ကာချုပ်စီးနင်းလာသည့် ရဟတ်ယာဉ် သေနတ်ဖြင့်အပစ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၇ ။ ။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်ပါစီးနင်းလာသည့် ရဟတ်ယာဉ်ကို အောက်တိုဘာ ၆ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ကရင်နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

"ခွေးသေနဲ့ တောင်သုံးလုံးကြား တောင်ပေါ်ကနေသေနတ်နဲ့ပစ်တာ။ ၂ချက် ၃ချက်ပါပဲ။ ဒါကလည်းလုပ်နေကြ ပုံစံ အတိုင်းပဲ၊ ရှေ့တန်းက စစ်သားတွေက သတင်းမရတဲ့အခါ ဖြစ်တတ်တယ်။ သေချာရည်ရွယ်ချက်ရှိရှိလုပ်တဲ့ ပုံတော့ မဟုတ်ပါဘူး။" ဟု ယင်းဗိုလ်မှူးအဆင့်ရှိသူက ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မော်လမြိုင်မှ ဖာပွန်တပ်နယ်ရှိ တပ်မိသားစုများနှင့် တွေ့ဆုံရန် အောက်တိုဘာ ၆ရက်နေ့ ရဟတ်ယာဉ်ဖြင့်အသွား နံနက် ၉ နာရီကျော်ဝန်းကျင်၊ ဖာပွန်မြို့နယ်အတွင်းရှိ ခွေးသေနှင့် တောင်သုံးလုံးလမ်းပိုင်း၊ တောင်သုံးလုံးတောင်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟုပြောသည်။

"တပ်ချုပ်က လေယာဉ်နဲ့သွားတာကိုး၊ လေယာဉ်ကို လက်နက်ငယ်နဲ့ လှမ်းပစ်တယ်လို့ပြောတယ်။ ခွေးသေနဲ့ တောင်သုံးလုံးကြားမှာ။ ဖာပွန်မြို့နယ်ထဲမှာ၊ ဖာပွန်ကားလမ်းအပေါ်စီးကနေပြီး ဟက်စကီးက မောင်းသွားတာပေါ့။

နံနက်ပိုင်း သူငယ်ချင်းတစ်ယောက်က ဖုန်းနဲ့လှမ်းပြောလို့ တပ်ချုပ်လမ်းကြောင်းမှာ လုံခြုံရေးပစ်ခတ်တာဟုတ်လားလို့၊ မြ၀တီကနေ ကျွန်တော့်တပ်ကို ဖုန်းနဲ့မေးတုန်းက မရဘူး။ (တပ်သို့) ပြန်ရောက်တော့မှ ကျွန်တော့် တပ်နယ်မှုးနဲ့ တွေ့တော့ မေးကြည့်မှ ပစ်ခတ်မှုနည်းနည်းဖြစ်တယ်လို့ ပြောတယ်။ တောင်သုံးလုံးပေါ်က လှမ်းပစ်တာ တစ်ချက် နှစ်ချက်ပါပဲတဲ့။ ထိခိုက်မှုတော့ မရှိဘူးလို့သိရတာ။" ဟု ယင်းဗိုလ်မှူးအဆင့်ရှိသူကပြောသည်။

မည်သူက ပစ်ခတ်ခဲ့သည်ကိုမူ ကရင်နယ်ခြားစောင့်တပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ကရင်နယ်ခြား စောင့်တပ် ပြောခွင့်ရသူ အဆိုပါဗိုလ်မှူးကပြောသည်။

ဖာပွန်ခရိုင်အတွင်းဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး KNU တွဲဖက်အတွင်းရေးမှူး ပဒိုမန်းမန်းကို ဆက်သွယ် မေးမြန်းရာ "လက်နက်ကြီးကျတယ်၊ အပစ်ခံရတယ်လို့တော့ မကြားဘူး။ ကားတန်းတက်တယ်လို့ပဲ သိရတယ်။ အဲဒါကိုလည်းပြန်မေးပါဦးမယ်။" ဟု မဇ္ဈိမကိုပြောသည်။

အောက်တိုဘာလဆန်းကလည်း ဖာပွန်ခရိုင်၊ ကမောင်းမြို့ ယွန်းစလင်းမြစ်အရှေ့ခြမ်းရှိ ရွှေဖလားကျရွာ၊ ဟတ်ကြီးရွာ၊ မြင်းတစ်ပြေးရွာ၊ ပိုင်လာရွာ၊ သောလယ်ထရွာ တို့တွင် နယ်မြေတည်ငြိမ်မှုမရှိသဖြင့် အိမ်ထောင်စု ၂၀၀ မှ လူဦးရေ ၁၃၀၀ ကျော်ကို မြိုင်ကြီးငူဒေသသို့ပြောင်းရွှေ့ တိမ်းရှောင်နေကြရသူများကို ပြည်နယ်ခေတ္တ၀န်ကြီးချုပ်နှင့် လုံ/နယ်ဝန်ကြီးတို့ သွားရောက်အားပေးခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာ၌ အောက်တိုဘာ ၆ရက်တွင် ဖော်ပြထားသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့သည် အောက်တိုဘာ ၁၅ ရက်၊ နေပြည်တော်တွင် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရန်ရှိနေသည်။ ယင်း ၇ ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) တို့လည်းပါဝင်သည်။

အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးနိုင်ရေးတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အဖွဲ့အားလုံးပါဝင်ရေးအပေါ် သဘောထားကွဲလွဲမှုများ ရှိနေသည်။

http://mizzimaburmese.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။