မြတ်သိန်းထွန်း(၁၆.၃.၂၀၁၂)

မြောက်ပိုင်းဒေသရေကြီးမှုတွေနဲ့ တောင်ပိုင်းကဆိုင်ကလုန်းမုန်တိုင်းတွေတိုက်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာကို နေ့စဉ်နဲ့အမျှ ရွေ့ပြောင်းနေကြတာကို တွေ့မြင်နေရပါတယ်။ဒီရွေ့ပြောင်းလာသူအများစုဟာ ဒါကာမြို့တော်ရဲ့ လူဦးရေအထူထပ်ဆုံးနေရာတစ်ခုဖြစ်ပြီး ညစ်ပတ်နံစော်နေတဲ့ ကျူးကျော်ရပ်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့Korail မှာအခြေချနေထိုင်နေကြပါတယ်။ဒီလိုမျိုး နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချလာတဲ့ လူတွေနဲ့တစတစပြည့်ကျပ်လာနေတဲ့ မြို့တော်ဒါကာဟာ လူတွေကိုလုံလုံလောက်လောက်နေရာချထားနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။အဲဒါကြောင့် ဘင်္ဂလာဒေ့ရှ်အစိုးရဟာ ဒါကာမှာနေထိုင်ကြသူတွေအတွက် နေ့စဉ်လိုအပ်တဲ့ စည်ပင်သာယာဝန်ဆောင်မှုတွေအတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့တောင်မှ မချိမဆန့်ရုန်းကန်နေရတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။

တနေ့တခြားတိုးတက်လာနေတဲ့ကမ္ဘာပေါ်မှာ တခြားနိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို လိုက်မှီဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ယခုအချိန်မှာ နည်းစနစ်အသစ်တွေနဲ့ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ နိုင်ငံတ၀ှန်းလုံးမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ သောင်းခြောက်ထောင်သော ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ဆိုတာ ခန့်မှန်းလို့မရတဲ့ အချိန်အတိုင်းအတာတစ်ခုယူရမှာဖြစ်ပြီး ဖြစ်နိုင်ခြေအလွန်နည်းပါးတဲ့ အနေအထားမှာရောက်နေပြီဖြစ်ပါတယ်။အကြပ်အတည်းကာလပေါင်း မြောက်မြားစွာကို နှစ်စဉ်ဖြတ်သန်းလာရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်မှုဟာ တစ်နှစ်ထက်တစ်နှစ်ကျဉ်းမြောင်းလာနေတာတော့ အမှန်ပါပဲ။ ဒါကာမြို့တော်ဟာ ကမ္ဘာပေါ်ရှိ အကြီးဆုံး အကျိုးအမြတ်မယူတဲ့ လူမှုအကျိုးဆောင်အဖွဲ့အစည်း BRAC အခြေစိုက်ရာမြို့ဖြစ်ပြီး လူထုအတွက်အခြေခံ ကျန်းမာရေးနဲ့အခြားဝန်ဆောင်မှုများကို ကွင်းဆင်းလုပ်သားတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး သရုပ်ပြပွဲတွေနဲ့ ပညာပေးလျှက်ရှိနေပါတယ်။ ဒါ့အပြင် ဆင်းရဲမွှဲတေမှုကိုလျှော့ချနိုင်ဖို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မိုဟာမက်ယူနွတ်ရဲ့ Grameen ဘဏ်ကနေ အသေးစားဘဏ္ဍာရေးလုပ်ငန်းတွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင်ဖောင်းပွလာနေတဲ့ လူဦးရေတိုးပွားမှုကို လျှော့ချဖို့ စီမံချက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ ၁၉၇၇ခုနှစ် စစ်တမ်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာ အမျိုးသမီးတစ်ယောက်မှာ မွေးဖွားနှုန်း၆.၆ရှိရာကနေ ယနေ့အချိန်မှာ ၂.၄ထိလျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလျှော့ချနိုင်ခြင်းအားဖြင့် မိဘတွေဟာ သားသမီးတွေကို လုံလောက်တဲ့ပညာရေးနဲ့ ကျွေးမွေးထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အိမ်ထောင်ရဲ့စီးပွားရေးအခြေအနေကိုလည်း ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစစ်တမ်းတွေရဲ့အဆိုဟာ လက်ရှိမြင်တွေ့နေရတဲ့ ဆင်းရဲသားတွေ ပြည့်သိပ်ခဲနေတဲ့ဒါကာမြို့ရဲ့ မြင်ကွင်းတွေအရ ယုံကြည်လက်ခံဖို့ခက်ခဲနေတာ အမှန်ပါပဲ။
