Wed, 11/25/2015 - 18:24
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်က မော်စကိုမြို့လယ်ရှိ ရင်ပြင်တွင် တပ်ချထားသော S-400 ဒုံးပျံကာကွယ်ရေးစနစ်ကို ဓာတ်ပုံရိုက်ကူးနေသူတစ်ဦး (Photo: AFP)
တူရကီက ပစ်ချခဲ့သော ရုရှားစစ်လေယာဉ်မှ ဒုတိယမြောက် လေယာဉ်မှူးကို ရုရှား နှင့် ဆီးရီးယား အထူးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
“စစ်ဆင်ရေး အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ ဒုတိယလေယာဉ်မှူးကို ကျွန်တော်တို့ အခြေစိုက်စခန်းဆီ ခေါ်လာနေပါပြီ။ သူ အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်ပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။
ဒုတိယမြောက်လေယာဉ်မှူးကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းနှင့် ကယ်ဆယ်ရေးစစ်ဆင်မှုတွင် ပါဝင်ခဲ့သူများကို နိုင်ငံတော်ဂုဏ်ပြုဆု ချီးမြှင့်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က အတည်ပြုပြောကြားခဲ့သည်။ ထို့ပြင် လေယာဉ်ပစ်ချခံရပြီးနောက် မြေပြင်တွင် သေဆုံးခဲ့သော အခြားလေယာဉ်မှူး တစ်ဦးကိုလည်း ရုရှား၏ အမြင့်ဆုံးသော ဂုဏ်ပြုဆု ရုရှားသူရဲကောင်းတံဆိပ် ချီးမြှင့်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှားသည် ၎င်း၏ အဆင့်မြင့်ဆုံးသော ဒုံးပျံကာကွယ်ရေးစနစ် S-400 ကို ဆီးရီးယားရှိ ရုရှားလေတပ်စခန်းသို့ ပို့ဆောင်ထားပြီး ဆီးရီးယားတွင် လေကြောင်း စစ်ဆင်ရေးများကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ပူတင်သည် တူရကီသို့ ရုရှားများ သွားရာက်မလည်ပတ်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုကို ထောက်ခံကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ S-400 ဒုံးပျံကာကွယ်ရေးစနစ်ကို မိန်မင်လေတပ်စခန်း၌ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း ဆာဂေးရွိုင်ဂူက ပြောကြားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီများက ကိုးကားဖော်ပြခဲ့သည်။
“လေယာဉ်ပျက်စီးပြီး ကျွန်တော်တို့ လေယာဉ်မှူး သေဆုံးခဲ့တဲ့ ဒီလိုဝမ်းနည်းစရာဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒါဟာ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုပါပဲ”ဟု ပူတင်က ရုပ်သံတွင်ပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပြုချက်ကို ထောက်ခံခဲ့သည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။