မောင်နွေအောင်(မလှိုင်)
ဟိုတနေ့က နိုင်ငံတော်စွမ်းဆောင်ရည်ဆုတွေ ပေးတယ်လို့ကြားလိုက်ရတယ်။ ဆုရသွားတဲ့လူတွေကလည်း ပါတီတခုက အများစုဖြစ်နေတယ်လို့ သိရတယ်။ ကမ္ဘာမှာလည်း ထူးချွန်ဆုတွေ အမျိုးမျိုးပေးနေကြတာပါပဲ။ ငြိမ်းချမ်းရေးဆု၊ လူမှုထူးချွန်ဆု၊ ကရုဏာရှင်ဆု၊ ကျွန်တော်လည်း သမ္မတတာဝန်ထမ်းဆောင်ခွင့်မရနိုင်ပေမယ့် ဆုတဆုတော့ ပေးချင်လာတယ်ခင်ဗျ။
၂၀၁၅ ခုနှစ်ထဲမှာ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ထားတဲ့ တရုတ်သစ်သူခိုးတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ တရုတ် သစ်သူခိုးတွေကလည်း သမ္မတကြီးကို ကျေးဇူးတင်သလို တရုတ်ပြည်ကလည်း အလွန်အမင်းကျေးဇူးပေါင်း ကုဋေကုဋာတင်ရှိမှာဖြစ်ပါတယ်။ သမ္မတကြီးကို ကျေးဇူးတင်ကြလွန်းလို့ တရုတ်စီးပွားရေးနှလုံးသားကျေးဇူး ဘဏ်မှာ ကျေးဇူးပေါင်း ကုဋေကုဋာ အကောင့်ဖွင့် မှတ်တမ်းဝင်နေမယ် ဆိုတာ မှန်းဆလို့ရနိုင်ပါတယ်။
အခုလည်း တရုတ်တွေက ကျေးဇူးတင်စရာတွေ လာပြန်ပါပြီခင်ဗျ။ လွှတ်တော်ဒုတိယသက်တမ်း အာဏာ လွှဲပြောင်းချိန်မှာတောင် ကျောက်ဖြူရေပိုင်နက်စီမံကိန်းလုပ်ပိုင်ခွင့်နဲ့ ရန်ကုန်မြို့တွင် မီးပွိုင့်တပ်ဆင်ခွင့်တွေကို တရုတ်ကုမ္ပဏီတွေက ရရှိသွားပြန်တယ်ခင်ဗျ။
ဒါကြောင့် ကျွန်တော်ပေးမယ့်ဆုကတော့ တရုတ်စီးပွားရေး ဦးဆွေးဆံမြည့်အမှုတော်ထမ်းဆောင်ဆုပါခင်ဗျ။
''ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မြန်မာနိုင်ငံကသာ ပိုင်ဆိုင်လိုကြောင်း ဒေသခံတွေတောင်းဆို'' ဆိုတဲ့သတင်းကို ၁၄-၁-၂၀၁၆ ရက်ထုတ် ပြည်မြန်မာဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်တည်ဆောက်တော့မှာဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ရှယ်ယာအများစုကို မြန်မာနိုင်ငံကသာ ပိုင်ဆိုင်စေလိုကြောင်း ကျောက်ဖြူမြို့နယ်ဒေသခံတွေက တောင်းဆို လိုက်ပါတယ်ခင်ဗျ။
တရုတ်ကို ၈၅ ရာခိုင်နှုန်းပေးပြီး မြန်မာက ၁၅ ရာခိုင်နှုန်း မဖြစ်စေချင်ကြလို့ ရှယ်ယာနဲ့ပတ်သက်ပြီး ပြုပြင်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံသူနိုင်ငံသားတွေက တရုတ်ကို မယုံကြည် တော့ဘူး။ ယုံလည်း မယုံရဲတော့ဘူး။ တရုတ်က ၁၅ ရာခိုင်နှုန်း မြန်မာက ၈၅%ရာခိုင်နှုန်းရမယ်ဆိုရင်လည်း တရုတ်ကို ခြေချခွင့်မပေးချင်ပါဘူး။ ဒါပေမဲ့ ဒုတိယသက်တမ်း အာဏာလွှဲပြောင်းလုပ်နေချိန်မှာပဲ ကျောက်ဖြူရေနက်စီမံကိန်းတွေမှာ ဘယ်လိုအကြောင်းကြောင်းတွေကြောင့် ယုံကြည်အပ်နှံခွင့်ပြု နေကြသလဲဆိုတာ မတွေးတတ်နိုင်အောင်ဘဲခင်ဗျ။
