ကျောက်တန်းမြို့နယ် မှော်ဝန်းတံတား ဖွင့်ပွဲနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား သမ္မတ ဦးသိန်းစိန်နှင့်အတူ တွေ့ရစဉ်
ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် အစိုးရ အဖွဲ့ဝင်တွေ၊ ၀န်ကြီးတွေရဲ့ မဲဆွယ်ပုံ၊ မဲဆွယ်နည်းမှာ မေးခွန်းထုတ် စရာတွေ ရှိပါတယ်။
ပထမတစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ သမ္မတအပါအ၀င် အစိုးရ အဖွဲ့ဝင်တွေဟာ ပါတီလုပ်ငန်း လုပ်ပိုင်ခွင့် မရှိပါဘူး။ ပါတီလုပ်ငန်း လုပ်ချင်ရင် ရာထူးက နှုတ်ထွက်ရပါမယ်။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို အသုံးချပြီး ရွေးကောက်ပွဲဝင်ကြမယ့် အစိုးရ အဖွဲ့ဝင်တွေကို မဲဆွယ်ခွင့် ပေးခဲ့ပါတယ်။ ဒီအခါ ပြည်ထောင်စုဝန်ကြီးတွေ အပါအ၀င် အစိုးရအဖွဲ့ဝင်တွေဟာ ရာထူးက နှုတ်ထွက်ခြင်း မပြုဘဲ မဲဆွယ် ကြပါတော့တယ်။
အမှန်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဘယ်ဥပဒေ ပြဋ္ဌာန်းချက်ကမှ လွှမ်းမိုးပိုင်ခွင့် မရှိပါဘူး။
ဒီအတွက် အခုလက်ရှိ အစိုးရအဖွဲ့ဝင်တွေ ရာထူးလက်ရှိနဲ့ မဲဆွယ်နေကြတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပေးထားချက်ကို ကျော်လွန်လုပ်ဆောင်နေသလို ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတဲ့ ကိစ္စကို ဆုံးဖြတ်ပေးနိုင်တာက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဖြစ်ပါတယ်။ ဒါပေမဲ့ ခုံရုံးက နှုတ်ဆိတ်နေပါတယ်။
တိုင်မယ့်သူ မရှိသေးလို့ ဆုံးဖြတ်ခြင်း မလုပ်သေးတာလားလို့ စဉ်းစားစရာပါ။ တိုင်သူရှိနေရင် ခုံရုံးက ဆုံးဖြတ်ပေးရပါမယ်။
ဒုတိယ တစ်ချက်က ရာထူးလက်ရှိ အစိုးရအဖွဲ့ဝင်တွေ မဲဆွယ်ရာမှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ လုပ်ဆောင်နေတဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ခုတုံးလုပ်ပြီး မဲဆွယ်တဲ့ ပုံစံမျိုးတွေ ရှိနေပါတယ်။
ဒီလိုပုံစံမျိုးတွေကို သမ္မတ ဦးသိန်းစိန်ရဲ့ မဲဆွယ်မှုဆန်ဆန် နယ်လှည့်ခရီးများအတွင်း ပြောတဲ့စကားတွေမှာ တွေ့နေရသလို ပြည်ထောင်စုဝန်ကြီးတွေ၊ အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မဲဆွယ်စကားတွေမှာပါ ကြားနေရပါတယ်။
■ ၀န်ကြီးဌာနသုံးခုနှင့် ဘယ်သူတွေလဲ
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေရဲ့ နယ်လှည့်ခရီးစဉ် သွားရောက်မှု၊ “သမ္မတကြီးဟာ ကျွန်တော်တို့ ပါတီရဲ့ ဥက္ကဋ္ဌပါ” လို့ ပြောထားတဲ့ အာဏာရ ပါတီရဲ့ မဲဆွယ်မှုတွေကို ကြည့်ရင် သူတို့ အခြေခံတဲ့ အချက် တစ်ခုတည်း ရှိပါတယ်။
အဲဒီတစ်ခုတည်းသော အခြေခံအချက်က ဆင်းရဲမွဲတေမှု လျော့ချရေး လုပ်ငန်းစဉ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖြစ်ပါတယ်။
ပြောရရင်တော့ ဘယ်အစိုးရမဆို မဖြစ်မနေ လုပ်ကို လုပ်ပေးရမယ့် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ကူညီ မှုတွေကို ကျောရိုးယူပြီး စည်းရုံးကြတာပါ။
အခု မဲဆွယ်မှုတွေမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အသုံးချခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး နိုင်ငံတော် စီမံကိန်းတွေက အများကြီး မရှိပါဘူး။ ဒါတွေအတွက် အဓိက ကျောရိုးယူခဲ့တဲ့ ၀န်ကြီးဋ္ဌာန နှစ်ခုပဲ ရှိပါတယ်။
ပထမတစ်ခုက မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ၀န်ကြီးဌာန ဖြစ်ပါတယ်။ ဦးဆောင်သူက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ဖြစ်ပါတယ်။ ဦးအုန်းမြင့်ဟာ သမ္မတဦးသိန်းစိန်ရဲ့ အနီးကပ် လူယုံတစ်ဦးဖြစ်ပြီး သမ္မတ ခရီးစဉ်တိုင်းနီးပါး လိုက်ပါခွင့်ရှိသူ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မှာ ၀င်ပြိုင်မှာပါ။
ဒုတိယတစ်ခုက သမ၀ါယမ ၀န်ကြီးဌာန ဖြစ်ပါတယ်။ ဦးဆောင်သူက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဖြစ်ပြီး သူကလည်း သမ္မတဦးသိန်းစိန်နဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။ ဦးကျော်ဆန်းက ပုလဲမြို့နယ် မဲဆန္ဒနယ်က ၀င်ပြိုင်မှာ ဖြစ်ပါတယ်။
နေပြည်တော်၊ ဒက္ခိဏသိရိ မြို့နယ်မှာ ၀င်ပြိုင်မယ့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ရဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနကိုလည်း မဲဆွယ်ရာမှာ အသုံးချမယ်ဆိုတဲ့ ယူဆချက်တွေ ရှိခဲ့ပေမယ့် ထင်သလောက် အသုံးချလို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ဦးမြင့်လှိုင်ကိုလည်း သမ္မတဦသိန်းစိန်ရဲ့ လက်ရုံးတစ်ဆူအဖြစ် နိုင်ငံရေး အကဲခတ်တွေ ယူဆထားကြပါတယ်။
ဒီအတိုင်းပဲ ဒီဝန်ကြီးဌာန သုံးခုရဲ့ နိုင်ငံတော် စီမံကိန်း လုပ်ဆောင်မှုတွေကို အသုံးချပြီး အာဏာရပါတီက မဲဆွယ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း အရင်ကတည်းက ရှိထားပြီး ဖြစ်ပါတယ်။
■ ၀န်ကြီးဌာန နှစ်ခု၊ အရေးကြီး စီမံကိန်း သုံးခု
သမ၀ါယမ ၀န်ကြီးဌာနက အဓိက လုပ်ဆောင်ခဲ့တာက တောင်သူတွေကို ငွေချေးပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကနေ အတိုးနှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ငွေချေးယူပြီး တောင်သူတွေကို အတိုး တစ်ကျပ်ခွဲနှုန်းနဲ့ ပြန်ချေးခဲ့ပါတယ်။ အဲဒီအစီအစဉ် မအောင်မြင်ပါဘူး။ ငွေချေးယူခဲ့တဲ့ တောင်သူ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းက ပြန်မဆပ်နိုင်ခဲ့သလို ကျပ်ငွေတန်းဖိုး ကျဆင်းမှုကြောင့် ၀န်ကြီးဌာနရဲ့ အကြွေးဝန်က အစိုးရအပေါ် သက်ရောက် စေခဲ့ပါတယ်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန အောက်မှာတော့ စီမံကိန်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက လူထုဗဟိုပြု စီမံကိန်း (CDD) စီမံကိန်း ဖြစ်ပါတယ်။
လူထုဗဟိုပြု စီမံကိန်း (CDD) အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၈၀ ထောက်ပံ့ပေးပါတယ်။ အဲဒီ ထောက်ပံ့ငွေကို ယူပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ပူးပေါင်း လုပ်ဆောင်တာပါ။
