ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေး နောက်ဆုံး မဲဆွယ်စည်းရုံးရေး ရခိုင်အဆိုတော်များ ပါဝင်ဆင်နွှဲ

စံမောင်သန်း/ဖြူနှင်းဝေ

စစ်တွေ၊ နိုဝင်ဘာ ၇



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ ၆ ရက်နေ့ကပြုလုပ်သော ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် ရခိုင်အဆိုတော်များဖြစ်ကြသော ဒိုးရီ၊ ငြိမ်းစန္ဒာ၊ သျှင်ထွီးနှင့် နီတိုးတို့ပါဝင် ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

“နောက်ဆုံးနေ့ မဲဆွယ်ရတဲ့ရည်ရွယ်ချက်ကတော့ ဗဟိုအောင်နိုင်ရေး အဖွဲ့အနေနဲ့ အနယ်နယ်အရပ်ရပ်ကို ကျေးရွာတွေမကျန်အောင် သွားနေ ခဲ့ကြတဲ့အတွက် နောက်ဆုံးမဲဆွယ်စည်းရုံးရမယ့် နေ့တွေဖြစ်တဲ့ နိုဝင်ဘာလ ၅ ရက်၊ ၆ ရက်နေ့တွေမှာ စစ်တွေမြို့ပေါ် လှည့်လည်ပြီးတော့ အောင်နိုင်ရေး စည်းရုံးမှုအနေနဲ့ လုပ်မည်ဆိုပြီးတော့ နဂိုက တည်းက စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်တာဖြစ်တယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ညနေပိုင်းက စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ် စည်းရုံးရေးတွင် မြို့ပေါ်တွင်လှည့်လည်သည့်အပြင် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချူပ်ရုံးရှေ့တွင် ဂန္ဓ၀င်စတား တီးဝိုင်းနှင့် ရခိုင် အဆိုတော်များဖြစ်ကြသော ဒိုးရီ၊ ငြိမ်းစန္ဒာ၊ သျှင်ထွီးနှင့် နီတိုးတို့ကလည်း ရခိုင်အမျိုးရေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

ဖျော်ဖြေမှုအပြီးတွင် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မဲဆွယ်စည်းရုံးရေးကို ည ၁၁ နာရီခွဲ တွင် ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့က နောက်ဆုံးမဲဆွယ်စည်းရုံးရေးကို စစ်တွေမြို့အပြင် သံတွဲ၊ အမ်း၊ ရသေ့တောင်နှင့် အခြားမြို့နယ်များတွင်လည်း ပြုလုပ်ခဲ့သည်ဟု ဒေါ်အေးနုစိန်ကပြောသည်။

“မဲဆွယ်စည်းရုံးရေး သွားရောက်ခဲ့တဲ့နေရာတွေထဲက ၅ ရက်နေ့မှာပြုလုပ်တဲ့ မင်းပြားပွဲဆိုရင် လူတစ်သိန်း ကျော် တက်ရောက်ပြီးတော့ ဘူးသီးတောင် မြို့မှာ ဆိုရင်လည်း ၂ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။ ရသေ့တောင်မြို့ မှာ ဆိုရင်လည်း အဲ့ဒီလောက် မိုးတွေလေတွေကြားထဲက လူအကြီးအကျယ် တက်ရောက်ခဲ့တဲ့ ပွဲ ထဲမှာ ပါပါတယ်”ဟု သူမ၏ မဲဆွယ်စည်းရုံးရေး အတွေ့အကြုံကို ပြောသည်။

ရခိုင်သားတို့အနေဖြင့် အသည်းနှလုံးထဲက ရခိုင်ပါတီကို အားပေး မည်ဆိုသည့်စိတ် ရှိပြီးသားဖြစ်ကြောင်း၊ ဦးနှောက်ဖြင့်တွေးကြည့်လျှင်လည်း ဖက်ဒရယ်ပြည်ထောင်စု၌ တန်းတူအခွင့်အရေး ရရှိရန် ကိုယ့်အား ကိုယ်ကိုးမှ ဖြစ်မည်ဟု ယုံကြည်လျှင် ရခိုင်ပါတီသည်သာ ရခိုင်သားမှန်သမျှ မဲထည့်ပေးရမည့်ပါတီဆိုပြီး ဆုံးဖြတ်ကာ မဲထည့်ပေးစေချင်ကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က နိရဉ္စရာသို့ ပြောသည်။

___Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။