Miss Universe Myanmar 2015 သရဖူဆုရှင် မေဘရဏီသော်နှင့် တွေ့ဆုံခြင်း


ဓာတ်ပုံ - နစ်ကီ
မယ်စကြဝဠာ ၂၀၁၅ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်မည့်သူကို အောက်တိုဘာ ၃ ရက်က ရွေး ချယ်ခဲ့ရာ နိုင်ငံတကာအလှမယ် ပြိုင်ပွဲအတွေ့အကြုံရှိသူ မေဘရဏီသော် ရွေးချယ်ခံခဲ့ရသည်။ မယ်စကြဝဠာ မြန်မာ ၂၀၁၅ ဆုရရှိ ခဲ့သော   မေဘရဏီသော်သည် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံတွင် ပြုလုပ်သော Miss International ပြိုင်ပွဲ၌   မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖူးသောကြောင့် ကမ္ဘာ့အကြီးအကျယ်ဆုံး အလှမယ်ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် ပထမဆုံး မြန်မာအလှမယ်တစ်ဦးဖြစ်လာသည်။ ၎င်းကို ပြိုင်ပွဲအတွေ့အကြုံများအပါအဝင် နိုင်ငံတကာစင်မြင့်သို့     သွား ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါ သည်။


မယ်စကြဝဠာ မြန်မာ ၂၀၁၅ ဆု ရရှိတယ်လို့ ကြေညာတဲ့အချိန်မှာ မျက်ရည်တွေတောင်ကျခဲ့တာဆိုတော့ အဲဒီအချိန်က ခံစားချက်လေးပြောပြပေးပါလား။

ညီမပြိုင်ပွဲတွေ အများကြီး မပြိုင်ဖူးပေမယ့် အရင်တုန်းက ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေကို ပြန်ကြည့်ရင် အမြဲတမ်း ဒုတိယပဲရခဲ့တယ်။ အဲဒီတုန်းကတော့ အဲဒီလိုဝမ်းမနည်းခဲ့ဘူး။ ဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့ ကြိုးစားကြည့်မယ်ဆိုပြီး ပြိုင်ခဲ့တာ။ ပထမဆုရသွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံလည်းမယုံကြည်ဘူး။ ပျော်လည်းပျော်သွားပြီး မျက်ရည်တွေ ကျလာတာ။ နောက်ပြီး ဒီပြိုင်ပွဲပြီးရင်တော့ ပြိုင်ပွဲတွေ ထပ်မပြိုင် တော့ဘူးလို့ ဆုံးဖြတ်ထားလိုက် တာ။ ပထမရတာဆိုတော့ အရမ်းကိုပျော်သွားတာ။ ဆုရတဲ့ခံစားမှုကတော့ ဘာနဲ့မှမလဲနိုင်ပါဘူး။ အရမ်းလည်း ပျော်မိပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ညီမအနေနဲ့က ပြီးခဲ့တဲ့နှစ်ကလည်း BIG 4 ထဲက International ပြိုင်ပွဲကို နိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရတယ်။ ဒီနှစ်လည်း ထပ်ပြီးတော့ နိုင်ငံကိုယ်စားပြုအနေနဲ့ ထပ်ပြီးပြိုင်ရမှာဆိုတော့ အတိုင်းထက်အလွန်ပါပဲ။

နိုင်ငံကိုယ်စားပြုအနေနဲ့ အရင်တစ်ကြိမ်သွားပြိုင်ရတဲ့ ခံစားမှုနဲ့ ဒီတစ်ကြိမ်သွားပြိုင်ရမယ့် ခံစားမှု ကကော ဘယ်လိုကွာခြားမှုတွေရှိ လဲ။

ကွာဟမှုကတော့ ရှိပါတယ်။ အရင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားပြိုင်ခဲ့ရပေမယ့် ရှေ့ကလူတစ်ယောက်က သွားမပြိုင်နိုင်လို့ ကိုယ်သွားပြိုင်ခဲ့ရတာ။ အဲဒီတုန်းက ဒုတိယဦးစားပေးအနေနဲ့ပဲသွား ခဲ့ရတာ။ ဒီတစ်ခါကတော့ မဟုတ် ဘူး။ ကိုယ်ကိုယ်တိုင်သွားပြိုင်ဖို့အ တွက် သီးသန့်လွှတ်ပေးလိုက်တဲ့ပွဲ ဖြစ်တဲ့အတွက် အရမ်းပျော်ပါ တယ်။

