စစ်တွေ၊ နိုဝင်ဘာ ၇

မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့ အစီအစဉ်ကို ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်နှင့် ကျောက်တန်း တိုက်နယ် တွင် နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်ရာ လူပေါင်း ထောင်နှင့်ချီပြီး တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။
ကျောက်တန်းတိုက်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးပွဲသို့ ရသေ့တောင်မြို့နယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ ဗဟိုကော်မတီဝင် ခိုင်ကျော်မိုး၊ ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌ ဦးစိန်လှအောင်၊ ANP အောင်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်နေကြသော ၈၈ ရခိုင်မျိုးဆက်များ လူမှု ဖွံ့ဖြိုးရေး အဖွဲ့ဝင် ဦးမောင်ဝင်းရွှေ တို့တက်ရောက်ပြီး အောင်နိုင်ရေး တရားများ ဟောပြောခဲ့ကြသည်။
“ ကျောက်တန်းမှာ ပြုလုပ်တဲ့ အခမ်းအနားကို ကျေးရွာပေါင်း ၁၈ ရွာမှ ပါတီကို ထောက်ခံသူ လူပေါင်း ၃၀၀၀ ခန့် တက်ရောက် ခဲ့ပါတယ်။ ကျောက်တန်း လူထုက စည်းရုံးရေး နောက်ဆုံးနေ့မှာ တခဲနက် ထောက်ခံ အားပေးခဲ့တာကို တွေခဲ့ရပါတယ်” ဟု ဦးဦးသန်းနိုင်က ပြောဆိုသည်။
ရခိုင်မျိုးချစ် တေးသံရှင် ဒိုးရီ၊ ငြိမ်းစန္ဒာ၊ သျှင်ထွီးနှင့် နီတိုးတို့ လည်း ကျောက်တန်းရွာထိ သွားရောက်ပြီး ပါဝင် ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။
ကျောက်တန်းမှ အပြန် ရသေ့တောင်မြို့ သင်္ဘောဆိပ်တွင် စက်လှေပေါ်မှ ရခိုင်မျိုးချစ် တေးသံရှင် ဒိုးရီ၊ ငြိမ်းစန္ဒာ၊ သျှင်ထွီးနှင့် နီတိုးတို့က ရခိုင်တေးသီချင်းများဖြင့် ဖြေဖျော်ရာ မြို့လုံးကျွတ် လာရောက် အားပေးခဲ့ကြသည်။
_____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။