စီမံကိန်းကာလက ၂၀၁၂ ခုနှစ် အောက်တိုဘာကနေ ၂၀၁၉ ခုနှစ် ဇန်န၀ါရီအထိ ဖြစ်ပါတယ်။ စီမံကိန်း သက်ရောက်မှု မြို့နယ် ၁၅ ခု ရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်မှာ တင်္နသာရီက ကျွန်းစုမြို့နယ်၊ ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ်က နမ့်ဆန် မြို့နယ်တို့ ပါခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းက ပင်လည်ဘူးမြို့နယ်၊ ဧရာဝတီက လေးမျက်နှာမြို့နယ်၊ မကွေးက စေတုတ္တရာ မြို့နယ်၊ ရခိုင်က အမ်းမြို့နယ်၊ ရန်ကုန်တိုင်းက ထန်းတပင်မြို့နယ်နဲ့ နေပြည်တော် ကောင်စီနယ်မြေတို့ ပါခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကချင်၊ ကယား၊ မွန်၊ ပဲခူး၊ မန္တလေးနဲ့ ကရင်ပြည်နယ်က မြို့နယ်တစ် မြို့နယ်စီ ပါဝင်ပါတယ်။
CDD စီမံကိန်းဟာ ကမ္ဘာ့ဘဏ်ရဲ့ ထည့်ဝင် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ကို အဓိက အသုံးပြုပြီး လုပ်တာပါ။ တစ်ချိန်တည်းမှာပဲ CDD စီမံကိန်းကို ၂၀၁၉-၂၀၂၀ ပြည့်နှစ်အထိ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ချေးပေးဖို့ ရှိပါတယ်။ အဲတာက ချေးငွေဖြစ်ပါတယ်။ ဒီချေးငွေအတွက် အတိုးမပေးရဘူး ဆိုပေမယ့် Service Charge ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမယ်။
ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့မှုနဲ့ မြို့နယ် ၁၅ မြို့နယ်မှာ လုပ်ခဲ့တာက လျှပ်စစ်မီး၊ လမ်း၊ ရေရရှိမှု၊ စာသင်ကျောင်း၊ ဆေးပေးခန်းတွေ ဆောက်လုပ်မှု ဖြစ်ပါတယ်။ အရင်နဲ့ ကွာတာက ဒါတွေကို အစိုးရက လုပ်ပေးတာမျိုး မဟုတ်ဘဲ စီမံကိန်း ဧရိယာမှာရှိတဲ့ ဒေသခံတွေ ကိုယ်တိုင် ရွေးချယ်၊ အတည်ပြု၊ အကောင်အထည် ဖော်ရတာ ဖြစ်ပါတယ်။
ဒါကြောင့်လူထုဗဟိုပြု စီမံကိန်း (CDD) ဟာ အစိုးရရဲ့ ငွေကြေးနဲ့ လုပ်ဆောင်တာ မဟုတ်ဘဲ ကမ္ဘာ့ဘဏ် ထောက်ပံ့မှုနဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး ၀န်ကြီးဌာနက စီစဉ်ပေးတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက နောက်ထပ်လုပ်ခဲ့တဲ့ စီမံကိန်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်း (MSY) ဖြစ်ပါတယ်။ ဒီစီမံကိန်းကိုတော့ အစိုးရ ရံပုံငွေနဲ့ လုပ်ခဲ့တာ ဖြစ်တဲ့အတွက် မြစိမ်းရောင် စီမံကိန်းကို အကြောင်းပြုပြီး မဲဆွယ်လို့ မရပါဘူး။ အကယ်၍ မဲဆွယ်ခဲ့တယ်ဆိုရင် ဒါကို ဥပဒေအရ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
■ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆိုတာ
မြစိမ်းရောင် စီမံကိန်းကို ရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ စတင်ပါတယ်။ စီမံကိန်းအတွက် အသုံးပြုငွေဟာ အစိုးရ ရံပုံငွေ ဖြစ်ပါတယ်။ ဒီငွေတွေအတွက် ကိုယ်တွယ်ဆောင်ရွက် ပိုင်ခွင့်ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ရရှိပါတယ်။
စီမံကိန်း မူလလျာထားချက်မှာ ခရိုင် ၄၅ ခရိုင်၊ မြို့နယ် ၁၂၅ မြို့နယ်၊ ကျေးရွာ ၁၁၅၀ မှာရှိတဲ့ အိမ်ထောင်စု ၃ ဒသမ ၃ သိန်း၊ လူဦးရေ ၁ ဒသမ ၈ သန်း အကျိုးခံစားရမယ်လို့ ဆိုပါတယ်။ စီမံကိန်း ကုန်ကျစရိတ် ကျပ် ၃၄ ဒသမ ၅ ဘီလျံဖြစ်ပြီး ကျေးရွာတစ်ရွာကို ကျပ်သန်း ၃၀ ပေးမယ်လို့ သတ်မှတ်ခဲ့ပါတယ်။