နိုင်ငံတကာစင်မြင့်မှာ သွားရောက်ယှဉ်ပြိုင်ဖူးသူတစ်ယောက် အနေနဲ့ ပြည်တွင်းပြိုင်ပွဲတစ်ခုမှာ ပြန်ပြီးယှဉ်ပြိုင်ရတာက ဖိအားတွေများခဲ့လား။

ပိုပြီး ဖိအားများခဲ့ပါတယ်။ အရင်နှစ်တွေမှာ သွားပြိုင်ဖူးတဲ့ အလှမယ်တော်တော်များများက နောက်ပြိုင်ပွဲတွေကို ထပ်ပြိုင်လေ့မရှိဘူး။ အထူးသဖြင့် မြန်မာနိုင်ငံ ပေါ့။ မြန်မာနိုင်ငံမှာ အဲဒီလိုပြိုင်တာမရှိဘူး။ ညီမအနေနဲ့ ပထမဆုံးပြိုင်တာဆိုတော့ အရင်နှစ်မှာ ပြိုင်တယ်။ ဒီနှစ်ထပ်ပြိုင်ဖို့ တော် တော်စဉ်းစားခဲ့ရတယ်။ ကိုယ့်အ တွက်လည်း တကယ့်ကို စွန့်စားပြီး ပြိုင်ခဲ့ရတာပါ။

နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရှိခဲ့တာကကော ဒီပြိုင်ပွဲကြီးအတွက်ဆုရဖို့တွန်းအားတစ်ခုလို့ ယုံကြည်ခဲ့လား။

ပိုပြီး တွန်းအားဖြစ်ခဲ့တာ ပေါ့။ ပိုပြီး တာဝန်ကြီးတယ်လို့ထင် တယ်။ ဟိုသွားတဲ့အချိန်မှာလည်း အများကြီးသင်ယူခဲ့ရတယ်။ လေ့လာခဲ့ရတယ်။ သူတို့ဆီက အတွေ့အကြုံကောင်းတွေကို ဒီမှာလည်း လက်တွေ့အသုံးချနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ဒီပြိုင်ပွဲကြီးတစ်လျှောက်လုံးမှာ ရင်အခုန်ရဆုံးအချိန်က ဘယ် အချိန်ဖြစ်မလဲ။

အဓိက ရင်ခုန်ရတဲ့အချိန်က တော့ Top 10 ခေါ်တဲ့အချိန်ပေါ့။ အဲဒီမှာ မျက်နှာတောင်နည်းနည်း ပျက်သွားတယ်။ ညီမတို့ Activities တွေလုပ်တုန်းက အစိမ်းအသင်းဆိုပြီးတော့ အဖွဲ့တစ်ဖွဲ့ရှိ တယ်။ ခါးနံပါတ် (၆)ကနေ(၁၀) အထိ ငါးယောက်။ အဲဒီမှာ တခြား နံပါတ်တွေ အခေါ်ခံရပြီးတဲ့အချိန်မှာ ညီမတစ်ယောက်ပဲကျန်ခဲ့တာ ဆိုတော့ ဒုက္ခပဲ။ အခေါ်မခံရတော့ဘူးထင်တယ်ဆိုပြီး အရမ်းစိတ်ပူသွားတယ်။ စိတ်မကောင်းလည်း ဖြစ်သွားတယ်။ အဲဒီအချိန်က ညီမအတွက် ရင်အခုန်ရဆုံး အချိန်ပါ ပဲ။ ကျန်တဲ့အချိန်တွေကတော့ အဲဒီလောက်ရင်မခုန်ဘူး။

ဆုမကြေညာခင် Top 2 နှစ်ယောက်ရွေးပြီးတဲ့အချိန်မှာ ချိုချိုထွန်းနဲ့ လက်တွဲထားပြီး တစ်ယောက်တစ်ပြန် စကားတွေပြော နေကြတာတွေ့ရတယ်။ အဲဒီ အချိန်က ပြောခဲ့တာလေးတွေ မှတ်မိရင် ပြန်ပြောပြပေးပါလား။

