ရခိုင်နိုင်ငံရေးသမားများ ညီညွတ်ခြင်းနှင့် ရခိုင်ပြည်သူ့မျက်နှာ

နီဒိုး(မြောက်ဦး)


ညီညွတ်ခြင်းကို ဦးမတည်သော အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်များသည် ရခိုင့်နိုင်ငံရေး အကျပ်အတည်းဆီသို့ တွန်းပို့ပေးနေသော လှည်းဘီးကဲ့သို့ ဖြစ်နေပါလိမ့်မည် ။ အဖွဲ့အစည်းတစ်ခု၊ မိသားစုတစ်စု၊ လူတစ်ဦးတစ်ယောက်၏ ဦးတည်ရာ လမ်းကြောင်းသည် ထိုအဖွဲ့အစည်းကို ဦးဆောင်နေကြသော ခေါင်းဆောင်များ၏ စိတ်နေစိတ်ထား၊ အတွေးအမြင်များက အဓိက သက်ရောက်မှု ရှိနေပါလိမ့်မည်။

ထိုလူ့အဖွဲ့အစည်း၏ စိတ်နေစိတ်ထား၊အတွေးအမြင် ဖြစ်တည်ရာလမ်းကြောင်းများသည် ဖြူစင်ဖြောင့်မှန်ရန် အလွန်အရေးကြီးကြောင်း နိုင်ငံရေးပညာရှင်များက ဆိုထားကြသည်။ မှန်ပါသည်။ အဖွဲ့အစည်းပေါင်းများစွာ၏ ပထမခြေလှမ်းသည် “ အတွေးအမြင်၊ စိတ်နေစိတ်ထား ” ဟုဆိုလျှင် ဒုတိယခြေလှမ်းသည် “ အပြောအဆို ” ဖြစ်ပါလိမ့်မည်။ တတိယခြေလှမ်းသည် “ အပြုအမူ၊ လုပ်ဆောင်ချက် ” များဖြစ်သည်။

ထိုပထမခြေလှမ်း၊ ဒုတိယခြေလှမ်း၊ တတိယခြေလှမ်းတို့သည် ညီညွတ်ခြင်းဆီသို့ ဦးတည်ဖို့အတွက်ဆိုပါမူ အရာရာ သတိ၊ ပညာဖြင့် ထိန်းကျောင်းပြုပြင်ရန်မှာ အနာဂတ် ရခိုင်ပြည်ကို သာယာလှပချင်သော ရခိုင်နိုင်ငံရေးပညာရှင်တိုင်းအတွက် အရေး အကြီးဆုံးထဲမှ တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ထိုခြေလှမ်း(၃)လှမ်းကို အလေးထားခြင်းသည် ရခိုင့်ဒေသတွင် နေထိုင်ကြသော ပြည်သူ၊ ပြည်သားများကို အလေးထား၊ တန်ဖိုးထားခြင်းပင် ဖြစ်ပါသည်။

ရခိုင်နိုင်ငံရေးသည် အဘယ်ကဲ့သို့ပင် ဖြစ်နေ ဖြစ်နေ ရခိုင်ဒေသ၌ အဖြူစင်ဆုံးလူသားများသည် ရခိုင့်လူထုသာ ဖြစ်ပါသည်။ ရိုးသားမှု၊ အပြစ်ကင်းစင်မှုများဖြင့် သမိုင်းတစ်လျှောက်လုံး နင်းပြားခံ လောကဒဏ်အနိမ့်အမြင့်ကို ခါးစည်းပြီး ကျော်ဖြတ်လာခဲ့သောသူများသည် ရခိုင်လူထုသာဖြစ်ပါသည်။ ထိုကဲ့သို့ အရိုးခံမဲဆန္ဒရှင်ပြည်သူများကို အလေးဂရုပြုခြင်းသည် တန်ဖိုးမြင့်သော နိုင်ငံရေးကျင့်ဝတ် တစ်ခုဖြစ်ပါလိမ့်မည်။ လူတိုင်းအမှားနှင့် မကင်းနိုင်ဆိုသော်လည်း လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတစ်ခုလုံး လွဲစောင်းသွားနိုင်သော အမှားမျိုးမဖြစ်အောင် အထူးသတိပြုရပါလိမ့်မည်။

