UWSP/UWSA ဌာနချုပ်အတွင်း "၀" လက်နက်ကိုင်အချို့ကိုတွေ့ရစဉ်။ ဓါတ်ပုံ။ EPA
ရန်ကုန်၊ ဒီဇင်ဘာ ၇။ ။ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ငန်းများကို လုပ်ကိုင်နေသူဟု Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသူ ဦးဝေရှောက်ခန်က "၀"ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးနေသူဖြစ်သည်ဟု "၀" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဒီဇင်ဘာ ၇ရက်တွင် မဇ္ဈိမကိုပြောသည်။
ဦးကျောက်ကော်အန်းက ဒီဇင်ဘာ ၇ရက်နေ့ နေ့လည် ၁၂နာရီခန့် မဇ္ဈိမ၏တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှုကို ၄င်း၏ပြောကြားချက်ကို သားဖြစ်သူကျောက်ရှောင်ဟူက ဘာသာပြန်ဆိုကာ မဇ္ဈိမသို့ ဖြေကြားပေးခြင်းလည်းဖြစ်သည်။
"ဦးဝေရှောက်ခန်ကနဂိုကတည်းက ကျွန်တော်တို့ရဲ့ခေါင်းဆောင်တစ်ဦးပဲ။ သူဟိုဖက်မှာရတဲ့အကျိုးအမြတ် တွေ ကျွန်တော်တို့ဒီဖက်ကိုလာပြီးဆောက်လုပ်ရေးတွေဘာတွေလုပ်တာအမှန်ပါ။ ကျွန်တော်တို့ခေါင်းဆောင်က ရတဲ့အကျိုးအမြတ်ကိုဒေသဖွံ့ဖြိုးတိုးတက်ဖို့ ဆောက်လုပ်ရေးတွေလုပ်တာအံသြစရာမရှိပါဘူး။"ဟု ဦးကျောက်ကော်အန်းက ဘာသာပြန်မှတစ်ဆင့်ဖြေကြားသည်။
UWSP အနေနဲ့ဖားကန့်ဒေသမှာကျောက်စိမ်းလုပ်ကိုနေတာရှိမရှိကိုတော့ ၄င်းတို့အနေနဲ့ မသိရှိကြောင်း မဇ္ဈိမသို့ဖြေကြားသည်။
"ကျောက်စိမ်းလုပ်ငန်းကိုချုပ်ကိုင်ဖို့ ဟန်ပြကုပ္မဏီများကိုအသုံးပြုခဲ့သော အရှေ့တောင်အာရှ၏အကြီးမားဆုံး မူးယစ်ရာဇာ" ခေါင်းစဉ်ဖြင့် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၂ရက်၊ Global Witness၏ ထုတ်ပြန်ချက်တွင် ဦးဝေရှောက်ခန်ကို ဖမ်းဆီးနိုင်ပါက ဒေါ်လာ ၂သန်းဆုကြေးငွေ ချီးမြှင့်မည်ဟု အမေရိကန်နိုင်ငံ မူးယစ် တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ခံထားရသူလည်းဖြစ်သည်ဟု ပါရှိသည်။
ယင်းအပြင် ဦးဝေရှောက်ခန်သည် တပ်မတော်အစိုးရနှင့် အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် UWSP/UWSA တို့ အပစ်အခတ်ရပ်စဲခဲ့စဉ်ကရရှိခဲ့သည့် ကျောက်စိမ်းတွင်းလုပ်ကိုင်ခွင့် လိုင်စင်များဖြင့် ကျောက်စိမ်းလုပ်ငန်းများကိုချုပ်ကိုင်ထားသူတစ်ဦးဖြစ်ပြီး၊ UWSP/UWSA၏ ခေါင်းဆောင်ပိုင်းတွင် ပါဝင်သူလည်းဖြစ်သည်ဟု Global Witness က ရေးသားထားသည်။
"ဝေရှောက်ခန်က ကျွန်တော်တို့ "၀" ပြည်သွေးစည်းညီညွတ်ရေးပါတီထဲက ခေါင်းဆောင်တစ်ဦးပါ။ "၀"ပြည် တောင်ပိုင်း ၁၇၁ စစ်ဒေသရဲ့ စစ်ဒေသချုပ်ပါ။ ဝေရှောက်ခန်က ပါတီကို ထောက်ပံ့ပေးတယ်ဆိုတဲ့ အကြောင်း နဲ့ပက်သက်ပြီး Global Witness ကကျွန်တော်တို့ကိုမေးတာမရှိပါဘူး။" ဟု ဦးကျောက်ကော်အန်းက ဘာသာပြန်မှတစ်ဆင့်ဖြေကြားသည်။
Global Witness ၏ ထုတ်ဖော်ရေးသားမှုများနှင့် ပက်သက်ပြီး UWSP/UWSA က ကျွန်တော်တို့ အဆိုပါအဖွဲ့အစည်းကထုတ်ဖော်ရေးသားသည့် အကြောင်းအရာကို အတိအကျသိရှိရမှုမရှိသဖြင့် ပြောဆိုနိုင်မည်မဟုတ်ကြောင်း မဇ္ဈိမကိုပြောသည်။
UWSP/UWSA သည် တပ်မတော်အစိုးရနှင့် ၁၉၈၉ခုနှစ် မေလတွင်အပစ်အခတ်ရပ်စဲခဲ့ပြီး၊ ယင်းနောက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ၊ ဦးသိန်းစိန်အစိုးရနှင့် ၂၀၁၁ခုနှစ် စက်တင်ဘာ ၆ရက်တွင် အပစ်အခတ်ရပ်စဲ ရေးပထမဆုံးသဘောတူခဲ့သည့် အဖွဲ့လည်းဖြစ်သည်။
http://mizzimaburmese.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။