အာရကန်တိုင်းမ်
စစ်တွေ-ရန်ကုန်ကားလမ်းသည် မိုင်(၅၀၀)ခန့်ရှည်လျားပြီး မြန်မာနိုင်ငံ၏ အကြမ်းတမ်းဆုံးလမ်းများတွင် တစ်လမ်းအပါဝင်ဖြစ်သည်။ မကြာမီက လမ်းများကို စက်ယန္တယားများဖြင့် ချဲ့ထွင်ပြုလုပ်နေခြင်းတို့ကြောင့် လမ်း၏သုံးပုံတစ်ပုံခန့်သာ သွားလာရတာ အဆင်ပြေကြောင်းသိရှိရသည်။ ခရီးသည်တစ်ဦးလျင် ကားခ ငွေ(၁၈၀၀၀) ကုန်ကျသော်လည်း ဖုန်မှုန့်များ ပေကျံခြင်း ကြားခုံများထိုးပြီး လူတင်ခြင်းနှင့် ထိုင်ခုံများ သက်တောင့်သက်သာ မရှိခြင်းနှင့် လူစီးသီးသန့်ဆိုသော်လည်း ကုန်စည်များတင်ဆောင်ခြင်းကြောင့် ခရီးသည်များ သက်ဆိုင်သူများက ထိုသို့လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်စေလိုကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်အရသိရှိရပါသည်။
စစ်တွေရန်ကုန်အဝေးပြေးကားလမ်းပေါ်တွင် ပြေးဆွဲနေသော ခရီးသည်တင်မှန်လုံကားတစ်ချို့သည် ဝန်ဆောင်မှုညံ့ဖျင်းခြင်း၊ ကြံခိုင်သေချာစွာပြုလုပ်မထားခြင်းတို့ကြောင့် ခရီးသွားပြည်သူများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရှိရပါသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ၂၀၁၂ခုနှစ် မတ်လ၊ ၆ ရက်နေ့က စစ်တွေကနေ ရန်ကုန်သို့သွားနေသော ခရီးသည်တစ်ဦးက အခုလိုပြောပြခဲ့ပါသည်။ “ ကျွန်တော်က စစ်တွေမြို့၊ ရွှေပြည်သစ်ကားဂိတ်က ရန်ကုန်ကို ကားနံပါတ် ၉ခ/၇၁၂၇နဲ့ လိုက်လာခဲ့တယ်။ ရိုးမတောင်ကိုကျော်ပြီး နံနက်ငါးနာရီအချိန်တွင် မင်းဘူး-ရန်ကုန် ကားလမ်းမပေါ်ရှိ အမ်းမြို့ကိုရောက်တော့ ကားပျက်တယ်၊ သူတို့က ကားပျက်တဲ့ကိစ္စနှင့်ပတ်သက်လို့ပြောပြတာ ရှင်းပြတာတွေမရှိဘူး၊ ခဏနေရင်ပြီးတော့မလိုနဲ့ မနက် ၉ နာရီလောက်မှ ဆက်ပြီးသွားလို့မရတော့ဘူးလို့ ပြောတယ်၊ ကျွန်တော်တို့လည်း လမ်းကြုံကားတစ်စီးနှင့် ကိုယ့်ပိုက်ဆံနဲ့ကိုယ်လိုက်လာခဲ့ရတယ်၊ ရန်ကုန်ကို ရောက်လို့ကားဂိတ်စာရေးကိုပြောတော့လည်း သူတို့နှင့်မဆိုင်သလို လုပ်နေကြတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသွားပြည်သူတစ်ဦးက ပြောပြခဲ့ပါသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။