- ၂၀၁၅-ခု ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ် လွှတ်တော်၌ ANPပါတီ လွှတ်တော် ကိုယ်စား လှယ်(၂၂)ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်(၁)ဦး၊ NLD ပါတီ လွှတ်တော်ကိုယ် စားလှယ် (၈)ဦး၊ USDP လွှတ်တော်ကိုယ်စားလှယ် (၄) ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၁၂)ဦီးတို့၏ အခန်းကဏ္ဍသည် ဤ (၅) နှစ်ကာလအတွင်းနှင့်အနာဂတ် ရခိုင်ပြည်အတွက်အလွန်အရေးပါနေပါသည်။
ရခိုင်လူထုအများစုထောက်ခံထားသော ANP ပါတီကဆိုပါလျှင် နိုင်ငံရေးအခင်းအကျင်း မျှော်မှန်းထားသလောက် ဖြစ်မလာသည်ကို ကြုံတွေ့လိုက်ရသောအခါ နိုင်ငံရေး
ဟာမိုနီမဖြစ်သော အက်ကွဲသံများကို မြင်တွေ့ရသော်လည်း အကောင်းဆုံးရှေ့ဆက်
လျှောက်နိုင်လိမ့်မည်ဟု ရခိုင့်နိုင်ငံရေး အကဲဖြတ်သူများက မှတ်ချက်ပြုထားကြသည်။

ရခိုင်ပြည်နယ်လွှတ်တော်ကို ထိန်းချူပ်နိုင်ဖို့ ANP ပါတီခေါင်းဆောင်များက ပစ်မှတ်ထားခဲ့ကြသော်လည်း---- (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရှိမှု (၂၄)ဦး မပြည့်ခြင်း၊( ပြည့်ခြင်း၊ မပြည့်ခြင်းသည် ပြည်နယ်လွှတ်တော် မဲခွဲဆုံးဖြတ်ရာတွင်သာ သက်ရောက်မှုရှိသည်။ အခြားပါတီမှ ရခိုင်မျိုးချစ် လွှတ်တော်ကိုယ်စားလှယ်များကို ANP လွှတ်တော်ကိုယ်စားလှယ်များက စည်းရုံးနိုင်စွမ်းရှိဖို့ လိုအပ်နေသည်။) (၂) ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးကောက်ပွဲတွင် ပြတ်သားစွာအနိုင်ရ (NLD) ပါတီ သမ္မတမှ (၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေအရ)တိုက်ရိုက်ခံထားပိုင်ခွင့်ရှိခြင်း-။ - (NLDခေါင်းဆောင်းပိုင်းများက တိုင်းရင်းသားများကို အလေးထား၊ မထားစသည့်များကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့များတွင် ရခိုင်လူထုအများဆုံး ထောက်ခံထားသော ANPပါတီမှ အများစု ပါဝင်လာနိုင်၊ မလာနိုင်) စသောအချက်အလက်များကို သတိထားစောင့်ကြည့်ဖို့ လိုအပ်သည်ဟု ရခိုင်နိုင်ငံရေးပညာရှင်များက မှတ်ချက်ပြုထားကြသည်။ ယခုအချိန်တွင် NLDအစိုးရသစ်မှ ဝါရင့်နိုင်ငံရေးသမားကြီး ဦးအေးသာအောင်အပါအဝင် အရောင်အသွေးစုံသောတိုင်းရင်းသား ကိုယ်စားလှယ်များကို ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော် တာဝန်နေရာ ရာထူးကြီးများကို ပေးထားသောအားဖြင့် တိုင်းရင်းများလိုလာသော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာတော့မည်လား ဟု နိုင်ငံရေးပညာရှင်များက သုံးသပ်ထားသော်လည်း မတ်လ တတိယပတ်ကျော်တွင် ထွက်ပေါ်လာမည့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့များ တာဝန်နေရာပေးမှုများကို စောင့်ကြည့်ဖို့ လိုအပ်နေသေးကြောင်း နိုင်ငံရေးပညာရှင်တစ်ချို့က မှတ်ချက်ပြုထားကြသည်ကိုလည်း မြင်တွေ့နေရသည်။ - ANP ပါတီသည် ပြည်နယ် ၀န်ကြီးနေရာနှင့် ပြည်နယ်အစိုးရနေရာ အများစုကို မျှော်မှန်းထားကြသော်လည်း စည်းရုံးရေးအားနည်းချက်တစ်ချို့ကြောင့် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် အရှုံးနှင့်ရင်ဆိုင်လိုက်ရခြင်း စသည်တို့သည် ANP ပါတီအတွက် ပြင်းရှသောနိုင်ငံရေး လောကဒဏ်တရားများဟု ပြောရပါလိမ့်မည်။ ထိုလောကဒဏ်တရားများကို ကျော်ဖြတ်ရန်မှာ ပါတီတွင်းခေါင်းဆောင်များ၊ CECများ၊ ဒေသအသီးသီတွင် ရှိသော ပါတီဝင်များ အပေါ်၌ များစွာ သက်ရောက်နေပါလိမ့်မည်။ မိမိပြောဆိုမည့်စကားများ၊ အတွေးအကြံများ၊ အပြုအမူများ ပြုလုပ်တော့မည် ဆိုပါလျှင် နှစ်ပေါင်းများစွာ မပြည့်စုံမှုများ၊ ဆင်းရဲမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများစွာနှင့် ရှင်သန်ကျော်ဖြတ်လာ ခဲ့ရသော ရခိုင်ပြည်သူလူထုမျက်နှာကို တစ်ချက်လောက် မြင်ဖြစ်အောင် မြင်စေချင်ပါသည်။