နောက်ဆုံးသိရတဲ့ အချက်အလက်တွေအရ မြို့နယ် ၂၈၀ က ကျေးရွာ ၁၄၅၀ ကို ကျပ် ၄၃ ဘီလျံကျော် ပေးခဲ့ပါတယ်။ လွှတ်တော်ကို ၀န်ကြီးဌာနက တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ခရိုင် ၇၀၊ ၂၈၂ မြို့နယ်က ကျေးရွာ ၁၆၃၂ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ မူလသတ်မှတ် ပမာဏထက် ပိုလုပ်ခဲ့တာပါ။
မြစိမ်းရောင် ကျေးလက်စီမံကိန်းလိုပဲ မြစိမ်းရောင်စီမံကိန်း (အသားကဏ္ဍ) ကိုလည်း အစိုးရရံပုံငွေ အသုံးပြုပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက လုပ်နေပါသေးတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဖြည့်စွက်ရံပုံငွေအဖြစ် ငွေကျပ် ၆ ဘီလျံရခဲ့ပြီး ကျေးရွာအုပ်စုပေါင်း ၄၈၄ ရွာကို ထောက်ပံ့ခဲ့ပါတယ်။
မြစိမ်းရောင် ကျေးလက်စီမံကိန်း အတွက် စီမံကိန်း ဆောင်ရွက်တဲ့ နည်းလမ်းကို အရင်းမပျောက် လည်ပတ်ရံပုံငွေလို့ သတ်မှတ်ထားပြီး ရွာတစ်ရွာကို သိန်း ၃၀၀ ပေးမယ်၊ ဒါကို အစိုးရက မတည်ပေးပြီး မတည်ငွေအပေါ် အတိုးယူရင်း ရံပုံငွေတိုးအောင် လုပ်မယ်၊ ရွာကလူတွေက ငွေကို စီမံခန့်ခွဲပြီး မွေးမြူရေး၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မီးလင်းရေး၊ ကျေးရွာ ကုန်ထုတ်လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။
မြစိမ်းရောင် စီမံကိန်းကို မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းကို ၁၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ဖို့ ကြိုစားတဲ့ လုပ်ငန်းတစ်ခုအဖြစ် ပုံဖော်ထားပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းကို ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလိုရောက်မှ ဘာကြောင့် အကောင်အထည် ဖော်ခဲ့သလဲဆိုတာ ဦးအုန်းမြင့်အတွက် မေးခွန်းတစ်ခု ဖြစ်ပါတယ်။
■ မြစိမ်းရောင်သံသယ
မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ဘဏ္ဍာနှစ် တစ်ခုတည်းမှာပဲ မူလလျာထားချက် မြို့နယ် ၁၂၅ မြို့နယ် ကနေ မြို့နယ် ၂၈၀၊ ကျေးရွာ ၁၄၅၀ အထိ ဦးအုန်းမြင့်က တိုးမြှင့်ခဲ့ပါတယ်။ ပြီးတဲ့နောက် ရွေးကောက်ပွဲ ကာလ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျေးရွာ ၃၀၀၀ အထိ ထပ်မံတိုးချဲ့မယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ထုတ်ပြောပါတယ်။
မြစိမ်းရောင် စီမံကိန်းကို လွှတ်တော်က ခွင့်ပြုချက် ပေးတဲ့အတွက် လုပ်တယ်ဆိုပေမယ့် အစိုးရအသုံးစရိတ် အများဆုံးဖြစ်နေချိန်၊ ဘတ်ဂျက်လိုငွေ အမြင့်ဆုံး ရောက်နေချိန်မှာ ဘာကြောင့် လုပ်ခဲ့တာပါလဲ။