တစ်ယောက်နဲ့တစ်ယောက်က သူရမယ်၊ ကိုယ်ရမယ်လို့ပြော နေကြတာ။ ဆုမကြေညာခင် အချိန်မှာ သူကလည်း ညီမရမယ်၊ ညီမကလည်း သူရမယ်ပေါ့။ ဘာ ဖြစ်လို့လဲဆိုတော့ သူက ပေါ်ပြူလာဆုပါရထားတာလေ။ ကိုယ်က တိုင်တည်ဆုတစ်ဆုမှမရတော့ သူက ပိုပြီး Chance ပိုများတယ် လေ။ နောက်ပြီး သူက ပရိသတ် ပိုပြီးချစ်တယ်။ အဲဒီတော့ သူဖြစ်ဖို့များတယ်လို့ပဲထင်တာ။

ပရိသတ်တွေကို ဆုမရတဲ့သူတွေကိုလည်း အားပေးစေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးတာ ဆိုတော့ ကျန်တဲ့သူငယ်ချင်းတွေ အတွက် ကိုယ်တိုင်ကော ဘယ်လို နှစ်သိမ့်စကားမျိုး ပြောပြချင်လဲ။

သူတို့အတွက်လည်း စိတ်မကောင်းပါဘူး။ ဒီလိုစင်ပေါ်တက်ရောက်ဖို့ ထရိန်နင်တွေ အများကြီးလုပ်ခဲ့ရတယ်။ အရမ်းလည်း ပင်ပန်းခဲ့တယ်။ အချိန်တွေလည်း အများကြီးပေးခဲ့ရတယ်။ သူတို့မရ တဲ့အတွက်လည်း ကိုယ်ချင်းစာမိ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုက ညီမဘဝမှာ ပထမဆုံးရတဲ့ ပထမဆုပါ။

ဒီနှစ်ပြိုင်ပွဲမှာ အမြင့်ဆုံးဆုတွေကို ရန်ကုန်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ အတွေ့အကြုံရှိတဲ့သူတွေပဲ ဆုရသွားတယ်။ အဲဒါကြောင့် နယ်မြို့ တွေက လာပြိုင်သူတွေအတွက် အခွင့်အရေးမရှိဘူးလို့ မြင်သွားတဲ့သူတွေလည်းရှိတော့ နောင်နှစ် တွေမှာ လာပြိုင်မယ့်သူတွေအ တွက် အားပေးစကားလေးပြော ပေးပါဦး။

ရန်ကုန်ကလူတွေက အတွေ့ အကြုံရှိတာတော့ ဟုတ်ပါတယ်။ဒါပေမဲ့ အတွေ့အကြုံရှိတိုင်းလည်း  ဆုရတာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုပိုင်းလည်း လိုအပ်ပါတယ်။ ဒီပြိုင်ပွဲမှာ 1st Runner Up နဲ့ 2nd Runner Up ဆုရသွားတဲ့သူတွေဆိုရင် အတွေ့ အကြုံနည်းသေးပေမယ့် ကျန်တဲ့ ရန်ကုန်သူတွေကိုဖြတ်ပြီး ဒီနေရာကိုရခဲ့သေးတာပဲ။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံဆိုပြီး ကြောက်နေ မယ့်အစား ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးကြိုးစားရမယ်ဆိုတဲ့ စိတ်ထားသင့်တယ်လို့ထင်တယ်။ ညီမတို့ ပြိုင်ပွဲစပြိုင်တဲ့အချိန်တုန်း ကလည်း ကိုယ့်ထက် အရမ်းတော် တဲ့ စီနီယာတွေနဲ့ ပြိုင်ခဲ့ရတာပဲ။ ခဏ ခဏ ကျရှုံးခဲ့တဲ့အချိန်တွေ လည်း ရှိခဲ့ပါတယ်။ အဲဒီလို အချိန် တွေကနေ ကိုယ့်ဟာကိုယ် လေ့လာသင်ယူပြီး ဒီလိုနေရာကို ရောက်အောင် ကြိုးစားခဲ့ရတာပါ။

ပြိုင်ပွဲတိုင်းမှာတော့ ဝေဖန်မှုတွေ ရှိတယ်။ ပရိသတ်တွေထဲမှာ သူတို့အားပေးတဲ့သူ မရလို့ မေဘရဏီသော်ကိုလည်း အားမပေးဘူးဆိုတဲ့သူတွေရှိတော့ အဲဒီလူတွေကိုကော ဘာပြောချင်ပါသလဲ။

