Facebook တွင် တပ်မတော်ကို လှောင်ပြောင်ခဲ့မှုအတွက် ဖမ်းဆီး ထိန်းသိမ်းခံရသူနှစ်ဦးကို ချက်ချင်း လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်းဆို


ထိန်းသိမ်းခံရသူနှစ်ဦးကို ချက်ချင်း လွှတ်ပေးရန် Amnesty International အဖွဲ့၏ တောင်းဆိုချက် ထုတ်ပြန်စာ

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က Facebook ၌ တပ်မတော်ကို လှောင်ပြောင်ခဲ့သည့် အတွက် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ နှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် အောက်တိုဘာ ၁၅ ရက် က ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းတွင် မြန်မာအာဏာပိုင်များ အနေဖြင့် တပ်မတော် အကြီးအကဲကို Facebook တွင် လှောင်ပြောင်ခဲ့သည့် အတွက် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသော ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူတစ်ဦးနှင့် အမျိုးသမီးငယ် တစ်ဦးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမည်ဟု Amnesty International  က တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်သော ပက်ထရစ်ခွန်ဂျာလီ (၄၃ နှစ်)သည် အောက်တိုဘာ ၁၄ ရက် ညနေက ရန်ကုန်မြို့ရှိ သူ၏နေအိမ်၌ ဖမ်းဆီးခံခဲ့ရသည်။ သူ့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံတစ်ပုံကို ခြေဖြင့်နင်းနေသည့် ပုံအား Facebook တွင် တင်ခဲ့သည့်အတွက် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ သူ၏ ဖုန်းနှင့် ကွန်ပျူတာကို သိမ်းဆည်းခဲ့ပြီး တင်ထားသည့်ပို့စ်ကိုလည်း ဖျက်ပစ်ခဲ့သည်။ ယခုလက်ရှိတွင် ရန်ကုန်မြို့ရှိ ရဲစခန်းတစ်ခု၌ ဖမ်းဆီး ထိန်းသိမ်းထားပြီး ယင်းမတိုင်မီ ရက်အနည်းငယ်က အမျိုးသမီးငယ် တစ်ဦးဖြစ်သော မချောစန္ဒီထွန်းကို စစ်တပ်အား လှောင်ပြောင်သည့် ပို့စ်တစ်ခုအတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့အတွက် AI က အာဏာပိုင်များ၏ ဖိနှိပ်မှုသည် ဒစ်ဂျစ်တယ် ရပ်ဝန်းထဲအထိ ရောက်ရှိလာသည့်အတွက် အလွန်အမင်း စိုးရိမ်မိကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ခုခံကာကွယ်သူများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများသည် အချက်အလက်များကို ဖြန့်ဝေရန်နှင့် ဆက်သွယ်ရန် Facebook ကို ပုံမှန် မှီခိုနေရကြောင်း ပြောကြားထားသည်။

AI အဖွဲ့မှ မြန်မာရေးရာ သုတေသနပြုသူ လော်ရာဟိုင်းက “ထိခိုက်စေတဲ့ Facebook ပို့စ်ကလွဲပြီး ဘာမှမလုပ်တဲ့ တစ်စုံတစ်ဦးအား နှစ်နဲ့ချီတဲ့ ထောင်ဒဏ်တွေကို ရင်ဆိုင်ရမယ်ဆိုတာ တွေးကြည့်ရင် သိပ်ကို ရိုင်းစိုင်းပါတယ်။ သူတို့ နှစ်ဦးစလုံးကို ချက်ချင်း လွှတ်ပေးရမှာဖြစ်ပြီး သူတို့နဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုတွေကို ရုပ်သိမ်းရပါမယ်။ မြန်မာနိုင်ငံမှာ အရေအတွက် တိုးပွားလာနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ သူတွေထဲကို သူတို့ပါဝင်သွားလိမ့်မယ်” ဟု ပြောကြားထားသည်။

“မြန်မာအာဏာပိုင်တွေဟာ ဝေဖန်မှု ဒါမှမဟုတ် လှောင်ပြောင်မှုတွေအပေါ် အန္တရာယ်ကြီးလောက်အောင် ဆတ်ဆတ်ထိမခံဖြစ်ပြီး လက်တုံ့ပြန်တတ်တာကို ထပ်ပြီးပြလိုက်တာပါပဲ။ သူတို့အနေနဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အချိုးအကွေ့ တစ်ခုကို ပြောင်းသွားပြီဆိုတာ အခိုင်အမာ ပြရမယ်။ ဒါပေမဲ့ ဒါဟာ အခုထိတော့ တူညီတဲ့ ဖိနှိပ်မှု ကျင့်စဉ်တွေကိုပဲ ဆက်ပြီးလုပ်နေတယ်လို့ နောက်ထပ် ကြောက်မက်ဖွယ် သတိပေးမှုပါပဲ” ဟု လော်ရာဟိုင်းက ပြောကြားခဲ့သည်။

AI က ယခုအထိ သတိပြုမိသမျှထဲတွင် ယခုနှစ်ဦး၏ အမှုသည် လူမှုရေးမီဒီယာတွင် ပို့စ်တင်သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရသည့် ပထမဆုံး အမှုများဖြစ်သည်ဟု ဆိုသည်။ ယခုနှစ် အစောပိုင်းက ဓာတ်ပုံဆရာတစ်ဦးကို တပ်မတော်ကို လှောင်ပြောင်သည့် ပုံတစ်ပုံတင်ခဲ့သောကြောင့် ဖမ်းဆီး စစ်ဆေးခဲ့သေး သော်လည်း တရားစွဲဆိုခြင်း မရှိဘဲ ပြန်လွှတ်ပေးခဲ့သည်။

AI က ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ပေါင်း ၉၃ ဦးထက် မနည်းရှိသည်ဟု ယုံကြည်ပြီး ၎င်းတို့အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ကြေညာချက်၌ တောင်းဆိုထားသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။