ရခိုင့်နိုင်ငံရေးအခြေအနေအခင်းအကျင်းသည် အဘယ်ကဲ့သို့ အခြေအနေပဲဖြစ်နေ
ဖြစ်နေ အနာဂတ်ရခိုင်ပြည်သာယာလှပရေး ဆိုပါမူ ထိုအခက်အခဲ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ရခိုင်ပြည်နယ်၌ရှိကြသော နိုင်ငံရေးပါတီဝင် ရခိုင်သား ကြီးမျိုးချစ်များစွာ၏ ညီညွတ်မှု၊ စည်းလုံးမှု၊ ကျယ်ပြန့်သော အနာဂတ်အမြင်ရှိမှု၊ သဘောထားကြီးမှု၊ လိမ္မာပါးနပ်မှု၊ မိမိလိုချင်သော ပန်းတိုင်ကို ရောက်ဖို့အတွက် မှန်ကန် ဖြောင့်မတ်သော အတွေးအမြင်များသည် အထူးအဓိက ကျနေပါသည်။
မတူညီမှုများကို ဘေးချထားကာ တူညီမှုများစွာနှင့် အနာဂတ်ရခိုင်ပြည်ကြီးကို လှပသာယာ အောင်လုပ်ဆောင်ရန်မှာ ထို ရခိုင်သားကြီး ပါတီဝင် နိုင်ငံရေးသမားများအပေါ်တွင် အထူးအဓိက ကျနေပါသည်ဟု ယူဆမိပါသည်။

ရခိုင်ပြည်နယ်လွှတ်တော်၌ မညီညွတ်သော အတွေးအခေါ်များဖြင့် လွန်ဆွဲမှုများ၊ ပြိုကွဲမှုများ
ဖြစ်ပေါ်လာမည် ဆိုပါလျှင် -
(၁) ရခိုင်ပြည်လူထု အကျိုးစီးပွားများ ဆုတ်ယုတ်ခြင်းသို့ ဦးတည်နေပါလိမ့်မည်။
(၂) ရခိုင်လူထု ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များ၏ စံမမီသော အရည်အသွေးများကိုကြည့်ပြီး စိတ်ပျက်မှုများနှင့် ကြုံတွေ့လာနိုင်သည်။
(၃) လူထုများစွာ၏ ထိုစိတ်ပျက်မှုများသည် ရခိုင် ဒေ သဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင့်အနာဂတ်ပြည်သူ့ဘဝ သာယာ လှပ ရေး ဟူသော ခြေလှမ်း သည် အနှုတ်လက္ခဏာသို့ ဦးတည် သွားနိုင်သည်။
ထို့အတွက်ကြောင့် အဖွဲ့အစည်းတိုင်း၊ ပါတီတိုင်း၊ ရခိုင်မျိုးချစ်တိုင်းအတွက် အထူးသတိထားရန်မှာ ညီညွတ်ခြင်းကို ဦးတည်သောအတွေး အမြင်၊ စိတ်နေစိတ်ထားများ၊ အပြောအဆိုခံယူချက်များ၊
အပြုအမူ လုပ်ဆောင်ချက်တိုင်းကို အရာရာသတိ၊ ပညာ ဦးစီးပြီး ရခိုင်ပြည်သာယာလှပဖို့အတွက်
လုပ်ဆောင်ထမ်းရွက်ရာတွင် “ ညီညွတ်ခြင်းမှတစ်ပါး အခြားမရှိပါ ”ဟု ထင်မြင်ယူဆမိပါသည်။

“ ရခိုင်ပြည် သာယာပါစေ ”
နီဒိုး(မြောက်ဦး)

__Development Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။