သမ္မတဦးသိန်းစိန်လက်ထက် ဖြစ်ပျက်ခဲ့တဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ နောက် အခြားစီမံကိန်းတွေ ဘယ်စီမံကိန်းမှ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုမရှိခဲ့ပါဘူး။ တရုတ်စီမံကိန်းတွေနဲ့ မြန်မာပြည်သူတွေ ထိပ်တိုက်ရင်ဆိုင်ပြဿနာဖြစ်တိုင်း တရုတ်ကအသာ မြန်မာကအနာ ဖြစ်ခဲ့ကြရတာချည်းပဲ။ ဒေသခံတွေ ထိခိုက်ဒဏ် ရာရသေဆုံးခဲ့ရတယ်။ အရေးယူအပြစ်ပေးခြင်းလည်း ခံခဲ့ကြရတယ်။ ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေကို အပြစ်ပေးခံရတယ်ဆိုတာ တကြိမ်တခါမှ ထင်ထင်ရှားရှားမတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံက ကမ္ဘာမှာ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံလို့ ပြောနေကြတယ်။ တရုတ်ကုမ္ပဏီတွေ စီမံကိန်းနယ်မြေထဲက ဘုရား၊ ပုထိုး၊ သိမ်၊ ကျောင်း၊ ကန်တွေကို အတင်းအဓမ္မပြောင်းရွှေ့ အင်အားသုံး ဖျက်ဆီးနေတာကို တာဝန်ရှိသူတွေက ဘာမှမပြောခဲ့ကြသေးပါဘူး။ တရုတ်ပေးထားတယ်လို့ ယူဆရတဲ့ မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခံခဲ့ကြရလို့ ရဟန်းသံဃာတွေ ဒဏ်ရာအကြီးအကျယ်ရခဲ့ပေမယ့် ဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ပြောနေကြတဲ့ တာဝန်ရှိသူတွေက ဒီကိစ္စကို မတုန်မလှုပ်ကျောက်ရုပ်ဖြစ်နေကြတယ်။
တရုတ်လက်ဖြောင့်တပ်သားကြောင့် ဒေါ်ခင်ဝင်း နဖူးတည့်တည့် ပစ်ခတ်လုပ်ကြံခံလိုက်ရတယ်။ ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် တာဝန်ရှိသူကိုဖော်ထုတ်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုသူတွေရော၊ ဘုရားမှာ ဆုတောင်း သူတွေကိုပါ ဖမ်းဆီးအရေးယူခြင်း ခံခဲ့ကြရတယ်။ ဒီအချက်တွေကြောင့် ဘုရားဝတ်ပြုဆုတောင်းတာ မေတ္တာပို့တာတွေကို အရေးယူခဲ့တာ ဘာသာရေးလွတ်လပ်ခွင့် ပိတ်ပင်ထားသလိုဖြစ်မနေဘူးလား။
အခု ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံပိုင် စီအိုင်တီ အိုင်စီကုမ္ပဏီတင်ဒါအောင်တော့ အချုပ်အခြာအာဏာကို ထိခိုက်သလိုလို ပြောဆိုနေကြတယ်။ အဲဒါ မဟုတ်ပါဘူး။ စီးပွားရေးလုပ်ခြင်းသာ ဖြစ်ပါ တယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောတယ်လို့သိရပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းအကြောင်းပြပြီး မြေတွေ၊ သဲတွေ၊ ကျောက်တွေကို မသိမသာတမျိုး ခိုးကြောင်ခိုးဝှက်တမျိုး ကားပေါင်းများစွာနဲ့ သယ်ယူနေတာကို ပြည်နယ် အစိုးရကလည်းမသိဘူး။ ဒေသခံ လက်နက်ကိုင်တွေကလည်း ဘာမှမသိ ဘူးဆိုတော့ မြန်မာနိုင်ငံဟာ တရုတ်တွေအတွက် တံခါးမရှိ ဓားမရှိ အ၀င်ခံနေသလို သူခိုးဓားရိုးကမ်းသလို ဖြစ်မနေဘူးလား။
