ကချင်ပြည်နယ် ကြိုးပြင် ကာကွယ်တောအတွင်း တရားမ၀င် ခုတ်လှဲထားသော သစ်လုံးရေ ၂၀၀၀ ကျော် ဖမ်းဆီးရမိ


ယခုနှစ် ဇန်န၀ါရီလ အတွင်းက တရုတ် သစ်ခိုးထုတ် ဂိုဏ်းထံမှ ဖမ်းဆီး ရမိသည့်သစ်များအား ကချင်ပြည်နယ် အတွင်း၌ တွေ့ရစဉ်

ကချင်ပြည်နယ် စင်းခန်းဘိနယ် (၂)ကြိုးပြင် ကာကွယ်တောအတွင်း တရားမ၀င် ခုတ်လှဲ ခံထားရသော သစ်လုံးရေ ၂၀၀၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

တိုင်ကြားချက်အရ သစ်တောဦးစီးဌာနမှ စင်းခန်းဘိနယ် (၂) ကြိုပြင်တောအတွင်း စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ နယ်မြေ ရှင်းလင်းရေး စီမံချက်ဖြင့် ရှာဖွေခဲ့ရာ တရားမ၀င်ခုတ်လှဲ ပိုင်းဖြတ် ထားသော သစ်လုံးရေ ၂၂၀၆ လုံးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“အခု သစ်ခိုးထုတ်ဂိုဏ်းမှာ ပြည်ပနိုင်ငံသားတွေ မပါဘူး။ ကျွန်တော်တို့ကို သတင်း ပေးပို့ချက်အရ ၀င်ရောက် ဖမ်းဆီးနိုင်ခဲ့တာပါ”ဟု သစ်တော ဦးစီးဌာန စစ်ဆေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ပြောကြား သည်။

ခုတ်လှဲခံထားရသော သစ်များတွင် ကျွန်း၊ ကညင်၊ စကားဝါများ ပါဝင်ပြီး တန်ချိန် ၁၀၀၀ ကျော်ရှိကြောင်း၊ သစ်များကို မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းရန် စီစဉ်နေကြောင်း ထုတ်ပြန်ထားသည်။

ဧက သုံးသန်း ကျော်ရှိသည့် ကြိုပြင် ကာကွယ်တော အများဆုံး ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်ခံရမှုမှာ သစ်တော ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ၀န်ထမ်း အလုံအလောက် မရှိခြင်းနှင့် တရားဥပဒေ စိုးမိုးမှု မရှိသည့် ဒေသများစွာ ရှိနေခြင်းကြောင့် သစ်ခိုးထုတ်ခံရမှု အများအပြား ဖြစ်ပေါ်နေခြင်းဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက သုံးသပ်ထားသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အေဂျင်စီ EIA၏ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ သစ်ခိုးထုတ်မှုကြောင့် ကချင်ပြည်နယ်ဘက်တွင် သစ်တောများ ကုန်သလောက် ဖြစ်နေကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင်လည်း တရုတ်နိုင်ငံဘက်မှ သစ်ခိုးထုတ်မှုများကို ယခင်နှစ် ကာလများကတည်းက ခိုးထုတ်မှုများ ရှိနေပြီး သစ်တောများ ပြုန်းတီးသွားရန် အကြီးအကျယ် ခြိမ်းခြောက် ခံနေရကြောင်း သိရသည်။

ယခုနှစ် နှစ်စပိုင်းတွင် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အတွင်း သစ်ခိုး ထုတ်လျက်ရှိသည့် တရုတ် သစ်ခိုးထုတ်ဂိုဏ်းကို တပ်မတော် စစ်ကြောင်းဖြင့် ဖမ်းဆီးရမိခဲ့ပြီး သစ်အလုံးရေ ၁၀၀၀၀ ကျော်   ခုတ်လှဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ (အပက-၃)ဖြင့်  ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းဖြင့် တရုတ် သစ်ခိုးထုတ်ဂိုဏ်းကို အမိန့်ချမှတ်ခဲ့သော်လည်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်တွင် ရှစ်ရက်သာနေရပြီး လွတ်မြောက်ခဲ့သဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း သစ်ခိုးထုတ်မှုများမှာ မြင့်တက်လာခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၀၃၂၇ ၊၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၁၅၇၁၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၄၅၄၆၅ နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၁၇၂၅ အထိ ဖမ်းဆီးရမိခဲ့သည်။

အစိုးရ အဖွဲ့အစည်းများ၏ အကျင့်ပျက်ခြစားမှုများနှင့် တရုတ် အာဏာပိုင်များ၏ ပူးပေါင်း တားဆီးမှု မရှိခြင်းကြောင်း သစ်ခိုးထုတ်မှုများမှာ အဆမတန် ဖြစ်ပွား လာခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားထားသည်။

Writer:
အောင်ရဲကို

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။