ဆီးရီးယား သူပုန်တပ်များကို ချိန်ရွယ်ပြီး ရုရှားရေတပ်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်များသည် အီရန် ပိုင်နက်ထဲ ကျရောက် ပေါက်ကွဲခဲ့ကြောင်း အမေရိကန်စစ်ဘက် အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။
ရုရှားနှင့် အီရန်တို့သည် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆက်ဒ်ကို ထောက်ပံ့ရပ်တည်ပြီး သူပုန်တပ်များကို တိုက်ခိုက်လျက် ရှိသည်။ ရုရှားသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ အပါအဝင် ဆီးရီးယား သူပုန်များကို လေကြောင်းနှင့် ပင်လယ်ဘက်မှ တိုက်ခိုက်လျက် ရှိသည်။
အောက်တိုဘာ ၇ ရက်က ကက်စ်ပီယန် ပင်လယ်ထဲတွင် နေရာယူထားသည့် ရုရှား စစ်သင်္ဘောများသည် တာဝေးပစ် ဒုံးကျည်များဖြင့် ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို ပစ်ခတ်ခဲ့သော်လည်း ဒုံးကျည်လေးစင်းမှာ အီရန်ပိုင်နက်ဘက် ကျရောက်ခဲ့ခြင်းဟု အမည်မဖော်လိုသူ အမေရိကန် စစ်အရာရှိ တစ်ဦးက ဆိုသည်။ သို့သော်လည်း ဒုံးကျည်များကြောင့် မည်သည့် အတိုင်းအတာထိ ထိခိုက် ပျက်စီးမှု ရှိခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိသေးဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်တွင် ဆီးရီးယား မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ အိုင်အက်စ်တို့၏ စစ်ရေးပစ်မှတ် ၁၁ ခုကို ဒုံးကျည် ၂၆ စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြေညာသည်။ နောက်တစ်ရက်တွင် ရုရှားစစ်တပ်က အဆိုပါ ဒုံးကျည် တိုက်ခိုက်မှုအားလုံး ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်ခဲ့ကြောင်း ထပ်မံ အတည်ပြုခဲ့သည်။
ရုရှားရေတပ်သည် ကီလိုမီတာ ၁၅၀၀ ကျော် အကွာအဝေးမှ စစ်ရေးပစ်မှတ်များကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ရုရှားသည် လေတပ်မှ ဗုံးကြဲသည့် စစ်ဆင်ရေးများကိုလည်း အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၈ ရက် တစ်နေ့တည်းတွင်ပင် လေတပ်က ပစ်မှတ် ၂၇ ခုကို ချေမှုန်းနိုင်ခဲ့ကြောင်း ကြေညာထားသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။