"အစပိုင်းမှာ ဒီလိုမွေးဖွားနှုန်းကိုလျှော့ချဖို့ လူတွေကို စည်းရုံးရတာ အရမ်းခက်ခဲခဲ့တယ်။ ဒီတိုင်းပြည်က ရှေးရိုးစွဲဝါဒီတွေနေတဲ့တိုင်းပြည်ဆိုတော့ ယောင်္ကျားတွေက သူတို့ရဲ့မိန်းမတွေကို ခလေးများများမွေးဖို့အမြဲဖိအားပေးတဲ့ အလေ့အထရှိနေတယ်"
Satkhira District ရဲ့အစိုးရကျန်းမာရေးဝန်ထမ်း Begum Rokeya ကပြောသွားတာပါ။သူဟာ အိမ်ပေါင်းမြောက်မြားစွာကို ၀င်ထွက်ပြီး လက်ထပ်ပြီးစစုံတွဲတွေကို သားဆက်ခြားပညာပေးဆွေးနွေးမှုတွေ လိုက်လံဟောပြောပေးနေသူတစ်ဦးဖြစ်ပါတယ်။ သူကခုလိုဆက်ပြောသွားပါတယ်။
" တစတစကျဉ်းမြောင်းကျပ်တည်းလာတဲ့ ခေတ်အနေအထားအရ အိမ်ထောင်ဦးစီးတွေဟာ သူတို့နေ့စဉ်ကျွေးမွေးရမယ့် ပါးစပ်ပေါက်တွေနည်းရင် ပိုပြီးသက်သာချောင်ချိနိုင်မယ်ဆိုတာ သဘောပေါက်လာကြပါတယ်"
ဒီလိုမျိုးကျန်းမာရေးဆွေးနွေးမှုအစီအစဉ်တွေဟာ အတိုင်းအတာတစ်ခုထိထိရောက်ခဲ့ပြီး တခြားအကျိုးကျေးဇူးအနေနဲ့ မွေးကင်းစခလေးသေဆုံးမှုနှုန်းထားကိုလည်း ၁၉၉၀ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ မွေးကင်းစခလေးသေဆုံးမှုနှုန်း အကြိမ်တစ်ထောင်မှာ တစ်ရာသေဆုံးရာကနေ ၄၅ယောက်အထိလျှော့ချနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးလျှော့ချနိုင်ခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်လို ၀င်ငွေနည်းပါးတဲ့ နိုင်ငံမျိုးအတွက် သမိုင်းဝင်ရလာဒ်တစ်ခု ဖြစ်ပါတယ်။သဘာဝဘေးဒုက္ခတွေကြောင့် နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချလာနေသူတွေကြောင့် ဒါကာမြို့တော်ရဲ့လူဦးရေထူထပ်သိပ်သည်းမှုဟာ စိုးရိမ်နေရတဲ့အနေအထားကိုရောက်ရှိနေပြီး BRAC အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ကိုင်တွယ်ဖြေရှင်းနေရပါတယ်။
"ကျွန်တော်တို့အဖွဲ့ရဲ့ အဓိကရည်မှန်းချက်ကတော့ နယ်ကလူတွေ ဒါကာကို နေ့စဉ်နဲ့အမျှပြောင်းရွေ့လာတာကို တားဆီးထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအတွက် ဒီလူတွေကို သူတို့ရဲ့ကျေးလက်တောရွာတွေမှာ ရှင်သန်ရပ်တည်နိုင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ၊နည်းလမ်းသစ်တွေကို အတတ်နိုင်ဆုံးဖော်ဆောင်ပေးနေပါတယ် "
BRAC ရဲ့Head of climate change and disaster management programs,Babar Kabir ကပြောသွားတာပါ။

လက်ရှိအချိန်မှာ ဒါကာမြို့ရဲ့လူဦးရေဟာ ၁၅သန်းကျော်သွားပြီဖြစ်ပြီး ဒီအရေအတွက်ဟာ နေ့စဉ်နဲ့အမျှတိုးပွားလျှက်ရှိနေပါတယ်။ ၁၉၉၀ခုနှစ်တုန်းက လူဦးရေ၆သန်းကျော်သာရှိတဲ့ ဒါကာဟာ ၂၀၀၅ခုနှစ်မှာ ၁၂သန်းကျော်အထိ များပြားလာပြီး ကမ္ဘာ့လူဦးရေအသိပ်သည်းဆုံး နံပါတ်၃ အဆင့်ချိတ်တယ်လို့ သိရပါတယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့ ခန့်မှန်းတွက်ချက်မှုအရ လာမယ့် ၂၀၂၅ခုနှစ်မှာ ဒါကာရဲ့လူဦးရေဟာ သန်းနှစ်ဆယ်ကျော်အထိမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ဒီပမာဏဟာ မက္ကစီကိုစီးတီး၊ဘေဂျင်းနဲ့ရှမ်ဟိုင်းမြို့တွေထက် ပိုများပါတယ်။ဒီလိုမျိုးလူဦးရေတိုးတက်များပြားလာပေမယ့် ဖွံ့ဖြိုးမှုနှုန်းနှေးကွေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒါကာမှာနေထိုင်တဲ့အိမ်ထောင်စု ၇၀ရာခိုင်နှုန်းခန့်ဟာ တစ်လကို ဒေါ်လာ၁၇၀ထက်နည်းပါးတဲ့ ၀င်ငွေနဲ့ရပ်တည်နေကြရတာပါ။ တချို့ဘင်္ဂလီလူမျိုးတွေရဲ့ ဇနီးတစ်ယောက်ထက်ပိုပြီးလက်ထပ်တဲ့ အလေ့အထနဲ့ ဘာသာရေးအရသားဆက်ခြားမှုကို ငြင်းပယ်တဲ့အလေ့အထဟာလည်း ခလေးမွေးနှုန်းတိုးတက်မှု၊ ၀င်ငွေမလောက်ငမှုတွေကို မီးလောင်ရာ ဓာတ်ဆီလောင်းပေးနေသလိုဖြစ်နေပါတယ်။ ဒီလိုမျိုး နယ်ကလူတွေမြို့ပေါ်တက်လာရတဲ့ အဓိကအကြောင်းရင်းက နှစ်စဉ်ကြုံတွေ့ခံစားနေရတဲ့ ရာသီဥတုပြောင်းလဲမှု ကပ်ဒုက္ခဆိုးတွေကြောင့်ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိကမြစ်တွေဖြစ်တဲ့ Padma, Jamuna နဲ့ Meghna မြစ်တွေဟာ နှစ်စဉ်လိုလို ရေကြီးမှုဖြစ်လေ့ရှိပြီး ကျေးရွာတွေရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးလုပ်ငန်းတွေ ပျက်စီးတာတွေအပြင် လူနေအိမ်ခြေတွေပါ ပျက်စီးဆုံးရှုံးရတဲ့အတွက် ဘယ်လိုမှ ရပ်တည်လို့မရတဲ့အဆုံးမှာ ရွာသားတွေဟာ စက်မှုလုပ်ငန်းတွေရှိရာ မြို့ကြီးတွေဆီကို ပြောင်းရွေ့အခြေချလာကြတာဖြစ်ပါတယ်။ တချို့လူငယ်တွေကတော့ နိုင်ငံခြားတိုင်းပြည်တွေကို ရရာအလုပ်လုပ်ဖို့ စွန့်စားထွက်ခွာသွားကြပြီး အာရှတိုက်ထဲက ချမ်းသာတဲ့နိုင်ငံအများစုမှာ အောက်ခြေသိမ်းအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေရပါတယ်။အဲဒါကြောင့် အာရှတိုက်ရဲ့ အောက်ခြေသိမ်း ရွေ့ပြောင်းအလုပ်သမားတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

ဒီလိုမျိုးနိုင်ငံခြားကိုတရားဝင်အလုပ်လုပ်ဖို့ အေးဂျင့်ခတွေနင့်နေအောင်ပေးပြီး ထွက်သွားတဲ့လူတွေရှိသလို အေးဂျင့်ခမတတ်နိုင်လို့ သက်စွန့်ဆံဖျား ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ကူးပြီး နိုင်ငံခြားကို ထွက်ကြတဲ့လူတွေလည်း တပုံတခေါင်းပါပဲ။ အဲဒီလိုမစွန့်စားရဲတဲ့လူတွေကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့အိမ်နီးချင်း အိန္ဒိယနဲ့မြန်မာနိုင်ငံတွေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် သုံးလေးငါးခုလောက်ကတည်းက ပြောင်းရွေ့အခြေချနေထိုင်နေကြတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတွေဆီကို ရေကြည်ရာမြက်နုရာပြောင်းရွေ့အခြေချနေကြပါတယ်။ ဒါပေမယ့် အဲဒီလိုနယ်စပ်ဖြတ်ကျော် ပြောင်းရွေ့အခြေချတဲ့လူတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေကနေ မကြာခဏဖမ်းဆီးနှင်ထုတ်တာမျိုးတွေ၊ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တာမျိုးတွေကို မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။၂၀၀၇ခုနှစ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Sidr နဲ့၂၀၀၉ခုနှစ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Aila နောက်ပိုင်းမှာ တောင်ပိုင်းဒေသမှာနေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ရပ်တည်မှုဟာ တော်တော်ကြီးကို ဆိုးရွားခက်ထန်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပြီး နိုင်ငံရပ်ခြားကို ပင်လယ်ဖြတ်ပြီး သက်စွန့်ဆံဖျား ပြောင်းရွေ့အခြေချသူဦးရေ သိသိသာသာ တိုးတက်များပြားလာခဲ့ပါတယ်။