တစ်ဖက်မှာလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး ရံပုံငွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ အတွက် ငွေကျပ်သန်း ၁၅၀၀၀ စီ၊ ချင်းပြည်နယ် အတွက် ကျပ်သန်း ၅၀၀၀၊ ရှမ်းပြည်နယ် အတွက် ကျပ်သန်း ၄၀၀၀၊ ကရင်ပြည်နယ် အတွက် ကျပ်သန်း ၂၀၀၀၊ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ကျပ်သန်း ၁၀၀၀ စီ ခွဲဝေ သုံးစွဲဖို့ လွှတ်တော်က ခွင့်ပြုထားပေမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမခြောက်လ ပတ်ကာလအထိ အပြည့်အ၀ သုံးစွဲခဲ့ခြင်း မရှိပါဘူး။ အထူးသဖြင့် ကယားပြည်နယ်နဲ့ ဧရာဝတီတိုင်းအတွက် ခွင့်ပြုရံပုံငွေ ကျပ်သန်း ၁၀၀၀ ကို ပထမခြောက်လပတ်အထိ မသုံးခဲ့တာ အံ့သြစရာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဋ္ဌာနက ကမ္ဘာ့ဘဏ်ထောက်ပံ့မှုနဲ့ လူထုဗဟိုပြု စီမံကိန်း (CDD) ကို လုပ်နေရာက အစိုးရငွေကို သုံးပြီး မြစိမ်းရောင် စီမံကိန်းကို လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ဦးအုန်းမြင့် စီစဉ်လုပ်ကိုင်ခဲ့တဲ့ မြစိမ်းရောင် စီမံကိန်းမှာ စည်းမျဉ်းစည်းကမ်းနဲ့ မညီတာတွေ အများအပြား တွေ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၂၀၁၅ ခုနှစ် ဇွန်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောခဲ့ပါတယ်။
မြစိမ်းရောင် စီမံကိန်းနဲ့ ပတ်သက်ပြီး လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အချက်နှစ်ချက် ထောက်ပြပါတယ်။
ပထမအချက်က “မြစိမ်းရောင်ကျေးရွာ စီမံကိန်း မြို့နယ်အချို့တွင် မြစိမ်းရောင်ရံပုံငွေ စာရင်းရှင် ဖွင့်လှစ်ထားမှု မရှိခြင်း၊ ကျေးရွာ မြစိမ်းရောင် ရံပုံငွေစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ငွေသားတိုက်ရိုက် ထုတ်ပေးခြင်း တို့သည် ညွှန်ကြားချက်နှင့် မညီဘဲ လုပ်ဆောင်ထားကြောင်း တွေ့ရှိရခြင်း” လို့ ဆိုပါတယ်။
ဒုတိယအချက်မှာ “မြစိမ်းရောင် စီမံကိန်းနှင့် ပတ်သက်၍ လိုအပ်ချက်၊ ကွဲလွဲမှုစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှု မရှိကြောင်း အများအပြား တွေ့ရှိရခြင်း” လို့ ဖော်ပြထားပါတယ်။
လွှတ်တော်က ထောက်ပြချက်ကို ကြည့်ခြင်းအားဖြင့် မြစိမ်းရောင် စီမံကိန်း ရံပုံငွေတွေကို စည်းစနစ်တကျ သုံးစွဲခဲ့တာမျိုး မရှိခဲ့တဲ့အပြင် ငွေသားတိုက်ရိုက် ထုတ်ပေးတာ တစ်ချို့ရှိခဲ့တဲ့အတွက် ဒါတွေကို ဘယ်သူ့ညွှန်ကြားချက်နဲ့ လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို ဦးအုန်းမြင့် ဖြေရပါတယ်။
တစ်ဆက်တည်းမှာပဲ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ်တွေဟာ အခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီနဲ့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ အနိုင်ရဖို့ ပစ်မှတ်ထားတဲ့ နယ်မြေတွေ ဖြစ်နေမယ်ဆိုရင် ဒါဟာ သံသယဖြစ်စရာ ရှိလာပါပြီ။
သေချာတာကတော့ ဦးအုန်းမြင့်ရဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု အမေရိကန်ဒေါ်လာ သန်းချီ ပမာဏကို အသုံးပြုပြီး လုပ်ဆောင်ခဲ့တဲ့ စီမံကိန်း ဧရိယာတွေ၊ ကမ္ဘာ့ဘဏ်ရဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ ထောက်ပံ့မှုနဲ့ လုပ်ခဲ့တဲ့ လူထုဗဟိုပြု စီမံကိန်း (CDD) ဧရိယာတွေနဲ့ မြစိမ်းရောင် စီမံကိန်း ဧရိယာတွေဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အနိုင်ရဖို့ ပစ်မှတ်ထားတဲ့ နယ်မြေတွေနဲ့ ကင်းလွတ်ခြင်း မရှိပါဘူး။
ဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက အဲဒီနေရာတွေမှာ နိုင်ငံတယ်ဆိုရင် နိုင်ငံပိုင်ငွေကြေးနဲ့ နိုင်ငံတကာ ထောက်ပံ့မှုတွေကို အသုံးချပြီး မဲဆွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု ဖြစ်လာနိုင်သလို ဥပဒေအရ စုံစမ်းစစ်ဆေး မှုတွေလည်း ခံရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် မဲဝယ်ယူနဲ့ ပတ်သက်ပြီး အဓိက သံသယဖြစ်စရာ ရှိလာမှာပါ။
ဘာကြောင့်လဲဆိုရင် ပြည်ခိုင်ဖြိုးနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေရဲ မဲဆွယ်မှုတွေ မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေးရရှိရေး၊ လမ်းဖောက်၊ တံတားဆောက်၊ ကျောင်းဆောက်၊ ဆေးခန်းဖွင့်ပေးတာတွေ လုပ်ခဲ့တယ်၊ ဆက်ပြီးလုပ်ပေးဦးမယ်ဆိုတဲ့ ပြောဆိုမှုတွေ ပါနေတာကြောင့် ဦးအုန်းမြင့် ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ အစိုးရ ရံပုံငွေ အသုံးပြု စီမံကိန်းတွေ၊ နိုင်ငံတကာ ထောက်ပံ့မှုတွေယူပြီး လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက် ခေါင်းစဉ်အောက်က မဲဆွယ်စည်းရုံးမှုအဖြစ် ယူဆစရာတွေ ရှိနေပါတယ်။
■ ဦးအုန်းမြင့်နှင့် ကျောက်စိမ်းရောင်းချမှု အကျိုးအမြတ်
ဝန်ကြီးတစ်ဦးရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲက လုပ်ခဲ့တာတွေအတွက် ဦးအုန်းမြင့်ကို မေးစရာတွေ ရှိနေချိန်မှာ နိုင်ငံဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ဆုံးရှုံးခဲ့တဲ့ ကိစ္စတွေမှာ ဦးအုန်းမြင့် ပါဝင်ပတ်သက်နေတာ အတွက်လည်း မေးခွန်းထုတ်စရာတွေ ရှိပါသေးတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာမှာ Global Witness အဖွဲ့က “ကျောက်စိမ်း-မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျို့ဝှက်ချက်” အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ ကျောက်စိမ်းကဏ္ဍကတစ်ဆင့် အမြတ်ထုတ်ခဲ့ သူတွေထဲမှာ ဦးအုန်းမြင့်ကို တစ်ဦးအပါအ၀င်အဖြစ် သတ်မှတ်ထားပါတယ်။
ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအုန်းမြင့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ် အတွင်းမှာပဲ ကျောက်စိမ်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၈၀ ဒသမ ၂ သန်း ပမာဏကို အခွန်မဆောင်မီ ရောင်းချခဲ့တယ်လို့ Global Witness အဖွဲ့က ပြောခဲ့ပါတယ်။
ကျောက်စိမ်းကဏ္ဍက သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဦးအုန်းမြင့် မိသားစုပိုင်ဆိုင်တဲ့ ကုမ္ပဏီအမည်က Myanmar Win Gate ဖြစ်ပြီး DICA ရဲ့ မှတ်တမ်းတွေအရ Myanmar Win Gate Gems and Jewellery ကို ၂၀၀၇ ခုနှစ်မှာ ဖြည့်သွင်းထားတယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။
ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တရားဝင် ရှင်းလင်းမှုကို ဦးအုန်းမြင့်က အခုထိ မလုပ်သေးပါဘူး။
ဒါ့အပြင် ဦးအုန်းမြင့်နဲ့ ပတ်သက်ပြီး အခြားသော မေးခွန်းထုတ်စရာတွေ ရှိပါသေးတယ်။ အဲတာကတော့ မြန်မာ-နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ ဦးအုန်းမြင့်ကြားက ပတ်သက်ဆက်နွှယ်မှုတွေ ဖြစ်ပါတယ်။
■ ဦးအုန်းမြင့်နှင့် MICA
ဦးအုန်းမြင့် လက်ထက်မှာ မြန်မာ-နိုင်ငံတကာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA) ဆိုတာကို နိုင်ငံတော် သမ္မတရုံးက ဖွဲ့ပေးခဲ့တယ်လို့ သိရတယ်။
အဲဒီ MICA ဆိုတာက ဂျပန်-နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) လို အဖွဲ့အစည်းမျိုး ဖြစ်တယ်လို့လည်း ဆိုကြသူတွေ ရှိပါတယ်။
MICA မှာ ဦးအုန်းမြင့် ပါဝင်ပတ်သက် လုပ်ကိုင်နေတယ်လို့ သတင်းတွေ ထွက်နေပြီး MICA ဟာ နိုင်ငံတော်ပိုင်လား၊ သီးသန့်လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလားဆိုတာ ဒီနေ့ထိ ထုတ်ပြန်ရှင်းလင်းတာ မတွေ့ရပါဘူး။
ဒါ့အပြင် ဘယ်ကငွေကြေးတွေနဲ့ တည်ထောင်လုပ်ကိုင်ခဲ့တယ်၊ ဘယ်သူတွေက စိုက်ထုတ်ခဲ့တယ် ဆိုတာကိုလည်း ရှင်းလင်းတာမျိုး မတွေ့ရသလို၊ အဲ့ဒီအဖွဲ့အစည်းကရတဲ့ ငွေကြေး အမြတ်အစွန်းတွေကို ဘယ်လိုခွဲဝေတယ်၊ ဘယ်လိုပြန်သုံးတယ် ဆိုတာမျိုးလည်း ပြည်သူကို အကျယ်တ၀င့် ချပြတာမျိုး မတွေ့ရပါဘူး။
ဒါပေမဲ MICA ဖွဲ့ပြီးတဲ့နောက်မှာ ဦးအုန်းမြင့်ရဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ နိုင်ငံပိုင် မွေးမြူရေးခြံ၊ စက်ရုံနဲ့ မြေကွက်ပေါင်း များစွာကို MICA က ဘာအဖိုးစားနားမှ ဖော်ပြခြင်းမရှိပဲ လွှဲပြောင်းယူပြီး လုပ်ငန်းတွေ လုပ်နေပါတယ်။
နိုင်ငံပိုင်မြေ၊ စက်ရုံ၊ လုပ်ငန်းတွေကို လွှဲပြောင်းတဲ့အခါ နိုင်ငံတော်ဆီက ငှားတယ်ဆိုရင် ငှားခကို နိုင်ငံတော်က ရရှိပါမယ်။ ဒါပေမဲ့ MICA နဲ့ ပတ်သက်ပြီး နိုင်ငံတော်က ငှားခ ရ၊ မရ မသိရသလို လွှဲပြောင်းတဲ့ အခါမှာလည်း ဘာအဖိုးစားနားမှ မဖော်ပြဘဲ လွှဲယူလိုက်တယ်လို့ပဲ သိရပါတယ်။
MICA ဟာ ရှမ်းပြည်နယ် ထဲမှာရှိတဲ့ နိုင်ငံတော်ပိုင် မွေးမြူရေးခြံကြီး ၇ ခြံ၊ ရန်ကုန်တိုင်းထဲက မွေးမြူရေးခြံနဲ့ စက်ရုံပေါင်း ၂၁ ခု၊ ပဲခူးမှာ ၇ ခု၊ မကွေးမှာ ၁ ခု၊ မန္တလေးမှာ ၇ ခု၊ ကချင်နဲ့ ချင်းမှာ ၁ ခုစီ စုစုပေါင်း ၄၅ ခုအထိကို လွှဲပြောင်း ယူသွားခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်၊ ကြို့ကုန်းမှာရှိတဲ့ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေကွက်ကျယ်ကြီး ကိုလည်း ငါးတင်ငါးချ ဆိပ်ကမ်း၊ ငါးဈေးကွက်လုပ်ငန်းနဲ့ စက်သုံးဆီဆိုင်လုပ်ဖို့ လွှဲပြောင်းယူခဲ့ ပြန်ပါတယ်။ ထပ်ပြီးတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ဂျောင်ဝိုင်း ရွာမှာရှိတဲ့ ၂၈ ဧက နီးပါးကျယ်တဲ့ မြေကွက်ကိုလည်း လွန်းကျင်း လုပ်ဖို့ဆိုပြီး လွှဲယူသွားခဲ့ပါတယ်။
ဒီထက်မကဘဲ ရွာသာကြီး ဘက်စုံသုံး မွေးမြူရေး စခန်းကိုလည်း MICA ကပဲ လွှဲယူသွားခဲ့ပါတယ်။