တရုတ်တွေသယ်ယူနေတဲ့ မြေတွေထဲမှာ သွပ်၊ ကြေး၊ ရွှေ၊ ငွေ စတဲ့ အဖိုးတန်သယံဇာတတွေ ပါဝင်နေတာကို တာဝန်ရှိသူတွေ သတိ မထားမိဘူးလားမသိ။ အဲဒီလို ဘာမသိ ညာမသိ အအာ အိအီဆိုတဲ့ တာဝန်မဲ့သူတွေကို အရေးယူအပြစ်မပေးသင့်ဘူးလား။ မြန်မာပြည်ကို ဖြတ်သန်းသွားတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဆိုတာကလည်း ဗီယက်နမ်လို ကိုးရီးယားလို မြန်မာပြည်ကို တောင်ပိုင်း၊ မြောက်ပိုင်းခွဲလိုက်သလို ဖြစ်နေတာပေါ့။ အဲဒီလို တောင်နှင့်မြောက်ဖြစ်သွားရင် မြန်မာနိုင်ငံမြောက်ပိုင်းကို တရုတ်က အသာလေးသိမ်းယူသွားမယ် ဖြစ်ပါတယ်။
စစ်ရေးအမြင်လို့ ပြောသံကြားဖူးတယ်။ စစ်ရေးအမြင်ဆိုတာရှိတာ မရှိတာထက် တရုတ်က မြန်မာနိုင်ငံမှာ စီးပွားရေးအရောင်ပြ ခြစားမှုတွေ ကို လက်ကိုင်စည်းရုံးပြီး နယ်ချဲ့နေတာ လက်တွေ့ဖြစ်နေတယ်။ ဒီတရုတ် ဟာ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေနဲ့ တောင်တရုတ် ပင်လယ်ရေပိုင်နက်မှာ အငြင်းပွားမှု တွေဖြစ်နေတာ ကမ္ဘာက စောင့်ကြည့်နေတယ်လေ။
ဒီအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက်ထဲမှာပဲ တရုတ်က လူလုပ်ကျွန်းတွေ ကျူးကျော်တည်ဆောက်လာတယ်။ ဒီလူလုပ်ကျွန်းတွေပေါ်မှာ တရုတ်စစ်စခန်းတည်ဆောက်ပြီး စစ်အင် အားတိုးချဲ့နေတာကို နိုင်ငံတကာကလည်း ကန့်ကွက်နေကြပါတယ်။ ဒါကို တာဝန်ရှိသူတွေက အလေးထား သတိရှိဖို့တော့ လိုအပ်တာအမှန်ပဲ။
အခုလို တရုတ်ကို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ ကျောက်ဖြူရေနက်ပိုင်းဟာ ဧက ၄၀၀၀ ရှိနေတာမို့ စီးပွားရေးထက် စစ်စခန်းတည်ဆောက်ဖို့က အဓိကကျနေပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်ပြည်ရဲ့ ပင်လယ်ထွက်ပေါက်ဖြစ်နေလို့ နယ်ချဲ့ဖို့ အချက်အချာကျနေပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ဆိုးရွားတဲ့ ရလဒ်ဖြစ်ပြီး အချုပ်အခြာအာဏာကို ထိခိုက်နိုင်ပါတယ်။ ပင်လယ်ပိုင်နက်အငြင်းပွားမှုနဲ့ ထိုင်း၊ ဂျပန်၊ ဗီယက် နမ်၊ အမေရိကန်စတဲ့နိုင်ငံတွေ တရုတ်နဲ့စစ်မက်ဖြစ်ပွားလာပါက ကျောက်ဖြူရေပိုင်နက်ဟာ တရုတ်စစ်စခန်း အဖြစ်ရှိနေလို့ ကျောက်ဖြူရေပိုင်နက်ကစပြီး တတိယကမ္ဘာစစ်တောင် ဖြစ်သွားနိုင်တယ်ဆိုတာ နိုင်ငံကို ချစ်မြတ်နိုးသူတိုင်း စစ်ရေးအမြင်ရှိသူတိုင်း၊ ဦးနှောက်ကြီးကြီး နှလုံးသားကြီးကြီးနဲ့ ကြိုတင်စဉ်းစား သုံးသပ်စေချင်ပါတယ်။
တကမ္ဘာလုံး နယ်ချဲ့ကျူးကျော်နေတဲ့ တရုတ်နယ်ချဲ့ကို ကိုယ့်နိုင်ငံ ကိုယ့်မြေပေါ်မှာ မဆင်မခြင် အတိုင်း အဆမရှိ ၀င်ရောက်ခွင့်ပေးမယ်ဆိုရင် ကိုယ့်နိုင်ငံကို နယ်ချဲ့သွားမှာကတော့ အသေအချာပါပဲ။
