉ္စရာ) ဖမ်းဆီး နှိပ်စက်ခံရသူမှာ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူ ဦးတင်မောင်၏သား မောင်တင်ဝင်း ဖြစ်သည်။
ဖမ်းဆီး နှိပ်စက်ခံရခြင်းနှင့် ပတ်သက်ပြီး မောင်တင်ဝင်း၏ ဇနီးဖြစ်သူ မခင်မြရွှေက နိရဉ္စရာသို့ ယခုလို ပြောသည်။
" မနေ့ ည ၈ နာရီခွဲလောက်အချိန်မှာ ကျွန်မရဲ့ ခင်ပွန်းဖြစ်သူ မောင်တင်ဝင်းနဲ့အတူ ကိုမောင်ကြီး၊ မြင့်ဝင်းတို့ ကျွန်မတို့ အိမ်ပေါ်မှာ ရေနွေးကြမ်းသောက်ပြီး စကားပြောနေကြပါတယ်။ အဲဒီအချိန်မှာ အရက် အလွန်အကျွံ မူးနေတဲ့ ဒုရဲအုပ် စိုးမိုးအေး၊ ရဲတပ်သားတဦးနဲ့အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေတို့ ရောက်ရှိလာပြီး တော့ ကျွန်မယောက်ျားကို ဘာမ မပြော ညာမပြောနဲ့ လက်ထိပ် ခတ်ပြီး ရိုက်ပါတယ်။ အိမ်မှာ ရိုက်နှက်တဲ့အပြင် ရဲ စခန်းကို ရောက်သွားတဲ့ အခါမှာလည်း တစ်ညလုံး ရိုက်နှက်ပါတယ်" ဟု ပြောသည်။
ဆားပြင် စခန်းမှူး ဒုရဲအုပ် စိုးမိုးအေးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ အရက်သောက်၍ ပြန်လာစဉ် မောင်တင်ဝင်းနှင့် သူ၏ သူငယ်ချင်း (၂) ဦးမှ အိမ်ပေါ်တွင် ရောက်တတ်ရာရာ စကားပြောနေသည်ကို သူတို့အား လှောင်ပြောင် ပြောဆိုနေသည်ဟု ထင်မှတ်ကာ ဖမ်းဆီး ရိုက်နှက်ခြင်း ဖြစ်သည်ဟု မခင်မြရွှေက ပြောသည်။
မောင်တင်ဝင်းအား တစ်စုံတစ်ရာ အပြစ်မရှိဘဲ ညှဉ်းပမ်း နှိပ်စက်မူ ပြုလုပ်သည့် အပေါ် မခံမရပ်နိုင် ဖြစ်ကြသော ကျေးရွာသားများက ရဲစခန်းသို့ သွားရောက်ပြီး မောင်တင်ဝင်းအား လွှတ်ပေးရန် ၀ိုင်းဝန်းတောင်းဆိုသဖြင့် ယနေ့ (မတ်လ ၁၆ ရက်နေ့) နံနက် ၉ နာရီအချိန်တွင် ပြန်လည် လွတ်ပေးလိုက်သည်။
ဒုရဲအုပ် စိုးမိုးအေး၏ မတရား ဖမ်းဆီးနှိပ်စက်မှုကို ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ပေးရန် မြို့နယ်မှူးထံ ဇနီးဖြစ်သူ ခင်မြရွှေက တိုင်ကြားထားသည်ဟု ပြောသည်။
" ကျွန်မက ဒီလို မတရား လုပ်တာကို ရဲမြို့နယ်မှူးဆီကို တိုင်ကြားပါတယ်။ တိုင်ကြားစာ မိတ္တူကိုတော့ ၀န်ကြီးချုပ်ရုံး (စစ်တွေမြို့)၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (ရန်ကုန်)၊ HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (ရန်ကုန်) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးအဖွဲ့တို့ ပေးပို့ထားပါတယ်" ဟု ပြောသည်။
တိုင်ကြားမူနှင့် ပတ်သက်ပြီး ယခုအချိန်ထိ တစ်စုံတစ်ရာ ထူးခြားမူ မရှိသေးကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရဲအဖွဲ့နှင့် ပူးပေါင်းပြီး ကျေးရွာသားများအပေါ် မတော် မတရား အနိုင်ကျင့် ငွေတောင်းခံခြင်း၊ မတရား ဖမ်းဆီးနှိပ်စက်ခြင်းများ ပိုမို များပြား လာသဖြင့် အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားမူများမှာလည်း အရင်ကထက် ပိုမို များပြားလာသည်ဟု လူ့အခွင့်အရေး လူပ်ရှားသူ တစ်ဦးက ပြောသည်။

------------------
.: နိရဉ္စရာ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။