နိုဝင်ဘာ ၃ ရက်က ဘန်ကောက်တွင် ကျင်းပသည့် လက်နက်ပြပွဲ၌ ကိုရီးယား လေကြောင်းစက်ရုံမှ ထုတ်လုပ်သည့် FA-50 လေယာဉ် ပုံစံငယ်ကို တွေ့ရစဉ်
ဒီမိုကရေစီကို ဖြိုချမှုအတွက် အနောက်တိုင်း အစိုးရများက ထိုင်းစစ်အစိုးရကို ဝေဖန်နေကြသော်လည်း ဘန်ကောက် လက်နက် ပြပွဲတွင် ပြင်သစ် တင့်ဖျက်ဒုံးပျံများ၊ ဆွစ်ဇာလန် ဂျက်လေယာဉ်များ၊ အမေရိကန်
ရိုင်ဖယ်များကို မြင်တွေ့နေကျအတိုင်း မြင်တွေ့ရမည် ဖြစ်သည်။
၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်က ရွေးကောက်ခံထားသော အစိုးရကို ဖြုတ်ချခဲ့သော ထိုင်းစစ်တပ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရက်ရောသည့် အကျိုးခံစားခွင့်များ ရရှိထားသည်။ ထိုဆယ်စုနှစ်အတွင်း ထိုင်းကာကွယ်ရေး အသုံးစရိတ်သည် သုံးဆနီးပါး မြင့်တက်ခဲ့ပြီး ၂၀၀၅ ခုနှစ်က ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ ရှိခဲ့သော ထိုင်းကာကွယ်ရေး ဘတ်ဂျက်သည် လာမည့်နှစ်အတွက် ဒေါ်လာ ၅ ဒသမ ၅၆ ဘီလျံအထိ ရှိမည်ဖြစ်သည်။
အရှေ့တောင် အာရှတွင် ကာကွယ်ရေး အသုံးစရိတ်များ အလျင်အမြန် မြင့်တက်နေပြီး လက်နက် ထုတ်လုပ်သူများက ယင်းဈေးကွက်ကို နှစ်ခြိုက်နေကြသည်။ စီးပွားရေး ပိုမိုဖွံ့ဖြိုးလာပြီး ခြိုးခြံချွေတာရေး
အစီအစဉ်များ ဆောင်ရွက်နေသော ဒေသတွင်း အစိုးရများသည် ကာကွယ်ရေး အသုံးစရိတ်ကို ချိန်ညှိနေကြသည်။
ဘန်ကောက် မြောက်ပိုင်းတွင် ယခုတစ်ပတ်အတွင်း ကျင်းပသည့် Defense and Security 2015 ပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှ ကုမ္ပဏီ ၄၀၀ ကျော်က ပါဝင်ပြသကြမည် ဖြစ်သည်။ ဗြိတိန်၏ BAE Systems၊ ပြင်သစ်၏ Thales၊ အီတလီ၏ Finmeccanica၊ အမေရိကန်မှ Lockheed Martin တို့အပါအ၀င် ရုရှား လက်နက်ကုမ္ပဏီ Bazalt တို့လည်း ပါဝင် ပြသကြမည် ဖြစ်သည်။
အရှေ့တောင် အာရှသည် လက်နက် ထုတ်လုပ်သူများအတွက် လက်မလွှတ်နိုင်သော အလားအလာများရှိသည့် ဈေးကွက်ကြီး ဖြစ်သည်။
“ကာကွယ်ရေး အသုံးစရိတ် လျော့ကျနေတဲ့ အခြားဒေသတွေနဲ့ မတူဘဲ အာရှမှာ ကာကွယ်ရေး အသုံးစရိတ်က မြင့်တက်နေပါတယ်” ဟု အရှေ့တောင် အာရှ စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ဇက်ခရီအဘူဇာက ပြောကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အရှေ့တောင် အာရှ ကာကွယ်ရေး အသုံးစရိတ်သည် ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ယမန်နှစ် တစ်နှစ်တည်းမှာပင် ဒေါ်လာ ၃၈ ဒသမ ၂ ဘီလျံ ရှိခဲ့ကြောင်း ၎င်းက ခန့်မှန်းခဲ့သည်။ ထိုင်းနိုင်ငံသည် ဂျီဒီပီ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို စစ်အသုံးစရိတ်အတွက် သုံးစွဲခဲ့ပြီး ဒေသတွင်း စံနှုန်းနှင့် တန်းတူဖြစ်သည်။ သို့သော်လည်း ထိုင်း၏ ကာကွယ်ရေး အသုံးစရိတ်သည် အခြားဒေသတွင်း နိုင်ငံများထက် တိုးတက်မှု လျင်မြန်နေကြောင်း အဘူဇာက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ၁၉၃၂ နောက်ပိုင်း အာဏာသိမ်းမှု ၁၉ ကြိမ် ကြုံတွေ့ခဲ့ရပြီး ၂၀၁၀ မေလနှင့် ဧပြီလက စစ်တပ်၏ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် လူ ၉၀ ထက်မနည်း သေဆုံးခဲ့ရသည်။ ယမန်နှစ် မေလက အာဏာသိမ်းခဲ့ပြီးနောက် အမေရိကန်သည် ထိုင်းကို စစ်ရေး အကူအညီများ ဖျက်သိမ်းခဲ့သော်လည်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ဆောင်ရွက်ရန် ဖိအားပေးနေဆဲ ဖြစ်သည်။ ထိုင်းစစ်တပ်အတွက် ရက်ရောသည့် သုံးစွဲမှုများကြောင့် ဝေဖန်သူများက
ထိုင်းစစ်တပ်သည် မလိုအပ်သော ၀ယ်ယူမှုကြီးများကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ ထိုင်းစစ်တပ်သည် လေယာဉ်တင် သင်္ဘောတစ်စင်း ၀ယ်ယူထားပြီး ယခုနှစ် အစောပိုင်းတွင် တရုတ်ထံမှ ရေငုပ်သင်္ဘော သုံးစင်းကို ဒေါ်လာတစ်ဘီလျံဖြင့် ၀ယ်ယူရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ဝေဖန်မှုများကြောင့် ယင်းအစီအစဉ်ကို ထိုင်းစစ်တပ်က လျှော့ချခဲ့သည်။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။