ညီမအနေနဲ့ကတော့ အဲဒီလို အပြောခံရတာက ရိုးနေပါပြီ။ အင်တာနေရှင်နယ်တုန်းကလည်း ဒီလို မျိုးတွေ တွေ့ခဲ့ရတယ်။ ညီမရဲ့ စိတ်ထဲမှာတော့ ဘယ်လိုမှမနေ တော့ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ ပြောတာတွေက ညီမကို ထိခိုက် စေချင်တာမဟုတ်ဘူး။ အဲဒါ ကြောင့် ကိုယ့်ဘက်က လိပ်ပြာလုံပါတယ်။ ညီမကတော့ ကိုယ်လုပ်သင့်တဲ့အလုပ်တွေကို လုပ်သွား မှာပါ။

နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ သွားပြိုင်ဖို့အတွက် ဘာတွေထပ်ပြင် ဆင်သွားဖို့ရှိမလဲ။ အဲဒီပြိုင်ပွဲကြီး အတွက် ကိုယ့်ကိုယ်ကိုယ် ဘယ် လို လိုအပ်ချက်တွေ ရှိနေတယ်လို့ သုံးသပ်မိလဲ။

ပြိုင်ပွဲက ဒီဇင်ဘာလ လောက်မှာ လုပ်မယ်လို့ သိရပါ တယ်။ အရမ်းနီးနေပြီဆိုတော့ တော်တော်တော့ စိတ်ပူရပါတယ်။ ညီမမှာ အချိန်လည်း အများကြီးမရတော့ဘူးဆိုတော့ အတတ်နိုင် ဆုံး ကြိုးစားရမှာပါ။ ကိုယ့်ရှေ့က အလှမယ်တွေဆီကလည်း ပြန်ပြီးသင်ယူလေ့လာစရာတွေ အများ ကြီးရှိပါတယ်။ ပြိုင်ပွဲမှာက ငယ်ငယ်ကတည်းက လေ့ကျင့်ပေး ထားတဲ့သူတွေနဲ့ ပြိုင်ရမှာဆိုတော့ ပြင်ဆင်ရမှာကတော့ အများကြီး ပါပဲ။ အဓိကကတော့ Body ပိုင်းကို ပိုပြီး ကျစ်လျစ်အောင် လုပ်ရမယ် လို့ ထင်တယ်။ နောက်ပြီး သွားကို နည်းနည်းပြန်ပြုပြင်ချင်ပါတယ်။ ညီမသွားက တခြားလူတွေနဲ့ယှဉ် ရင်သေးတယ်။ အဲဒီတော့ ရယ် ရင်ကြိုးစားပြီး ရယ်ရတယ်။ တချို့ တွေဆိုရင် ညီမရယ်တာကို လုပ် ရယ်တယ်လို့တောင် ပြောကြတဲ့ သူတွေ ရှိတယ်ဆိုတော့ အဲဒီ အပိုင်းလေးကိုတော့ ပြင်ရဦးမှာ ပေါ့။ ကိုယ်က စိတ်ထဲက လှိုက် လှိုက်လှဲလှဲရယ်ပေမယ့်လည်း လုပ်ရယ်တယ်လို့ထင်ကြတော့ ညီမလည်း မတတ်နိုင်ဘူး။ ကိုယ့် သွားကိုပဲ ပြန်ပြင်ရတော့မယ့်ကိန်း ပဲရှိတော့တယ်။

အရင်က ပရဟိတတွေလည်း လုပ်တာဆိုတော့ ဆုရတဲ့ငွေထဲက နေ လက်ရှိကြုံနေရတဲ့ ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ကော လှူဒါန်းသွားဖို့ အစီအစဉ် ရှိလား။

ညီမအနေနဲ့ အလှူငွေလှူ သွားဖို့ရှိပါတယ်။ နောက်ပြီးတော့ ပြန်လည်ထူထောင်ရေးပိုင်းနဲ့ သဘောဝဘေးအန္တရာယ်တွေဖြစ် လာရင် ဘယ်လိုပြင်ဆင်ရမလဲဆို တဲ့ ကြိုတင်ပြင်ဆင်မှုပိုင်းတွေမှာ လည်း ပါဝင်လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။