ကြုံတုန်းပြောချင်တာတခုက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မြန်မာနိုင်ငံသား တရုတ်ပိုင်တဲ့မြေကွက်ကို တရုတ်နိုင်ငံသားတရုတ်က မြေငှားရမ်းပြီး စက်ရုံတည်ဆောက်လည်ပတ်ခဲ့တယ်။ တကယ့်နိုင်ငံသားတရုတ်က တနှစ်တခါ မြေငှားရမ်းခကို တိုးတိုးတောင်းလာခဲ့ပါတယ်။ နိုင်ငံခြားသားတရုတ်ကလည်း တိုးတောင်း သလောက် ဘယ်လောက်တောင်းတောင်း ချက်ချင်းတိုးပေးလိုက်တာပါပဲ။ တရုတ်နိုင်ငံသား တရုတ်က ဘာပြောသလဲဆိုရင် မြေပိုင်ရှင်တရုတ်က မြေငှားစားဖို့ပဲသိတာ။ ကိုယ်ပိုင်အစွမ်းအစနဲ့လုပ်မစားတတ်ဘူး။ ဦးနှောက်မရှိတဲ့လူ အတွေးအခေါ်မရှိတဲ့လူဖြစ်တယ်တဲ့။ ကျွန်တော်ကတော့ မြေငှားရမ်းခ သူတောင်း သလောက်ပေးနေမှာပဲ။ ဒါပေမဲ့ ကျွန်တော် ဒီမြေပေါ်က ဘယ်တော့မှဆင်းပေးမှာ မဟုတ်ဘူးတဲ့။ ဒါဟာ တရုတ်က ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ နိုင်ငံခေါင်းဆောင်တွေ ပညာရှိသတိဖြစ်ခဲ မြေငှားစားတဲ့ တရုတ်လိုမဖြစ် စေချင်ပါဘူး။
တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ စီမံကိန်းတွေကို ဒီနေ့ဒီအချိန်မှာ ချက်ချင်းရပ်ဆိုင်းသင့်ပါတယ်။ တရုတ်ရဲ့ ရှိပြီးသားစီမံကိန်းကို အပြီးဖြေရှင်းပြီးမှသာ နောက်စီမံကိန်းတွေ စသင့်ပါတယ်။ လက်ရှိတရုတ်စီမံကိန်း တွေကိုလည်း ထိန်းချုပ်နိုင်ဖို့ ဥပဒေတွေ လိုအပ်နေပါသေးတယ်။ နိုင်ငံ ဘေးကင်းလုံခြုံမှုရှိအောင် တရုတ်စီမံကိန်းတွေရပ်ဆိုင်းပြီး ပြည်သူတွေလည်း ကျေနပ်လက်ခံနိုင်အောင် ကြိုးစားလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
တရုတ်စီမံကိန်းတခုခု မဖြစ်မနေဆက်လုပ်ရမယ်ဆိုရင်လည်း ပြည်သူကို တရားဝင်ဖွင့်ပြောရမယ်ဖြစ်ပါတယ်။ ပြည်သူတွေ သဘောမတူဘဲ ဇွတ်လုပ်ကိုင်ခဲ့ရင် ပြည်သူကို အလေးမထားရာရောက်ပြီး ပြည်သူတွေနဲ့ ညီညွတ် ချစ်ခင်စွာ ငြိမ်းချမ်းရေးမရသလိုဖြစ်သွားနိုင်ပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နောက်ကြောင်းမပြန်ရဘူးလို့ ပါနေပေမယ့် ရွေးကောက် ပွဲအပြီး နောက်အစိုးရအာဏာလွှဲပြောင်းနေချိန်မှာ ပထမသက်တမ်းဝန်ကြီး တချို့ မှားယွင်းလုပ်ဆောင်ချက်တွေ ဖြစ်လာမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးတွေကိုတော့ ဥပဒေအတိုင်း ရင်ဆိုင် ဖြေရှင်းပေးရမှာဖြစ်ပါတယ်။
ကျောက်ဖြူရေပိုင်နက်စီမံကိန်းကို နယ်ခံပြည်သူတွေဆန္ဒအတိုင်း ရပ်နားပေးဖို့ ပြင်းပြင်းထန်ထန် တားဆီး တောင်းဆိုလိုက်ပါတယ်။နောက်လူရင်ဆိုင်ရခက်တဲ့ ကျောက်ဖြူရေပိုင်နက် တို့ ပိုင်တဲ့မြေ တို့ ပိုင်တဲ့ရေ တို့ ပိုင်တဲ့လေ တို့ ကာကွယ်စောင့်ရှောက်ကြ။
မောင်နွေအောင်(မလှိုင်)
Credit@News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။