
စံမောင်သန်း
စစ်တွေ၊ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) အတွင်းရှိ တင်းထရံကျေးရွာတွင် နိုဝင်ဘာလ ၆ ရက်နေ့ထိ မဲရုံများအဆင်သင့်မဖြစ်သေး၍ ကျေးရွားသားများ အနေဖြင် ကြိုတင်မဲပေးခွင့် အခွင့်အရေး ဆုံးရှုံးခဲ့သည်ဟု သိရသည်။
အဆိုပါ ကျေးရွာသားများမှာ စစ်တွေမြို့သို့ အရေးပေါ်ဆေးကုရန် လာရောက်ခဲ့ရသော မိသားစုသည်။
“စစ်တွေကို သွားရတဲ့ကိစ္စကတော့ ခွဲစိပ်ကုသဖို့အတွက် တစ်ယောက်ပါ။ သူမနာမည်က ခင်ဆန်းလို့ ခေါ်ပါတယ်။ မိသားစုတွေပါသွားပါတယ်။ မွေးကင်းစ ကလေးတစ်ယောက်က သူငယ်နာဖြစ်ပြီး သွားပါတယ်။ သူနဲ့အတူ မိသားစုတွေပါသွားပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတစ်ယောက်က သွေးလွန်တဲ့အတွက် သူမနဲ့အတူ မိသားစုတွေပါသွားပါတယ်။ မိသားစု ၃ စုပေါင်းရင် လူ၁၀ ယောက်လောက်ရှိပါတယ် ”ဟု တင်းထရံကျေးရွာမှ ဦးမောင်ချမ်းသာက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
မဲရုံမှူးများ ကျေးရွာသို့ ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် ကြိုတင်မဲမပေးနိုင်ဘဲ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
“မဲရုံမှူးတွေ မရောက်သေးလို့၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်တွေက စီစဉ်မပေးတဲ့အတွက် နာမကျန်း ဖြစ်နေတဲ့ သူတွေ မဲထည့်ခွင့်ဆုံးရှုံးနေရတယ်လို့ ကျွန်တော်ဆီ ဖုန်းဆက်ပါတယ်။ ရွာသားတွေလည်း ဘာမှ မလုပ်တတ်ဘဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်” ဟု မြောက်ဦးမြို့ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးခိုင်ထူးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
စုံစမ်း သိရှိရသည်မှာ မဲရုံကို တာဝန်ယူမည့် သူများသည် နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီထိ ၄င်းကျေးရွာတွင် မရောက်ရှိသေးဟု သိရသည်။
အဆိုပါကျေးရွာတွင် မဲစာရင်းမှားယွင်းသူ လူဦးရေ ၁၀ ကျော်ရှိပြီး၊ တင်းထရံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒိုးအောင်ကျော်က ကော်မရှင်ထံသို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ပြန်ပြင်ပေးခဲ့ခြင်းမရှိဘဲ အမှားအတိုင်းသာ ပြန်ထွက်လာသည်ဟု အဆိုပါ ရွာသားကို ဆိုသည်။
“နာရေးဆိုရင်တော့ ကျွန်တော်တို့က မြန်မာလူမျိုးဖြစ်တဲ့အတွက်ဗျာ ကျွန်တော်တို့ ကူညီပေးတဲ့ အနေထားတော့ လုပ်တော့ လုပ်ပေးမယ်။ လူနာနဲ့ လူနာစောင့် နှစ်ယောက်သုံးယောက်ဆိုရင်တော့ ကြိုတင်မဲပေးဖို့ စီစဉ်ပေးလို့ရနိုင်ပါတယ်။ အရေးပေါ်ကိစ္စဆိုရင်တော့ ရတယ်။ လူနာနဲ့ လူနာစောင့်ကို မဲပေးခိုင်းလိုက်။ ဒါပေမယ့် သူတို့ ရွာမှာ မရှိကြတော့ဘူးဆိုရင်တော့ စီစဉ်ပေးလို့ မရနိုင်တော့ပါဘူး”ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအရာရှိ ဦးသူရိန်ထွဋ္ဋ်ကပြောသည်။
နာမကျန်း၊ လမ်းမလျှောက်နိုင်သူများသည် ၄င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ရှိနေပါက ကြိုတင်မဲပေးနိုင်ရန် အိမ်နှင့်ဆေးရုံများသို့ သွားရောက်ပြီး စီစဉ်ပေးရမည်ဟု သိရသည်။
အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များ တွင်သာ ကြိုတင်မဲပေးခွင့်ရှိသည်ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော် မရှင်မှ လေ့လာသိရှိရသည်။
_____Narinjara News
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။