ဒါတင်မရပ်သေးပဲ လှော်ကား မွေးမြူရေးခြံက မြေလွတ် ၆ ဧကကိုလည်း MICA ကပဲ ငှားတာမှန်းမသိ၊ ဘာမှန်းမသိနဲ့ ထပ်လွှဲယူ သွားခဲ့ပါသေးတယ်။
အဲ့ဒီလောက် များပြားတဲ့ နိုင်ငံတော်ပိုင်မြေကွက်၊ မွေးမြူရေးခြံ၊ စက်ရုံပေါင်း များစွာကို ဘာအဖိုး အစားနားမှ မဖော်ပြပဲ လွှဲယူခဲ့တဲ့ အတွက် ဦးအုန်းမြင့် ပါဝင်လုပ်ကိုင် နေတယ်ဆိုတဲ့ MICA ဟာ နိုင်ငံတော်ပိုင်လား၊ နိုင်ငံတော်နဲ့ ဖက်စပ်လား၊ လွတ်လပ်တဲ့ သီးသန့် အဖွဲ့အစည်းလား၊ နိုင်ငံတော်ဘဏ္ဍာနဲ့ မတည်ပြီး လုပ်တာလား၊ ဘယ်သူ့ငွေကြေးနဲ့ စိုက်ထုတ်လုပ်တာလဲ၊ ရတဲ့အကျိုးအမြတ်ကို နိုင်ငံတော်ကို ဘယ်လိုပေးသွင်းမှာလဲ၊ နိုင်ငံတော်ပိုင်တွေကို သုံးပြီး လုပ်တဲ့နေရာမှာ နိုင်ငံတော်ပိုင် မြေကွက် စက်ရုံတွေအတွက် ရသင့်ရထိုက်တဲ့ တန်ဖိုး နိုင်ငံတော်က ရမှာလား၊ အမြတ်ကို ဘယ်သူတွေ ခွဲဝေယူမှာလဲဆိုတာ ဦးအုန်းမြင့် ရှင်းလင်း ရပါမယ်။
ဦးအုန်းမြင့်ကတော့ သူ့ရဲ့ ပိုင်ဆိုင်မှု၊ သူ့မိသားစုတွေရဲ့ ပိုင်ဆိုင်မှု၊ လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ၀င်ငွေ၊ အခွန်ပေးဆောင်မှု စတာတွေကို တစ်ကြိမ်မှ ထုတ်ပြောထားတာ မရှိပါဘူး။ ဒါတွေကိုလည်း ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ အခုကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားရပါမယ်။
သေချာတာကတော့ ဦးအုန်းမြင့် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတော် စီမံကိန်း ရည်ရွယ်ချက်တွေ၊ သူရရှိနေတဲ့ အကျိုးအမြတ်၊ ပိုင်ဆိုင်မှုတွေဟာ မေးခွန်းထုတ်စရာအဖြစ် ရှိနေပါတယ်။ ဒါဟာ သူတစ်ဦးတည်းနဲ့ မသက်ဆိုင်ပါဘူး။
ရွေးကောက်ပွဲ ဥပဒေတွေ၊ တည်ဆဲ ဥပဒေတွေနဲ့ ပတ်သက်ရင် ဦးအုန်းမြင့် ဖြေရပါမယ်။ မိသားစု ပိုင်ဆိုင်မှု၊ ၀င်ငွေရလမ်း၊ အခွန်ပေးဆောင်မှု ငွေတွေနဲ့ ပတ်သက်ပြီး ဦးအုန်းမြင့် ဖြေစရာတွေ အများကြီး ရှိပါတယ်။ တစ်လ၀င်ငွေ သိန်း ၃၀ ပဲရှိတဲ့ ၀န်ကြီးတစ်ပါးက တစ်နှစ်တည်းနဲ့ ကျပ်ငွေ ဘီလျံ ၈၀၊ ၁၀၀ နီးပါး (အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော်) တန်ဖိုးရှိတဲ့ ကျောက်စိမ်းတွေကို ဘယ်လို တင်ပို့ရောင်းချ ခဲ့ပါသလဲ၊ ဦးအုန်းမြင့် မွေးဖွားခဲ့တဲ့ ဇာတိရွာက လူတွေရဲ့ နေထိုင်မှုနဲ့ အခုဦးအုန်းမြင့် မိသားစုရဲ့ နေထိုင်မှု၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှု၊ ချမ်းသာမှု အခြေအနေတွေနဲ့ ဦးအုန်းမြင့် ၀င်ပြိုင်မယ့် ကျောက်တန်း မဲဆန္ဒနယ်က ပြည်သူတွေရဲ့ လက်ရှိနေထိုင်နေရတဲ့ အခြေအနေ ဒါတွေကို နှိုင်းယှဉ် မေးခွန်း ထုတ်ရပါဦးမယ်။
ဦးအုန်းမြင့်မှ မဟုတ်ပါဘူး။ ဦးအုန်းမြင့်လိုပဲ ပိုင်ဆိုင်မှုတွေကို ချမပြဘဲ ရွေးကောက်ပွဲ ၀င်ကြမယ့် အစိုးရ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး တွေကိုလည်း ဒီအတိုင်းပဲ မေးရပါမယ်။
ရွေးကောက်ပွဲအပြီး ကာလတွေမှာလည်း မေးခွန်းတွေ ရှိပါသေးတယ်။ အဲဒီအချိန်ရောက်ရင် ထပ်မေးပါမယ်။
Writer:
နေထွန်းနိုင်
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။