ကမ္ဘာပေါ်က သဘာဝကပ်ဘေးဒုက္ခခံစားနေရတဲ့နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တနေ့တခြားတိုးတက်များပြားလာနေတဲ့ လူဦးရေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှေးကွေးမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှုမရှိတဲ့အပြင် သူ့ရဲ့တည်နေရာပထ၀ီအနေအထားကြောင့် နောက်လာမယ့်ဆယ်စုနှစ်အနည်းငယ်ကာလမှာ ဒီထက်ပိုမိုဆိုးရွားတဲ့ ဘေးဒုက္ခတွေကြုံတွေ့လာနိုင်တဲ့ အနေအထားကို ဦးတည်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့အဆိုးဝါးဆုံးစံချိန်တင်ရေကြီးမှုကို ၁၉၉၈ခုနှစ်မှာကြုံတွေ့ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်သူတွေဟာ နောက်ဆက်တွဲသဘာဝကပ်ဘေးတွေကြောင့် ခုချိန်ထိနလံမထူနိုင်ကြသေးပါဘူး။ ဗြဟ္မပုတြမြစ်နဲ့ တခြားမြစ်နှစ်စင်းကိုမှီခိုနေကြတဲ့ ဒေသခံတွေဟာ ဒီရေကြီးမှုကြောင့် ကီလိုမီတာ ၉၇၀၀ရှည်လျှားတဲ့ လမ်းတွေဖျက်ဆီးခံလိုက်ရပြီး အိမ်ခြေပေါင်း သုံးသိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ၂၇၀၀ကီလိုမီတာရှည်လျှားတဲ့ မြစ်ကမ်းဘေးတလျှောက် လူတစ်ထောင်ကျော်သေဆုံးပြီး လူသန်း၃၀လောက်ဟာ အိုးမဲ့အိမ်မဲ့ဘ၀ရောက်သွားခဲ့ရပါတယ်။ ၁၉၉၁ခုနှစ်မှာတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းလေးသောင်းကျော်ထိ သေဆုံးခဲ့ရပြီး နှစ်စဉ်နှစ်တိုင်း ဆိုင်ကလုန်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူအမြောက်အမြားထပ်မံသေဆုံးပြီး ထောင်ပေါင်းများစွာသော ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဘ၀ကိုရောက်ရှိနေရပါတယ်။ ဒီအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝကပ်ဘေးဒုက္ခသည်အများဆုံးနိုင်ငံတစ်ခု အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းအပြင် ပင်လယ်ကမ်းစပ်အနီးတ၀ိုက်ဒေသတွေမှာ မကြာခဏဆိုသလို လေဆင်နှာမောင်းတွေ ၀င်ရောက်တိုက်ခတ်လို့ လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။ လူဦးရေထူထပ်များပြားလာမှုနဲ့ သဘာဝသယံဇာတနည်းပါးမှုကြောင့် ပြည်သူအများစုဟာ နေ့စဉ်လောင်စာသုံးစွဲမှုအဖြစ် သစ်တောတွေကို အားကိုးအားထားပြုနေရတဲ့အချက်ကလည်း သစ်တောပြုန်းတီးမှုတွေကို ဆက်တိုက်ဖြစ်ပေါ်စေပြီး ရာသီဥတုဖောက်ပြန်မှုကို ပိုပိုဖြစ်ပေါ်စေပါတယ်။ မြစ်ကမ်းဘေးက စက်မှုလုပ်ငန်းတွေကြောင့် ပြည်သူတွေမှီခိုအားထားနေရတဲ့ မြစ်တွေမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အာဆင်းနစ်အဆိပ်ဓာတ်တွေ တစတစ တိုးတက်လာတဲ့အချက်ဟာလည်း ဒေသတွင်း ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေပြီးတော့ ကင်ဆာဖြစ်ပွားမှုနဲ့ ရေနဲ့ဆက်စပ်တဲ့ရောဂါတွေကြောင့် လူသေဆုံးမှုနှုန်းထားကို မြင့်တက်လာစေပါတယ်။အဆိုးဝါးဆုံးအခြေအနေတွေကို ဦးတည်စေတဲ့အချက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုန်းမြေအများစုဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့်ပေ ၃၉.၄ပေ( ၁၂မီတာ)ထက်ပိုမိုနည်းပါးပြီးတော့ ပင်လယ်ရေမျက်နှာပြင် ၁ မီတာ(၃.၂၈ပေ)တက်လာတိုင်း အဲဒီကုန်းမြေပမာဏ စုစုပေါင်းရဲ့ ဆယ်ရာခိုင်နှုန်းဟာ ရေလွှမ်းမိုးခံရမယ့် အနေအထားမှာရှိနေပါတယ်။
