ဖားကန့်၌ တပ်မတော်နှင့် KIA တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား

ဖားကန့်, တပ်မတော်, KIA
ကချင်ရှေ့တန်း စစ်မျက်နှာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သားတဦး (ဓာတ်ပုံ – စနေလင်း / ဧရာဝတီ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း၌ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)တို့ကြား ယနေ့ တိုက်ပွဲ ပြင်းထန် စွာ ဖြစ်ပွားကြောင်း သိရသည်။

အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် မထိုးသေးရန် ဆုံးဖြတ်ထားသည့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၆) တပ်ဖွဲ့များနှင့် အစိုးရ တပ်မတော်၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၇ လက်အောက်ခံ ခြေ မြန် တပ်ရင်း(ခမရ) ၃၃၆ တပ်ရင်းတို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆိုင်းက ဧရာဝတီ ကို ပြောပြသည်။

တိုက်ပွဲသည် ယနေ့ နံနက် ၇ နာရီမှ စတင်၍ ညနေ ၄ နာရီအထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း KIA ဘက်က ပြောသည်။

ဗိုလ်မှူး တန်ဆိုင်းက“စစ်တပ်က နယ်မြေကျော်ပြီး ဝင်တိုက်ရာကနေ တိုက်ပွဲစဖြစ်တာပါ။ သူတို့က မနေ့ညကတည်းက အင်အား ဖြည့်တင်းပြီးမှ နေရာ ယူထားတယ်။ ကျနော်တို့ကလည်း ရွာလူကြီးတွေကို ခေါ်ပြီးမှ ဘာဖြစ်ဖြစ် ဒီဘက်ကို နယ်မကျွံလာဖို့ တိုက်ပွဲ မဖြစ်စေဖို့ ကြိုပြောထားတာပေါ့။ ဒါပေမယ့် သူတို့က ဒီမနက် ၇ နာရီခွဲလောက်ကစပြီး ၆၀၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အရင် ပစ်ကူပြီး စတက်လာတယ်။ အဲဒီကနေ တိုက်ပွဲစဖြစ်တာ”ဟု ပြောဆိုသည်။

နှစ်ဘက် တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာနှင့် ပတ်သက်၍ အတည် မပြုနိုင်သေးကြောင်း၊ သို့သော်လည်း ကျေးရွာ တရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ လူထိခိုက် သေဆုံးမှု မရှိသော်လည်း စိုးရိမ်ထိတ်လန့်နေသည့် ရွာခံများ ထွက်ပြေးကြသကဲ့သို့ ၎င်းတို့ထံ၌လည်း ၃၀ ခန့် လာရောက် ခိုလှုံနေကြောင်း ဗိုလ်မှူး တန်ဆိုင်းက ဆက်ပြောသည်။

ယင်းတိုက်ပွဲနှင့်ပတ်သက်၍ တပ်မတော်ဘက်က အတည်ပြုချက် မရရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားမှု မှန်ကန်ကြောင်း၊ သို့သော် ၎င်းတို့နယ်မြေ မဟုတ်သဖြင့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိကြောင်း ဖားကန့်မြို့နယ် ရဲစခန်းက အတည်ပြုသည်။

ဖားကန့်မြို့ ရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် သက်ဇော်ဦးက“တိုက်ပွဲဖြစ်တဲ့ အသံတွေကတော့ ကြားနေရပါတယ်။ ဒါပေမယ့် အဲဒါက ကျနော်တို့ နယ်မြေ မဟုတ်ဘူး။ လုံးခင်းဘက်ဖြစ်တော့ ကျနော်တို့အနေနဲ့ အသေးစိတ်သေသေချာချာ မပြောနိုင်ပါဘူး”ဟု ပြောသည်။

ယနေ့ နံနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲကြောင့် ဖားကန့်မြို့ပေါ်သို့ ဒေသခံတချို့ ထွက်ပြေး တိမ်းရှောင် လာသည် ကို တွေ့နေရသည်ဟု ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်နယ် အမှတ် (၂) မဲဆန္ဒနယ် ကိုယ်စားလှယ် လောင်း ဦးဒါချီလဆိုင်းကလည်း ပြောပြသည်။

“မနက်ကတည်းက ဖြစ်တာက နှစ်နေရာတောင် ဖြစ်တယ်။ နန့်စမ်းချောင်းဖျား ရွာနားမှာရယ်၊ နောက် ဂျာရားယန် ရွာနားမှာရယ် ဖြစ် တယ်။ တိုက်ပွဲဖြစ်တော့ အဲဒီနားကရွာက ခြံအလုပ်သမားတွေက ပြေးလာကြတာပေါ့”ဟု ဦးဒါချီလဆိုင်းက ပြောသည်။

ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲများ မဖြစ်ပွားစေရန် အတတ်နိုင်ဆုံး ရှောင်ရှားကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် က ညွှန်ကြားထားကြောင်း၊ သို့သော်လည်း ယနေ့ဖြစ်ပွားခဲ့သည့် အခြေအနေသည် ရှောင်လွဲမရသည့် အခြေအနေသို့ ရောက်ရှိလာ သဖြင့် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်မှူး တန်ဆိုင်းက ပြောဆိုသည်။

“ရွေးကောက်ပွဲ နီးလာပြီဆိုတော့ ကျနော်တို့ကို မြို့၊ ရွာထဲမှာတောင် မဝင်ခိုင်းဘူး။ အများသူငါ သွားနေတဲ့ လမ်းတွေပေါ်လည်း မတက်ဖို့ ဗဟိုက ညွှန်ကြားထားတယ်ခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ KIA ကြောင့် ရွေးကောက်ပွဲ အဆင်မပြေ ဖြစ်ရ တယ်ဆိုပြီးတော့မှ နိုင်ငံတကာက ပြစ်တင်ဝေဖန်ခံရမှာ စိုးတဲ့အတွက် ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်း နေတာဖြစ်တယ်”ဟု လည်း ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်အတွင်း၌ တပ်မတော်နှင့် KIA တို့အကြား ယခုနှစ် ဇွန်လပိုင်းကလည်း ၃ ရက် ဆက် တိုက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၀၀ ကျော် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသေး သည်။

ယခုရက်ပိုင်းတွင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မပြုလုပ်သေးရန် ဆုံးဖြတ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ယမန်နေ့က ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ဝမ်ဟိုင်း ဌာနချုပ်အနီး တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။