ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင် တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းလက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားသည်။
“ဒီနေ့ နေ့လယ် ၁၁ နာရီကနေ အခုချိန် (မွန်းလွဲ ၁ နာရီ မိနစ် ၄၀) အထိ ဖြစ်နေတုန်းပဲ။ သူတို့ဘက်က လက်နက်ကြီး သုံးတယ်။ အခုချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ” ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင် တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းလက ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်မှ စတင်ကာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့ အခြေပြုထားသည့် တာဆမ်ပူ ကူးတို့ဆိပ်နှင့် ဗဟိုဌာနချုပ် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၉ ရက်အထိ တိုက်ပွဲပေါင်း ၃၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြ၀တီ သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင် တပ်ဖွဲ့ဘက်မှ သုံးဦး ကျဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
“ထိခိုက် ကျဆုံးတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆီမှာ အောက်တိုဘာ ၆ ရက် ကတည်းက ကျဆုံးတာ သုံးယောက်ရှိတယ်။ ဒဏ်ရာရတာကတော့ ၁၅ ယောက်ရှိတယ်” ဟု ဗိုလ်မှူးကြီး စိုင်းလက ပြောကြားသည်။
အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့က အစိုးရနှင့် လက်မှတ်ရေးထိုး ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှာ လက်မှတ်ရေးထိုးခြင်း မရှိသောကြောင့် အစိုးရ အနေဖြင့် NCA လက်မှတ်ရေးထိုးရန် စစ်ရေးအရ ဖိအားပေးသည့် အနေအထားမျိုး ဖြစ်နေကြောင်း ဗိုလ်မှူးကြီး စိုင်းလက ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် NCA လက်မှတ် ရေးထိုးခဲ့သည့် အခမ်းအနားတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးက “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို သဘောတူ လက်ခံသော်လည်း လတ်တလော ပါဝင် လက်မှတ်မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော် အနေနဲ့ အင်အားသုံးတဲ့ နည်းထက် ညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းကို အလေးထား တိုက်တွန်းလိုပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
ထိုသို့ အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ဒေသများသို့ စစ်ရေးအရ ဖိအားပေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင် တပ်ဖွဲ့တို့မှ ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
Writer:
ဆန်းမိုးထွန်း
http://news-eleven.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။