သစ်တောပြုန်းတီးမှုတွေကြောင့် ဒေသတွင်းအပူချိန် နှစ်စဉ်တိုးတက်လာပြီး ဒီလိုမျိုးသာ ဆက်လက်တိုးတက်နေမယ်ဆိုရင် လာမယ့်၂၀၇၅ခုနှစ်မှာ မိုးရေချိန် ၅၈၈.၆၅မီလီမီတာရှိတဲ့ မိုးကြီးမျိုးရွာသွန်းနိုင်ပြီး ဧရာမရေကြီးမှုတွေနဲ့အတူ ပင်လယ်ရေမျက်နှာပြင်ဟာ ၄မီတာကနေ ၇.၈မီတာအထိ မြင့်တက်လာနိုင်ပြီးတော့ ဒေသတွင်းကရေချိုမြစ်တွေဆီကို ပင်လယ်ဆားငံရေများဝင်ရောက်ကာ သောက်သုံးရေရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယထူပြောမှုတွေကြောင့် လူပေါင်း၆သန်းကနေ ၈သန်းအထိဟာ ကပ်ဒုက္ခဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမယ့် အလားအလာတွေရှိနေပါတယ်။

လတ်တလောသာဓကတစ်ခုအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံအကြား သူပိုင်ကိုယ်ပိုင်အငြင်းပွားနေတဲ့ Sunderbans က New Morre ကျွန်းဟာ ခုချိန်မှာ ဘယ်နိုင်ငံကပိုင်ဆိုင်တယ်ဆိုတာ မဆုံးဖြတ်ရသေးခင်မှာ ပင်လယ်ရေအောက်မှာ နစ်မြှုပ်ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။
"What these two countries could not achieve from years of talking has been resolved by global warming,"
ကလကတ္တားမြို့၊ Jadavpur University ရဲ့ သမုဒ္ဓရာဗေဒသုတေသီ ပါမောက္ခ Sugata Hazra ကပြောသွားတာပါ။ သက္ကရာဇ် ၂၀၀၀ခုနှစ်ထိတိုင်အောင် ပင်လယ်ရေမျက်နှာပြင်ဟာ ၃မီလီမီတာလောက်ပဲ မြင့်တက်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်တာ ကာလအတွင်းမှာ ၅မီလီမီတာအထိ နှစ်စဉ်မြင့်တက်လာနေပါတယ်။ New Morre Island လိုပဲ Ghoramara island ရဲ့တစ်ဝက်လောက်ဟာ ပင်လယ်ရေအောက်ရောက်ရှိနေပြီဖြစ်ပြီးတော့ နောက်ထပ်ကျွန်းငယ်ပေါင်း ဆယ်ခုခန့်ဟာလည်း မကြာခင် ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားမယ့် အလားအလာမျိုး ကြုံတွေ့နေရပြီဖြစ်ပါတယ်။သူကခုလိုဆက်ပြောသွားပါတယ်။
"မကြာခင် ဒီကျွန်းတွေ ပင်လယ်ရေအောက်ကို ရောက်ရှိသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ဒီဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံအမြောက်အမြားကို နေရာရွေ့ပြောင်းပေးဖို့ စီစဉ်ရတော့မှာဖြစ်ပါတယ်"
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကို အဓိကရင်ဆိုင်ရမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသရဲ့ ၁၈ရာခိုင်နှုန်းခန့်ဟာ လာမယ့် သက္ကရာဇ် ၂၀၅၀ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင် ၁မီတာလောက်မြင့်တက်လာရင် ပင်လယ်ရေအောက်ကို ရောက်ရှိသွားမယ့် အခြေအနေမျိုးကို ဦးတည်နေပြီး ဒီဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံလူဦးရေ သန်း၂၀ကျော်ကို နေရာရွေ့ပြောင်းပေးရလိမ့်မယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။

ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်ယာမြေနဲ့ကျေးရွာတွေအမြောက်အမြား ပျက်စီးပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းဒေသမှာ မြေယာပိုင်ဆိုင်မှုအတွက် လူမျိုးရေး၊ဘာသာရေးအဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မူဆလင်ဘာသာကိုးကွယ်သူ ၉၇ရာခိုင်နှုန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူများစုမူဆလင်ဘာသာဝင်တွေနဲ့ လူနည်းစုတွေဖြစ်ကြတဲ့ ဟိန္ဒူဘာသာဝင်၉.၂ရာခိုင်နှုန်း၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၀.၇ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာဝင် ၀.၃ရာခိုင်နှုန်း အကြားမှာ လူမျိုးရေး၊ဘာသာရေးတင်းမာမှုတွေဟာ သမိုင်းနဲ့ချီပြီး တည်ရှိနေခဲ့ပါတယ်။ မျက်မှောက်ခေတ် တောင်ပိုင်းဒေသအတွင်း နှစ်စဉ်မုန်တိုင်းဝင်ရောက်မှု၊ရေကြီးမှုတွေကြောင့် လယ်ယာမြေတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လူများစု မူဆလင်ဘာသာဝင်တွေနဲ့ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ရခိုင်မျိုးနွယ် ဗုဒ္ဓဘာသာဝင်လူနည်းစုတွေကြားမှာ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ကျေးရွာများမီးရှို့ဖျက်ဆီးမှုများနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများစွာ ဖြစ်ပေါ်လျှက်ရှိပြီး ဒေသအာဏာပိုင်အချို့ကိုယ်တိုင် လူများစုမူဆလင်ဘာသာဝင်များဖက်မှ ရပ်တည်ကာ ဘာသာခြားများပိုင်ဆိုင်တဲ့ မြေယာအိုးအိမ်များကို အတင်းအဓမ္မသိမ်းယူတာမျိုးတွေ ပေါ်ပေါက်လျှက်ရှိနေပါတယ်။ ဒီအခြေအနေတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှု၊လာဘ်ပေးလာဘ်ယူမှုတွေ ထူပြောနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တရားဥပဒေစနစ်ကလည်း ဘာသာခြားလူနည်းစုများကို အကာအကွယ်ပေးနိုင်ခြင်းမရှိပါဘူး။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ၁၉၄၇ခုနှစ်ကာလတုန်းက ဒီတောင်ပိုင်း စစ်တကောင်းတောင်တန်းဒေသမှာ ဗုဒ္ဓဘာသာဦးရေ ၉၇ရာခိုင်နှုန်းကျော်ရှိပြီးတော့ မူဆလင်ဦးရေ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာပါ။ ခုမျက်မှောက်ခေတ်ကာလမှာတော့ ဒီအနေအထားဟာ ပြောင်းပြန်ဖြစ်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး အဖက်ဖက်ကဆိုးဝါးလာတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများနည်းတူ စစ်တကောင်းတောင်တန်းမှာ နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် သက်၊ရခိုင်၊မရမ္မာလူမျိုးအချို့ဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံအတွင်းကို ပြောင်းရွေ့အခြေချလာခဲ့ကြပါတယ်။ ဒါပေမယ့် ဘင်္ဂလား-မြန်မာနယ်စပ် ဘူးသီးတောင်-မောင်တောဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်းလေးငါးခြောက်ဆယ်ခန့်ကတည်းက ကြိုပြီးအခြေချနေထိုင်နေကြတဲ့ မူဆလင်ဘာသာဝင်တွေ ရှိနေတာကြောင့် စစ်တကောင်းမှာလိုပဲ ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။ လာမယ့်ဆယ်စုနှစ် အနည်းငယ် ကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကနေ အိမ်နီးချင်းနိုင်ငံများနဲ့ တခြားတိုင်းပြည်တွေဆီကို ပြောင်းရွေ့အခြေချမှုတွေဟာ အဆပေါင်းများစွာ မြင့်တက်လာဖွယ်ရှိနေပါတယ်။ အထူးသဖြင့် မြေလွတ်မြေရိုင်းပေါများပြီး လူနေမထူထပ်တဲ့ မြန်မာနိုင်ငံ၊ရခိုင်ကမ်းမြှောင်ဒေသဟာ ဘင်္ဂလားဒေ့ရှ် ကပ်ဘေးဒုက္ခသည်များ အလုံးအရင်းနဲ့ အများဆုံးဝင်ရောက်ခိုလှုံအခြေချရာနေရာ ဖြစ်လာနိုင်ခြေရှိနေပါတယ်။ ရာသီဥတုမျှတပြီး ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက် ဒီလိုမျိုးပြောင်းရွေ့အခြေချသူတွေ အများအပြား ၀င်ရောက်လာရင် ရှိရင်းစွဲ ရိုဟင်ဂျာပြဿနာနဲ့အတူ ဒေသခံတွေနဲ့ လူမျိုးရေးဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာနိုင်ပြီး အင်အားကြီးနိုင်ငံတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေ၊ ၀င်ရောက်စွက်ဖက်မှုတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အနေနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ခုချိန်ကတည်းက စနစ်တကျ၊ခိုင်ခိုင်မာမာ မကိုင်တွယ်နိုင်ဘူးဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဟာ အဲဒီအချိန်မှာ ရိုဟင်ဂျာခေါင်းစဉ်အောက်မှာ ကမ္ဘာ့လူကုန်ကူးမှုအများဆုံးဒေသ အဖြစ်ရောက်ရှိသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် လှေစီးထွက်ပြေးလာရပါတယ်ဆိုတဲ့ ပင်လယ်ဖြတ်လူမှောင်ခိုဂိုဏ်းတွေရဲ့ ဆောင်ပုဒ်နဲ့အတူ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်အရှက်ရဖွယ်အခြေအနေများစွာကို ရင်ဆိုင်လာရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒေသခံတွေနဲ့ အလုံးအရင်းဝင်ရောက်လာတဲ့ တရားမ၀င်အခြေချသူတွေကြားက ပဋိပက္ခများစွာဟာလည်း ဒီဒေသကို လက်ရှိထိုင်းနိုင်ငံတောင်ပိုင်းလိုမျိုး တည်ငြိမ်မှုကင်းမဲ့တဲ့အနေအထားကို ကျရောက်သွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အနေနဲ့ ခုချိန်ကတည်းက အကောင်းဆုံးကြိုတင်ပြင်ဆင်ထားသင့်ပြီဆိုတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေ။

စာမှီး-
http://en.wikipedia.org/wiki/Bangladesh
http://ngm.nationalgeographic.com/2011/05/bangladesh/belt-text
http://www.guardian.co.uk/world/cif-green/2010/mar/24/india-bangladesh-sea-levels
http://www.mukto-mona.com/human_rights/ethnic_clensing_Bangladesh.html
http://www.nationmultimedia.com/2011/04/19/opinion/Buddhist-communities-come-under-threat-in-Banglade-30153334.html
http://www.cbsnews.com/8301-503543_162-20015798-503543.html
မှတ်ချက်။ ။ဘာသာရေးမုန်းတီးမှုကွန်မန့်များကို လုံးဝလက်ခံလိမ့်မည် မဟုတ်ပါ။ မိမိနိုင်ငံ၏ အမျိုးသားရေးအတွက် လူမျိုး၊ဘာသာမခွဲခြားပဲ နိုင်ငံရဲ့အနာဂတ်လှပဖို့ အားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး စုစည်းတင်ပြလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။
မြတ်သိန်းထွန်း(၁၆.၃.၂၀၁၂)
သတိထားရမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေအဆမတန်ဖောင်းပွနေသည့် အခြေအနေ
by Myat Thein Tun on Friday, 16 March 2012 at 18:12 ·

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။