
ကျော်ဝင်း
ကျောက်ဖြူ၊ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မဲဆန္ဒရှင်လက်မှတ်ပေါ်၌ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး၏ အမှတ်အသားတံဆိပ် ပါမလာဘဲ တံဆိပ် အစား ဓာတ်ပုံသာပါလာသဖြင့် နိုဝင်ဘာ (၆)ရက် ညနေပိုင်းက အသံချဲ့စက်ဖြင့် မြို့ကိုပတ်၍ ကြေညာအသိပေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာမှ တစ်သီး ပုဂ္ဂလ ကိုယ်စား လှယ်လောင်း ဦးအေးစံ၏ တံဆိပ်သည် နေနှင့်လ တံဆိပ်ဖြစ်ပြီး မဲဆန္ဒရှင်လက်မှတ်ပေါ်တွင် သူ၏ ဓာတ်ပုံသာပါလာသည်ဟု သိရသည်။
မဲလက်မှတ်တွင် အမှတ်တံဆိပ်မပါဘဲ ဓာတ်ပုံသာ ပါလာသဖြင့် မဲဆန္ဒရှင်များ ဇဝေဇ၀ါ ဖြစ်နိုင်၍ အသံချဲ့စက်ဖြင့် ကျေညာခြင်း ဖြစ်ကြောင်း သိရသည်။
မဲတံဆိပ် မပါသည်ကို ကော်မရှင် က ကြိုပြီး အသိမပေးတာ ကတော့ သူတို့၏ တာဝန်သာဖြစ်တယ်ဟု ဦးအေးစံ ကပြောသည်။
“ ကျနော်က အခုလိုဖြစ်နေတာကို ဒီနေ့မှ သိတယ်။ ကြိုပြီး သိရင် ပြင်လို့ ရနိုင်တယ်။ အခုလိုနီးကပ်မှ သိရတယ် ဆိုတော့ အားလုံးရှုပ်ရှက်ခက်သွားးပြီ။ ကျနော်က ပင်ပန်းခံပြီး ရွာရာနဲ့ချီသွားပြီး စည်းရုံးရေး ဆင်းထားတယ်။ သိတဲ့ လူတွေကတော့ ပုံကိုကြည့်ရင် သိနိုင်တယ်။ မသိတဲ့လူတွေအတွက်ကျတော့ မလွယ်ဘူး။ အခုလို မှားနေတာကို ကျေးရွာ တိုင်းကို ကြေညာပေး ဖို့ ကော်မရှင် ကို တောင်းဆို ထားပါတယ်။ သိရဲ့သားနဲ့ ကြိုပြီး အသိမပေးတာကတော့ အလုပ်မဟုတ်ပါ။ ဘယ်လောက် ထိ ပေါ့လျော့လဲဆိုတာ စဉ်းစားကြည့်ကြပါ“ဟု ဦးအေးစံ ကပြောသည်။
ကျောက်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကျော်ငြိမ်း ကတော့ ”အခုလို တံဆိပ်မပါဘဲ ဓာတ်ပုံမှားပြီး ပါလာတာကို နောက်မှ သိတယ်။ မြေပုံ ၊ ပေါက်တော မှာလည်း ဒီလိုဖြစ်သွားတာရှိတယ်။ ကျနော်တို့ ဘက်က လည်း အားနည်းချက်ရှိတယ်။ အခုလိုမှားယွင်းတဲ့ အကြောင်း ကို မြို့ပေါ်မှာလည်း လှည်လည်ပြီး ကြေငြာပြီးပြီ ။ ကျေးရွာတွေ မှာလည်း ကြေညာထားတယ်” ဟု ဦးကျော်ငြိမ်း ကပြောသည်။
___Narinjara News
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။