အစိုးရအနေဖြင့် ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားလျှင် ရှမ်းပြည်နယ်အတွင်းရှိ အပစ်ရပ် ဒေသများသို့ ထိုးစစ်ဝင်ရောက်ခြင်း ရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်း ၁၈ ဖွဲ့ ကြေညာချက် ထုတ်ပြန်

အစိုးရအနေဖြင့် ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားလျှင် ရှမ်းပြည်နယ်အတွင်းရှိ အပစ်ရပ် ဒေသများသို့ ထိုးစစ်ဝင်ရောက်ခြင်း ရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်း ၁၈ ဖွဲ့ မှ အောက်တိုဘာ ၁၅ တွင်  ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြေညာချက်တွင် ရှမ်းပြည်နယ်အတွင်းရှိ အပစ်ရပ် ဒေသများဖြစ်သော မြို့နယ်လေးခုအတွင်း အစိုးရ တပ်မတော်မှ ထိုးစစ်ဆင်နေခြင်းကြောင့် ကျေးလက်နေ ပြည်သူလူထု ၁၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ၂၀၁၅ ခုနှစ်အောက်တိုဘာ ၆ ရက်မှ စတင်ကာ မိုင်းရှူးနှင့် မိုင်းနှောင်း မြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ကို အကြီးအကျယ် ထိုးစစ်ဆင်နေကြောင်း၊ အစိုးရတပ်မတော် တပ်ရင်း(၁၀)ရင်း ကျော်ပါသည့် ပြင်းထန်သော တိုက်ပွဲများကြောင့် ယင်းဒေသရှိ ရွာသူရွာသားပေါင်း ၁၅၀၀ ကျော်မှာ အိုးအိမ်၊ လယ်ယာများကို စွန့်ခွာ၍ အခြားသော ကျေးရွာများနှင့် တောတောင်အတွင်း ထွက်ပြေး ခိုလှုံနေရကြောင်း၊ တိမ်းရှောင်နေရသူများ အနေဖြင့် အကာအကွယ်နှင့် လူသားချင်း စာနာကူညီ ထောက်ပံ့မှုများ အရေးတကြီး လိုအပ်နေသည့်အပြင် စိုက်ပျိုးသီးနှံများကို မရိတ်သိမ်းနိုင်သောကြောင့် အနာဂတ်တွင် စားနပ်ရိက္ခာ အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ အောက်တိုဘာ ၁၁ ရက် က ကျေးသီးမြို့နယ် အတွင်းရှိ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဌာနချုပ်ရှိရာ ၀မ်ဟိုင်းကို အစိုးရ တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် အောက်တိုဘာ ၁၄ ရက်ကလည်း တန့်ယန်းဒေသရှိ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) စခန်းကို ထပ်မံ၍ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည့်အတွက်  ထွက်ပြေး တိမ်းရှောင်သူများ ပိုမိုများပြားလာနိုင်ကြောင်း၊ ယင်းသို့ ထိုးစစ်ဆင်ခြင်းသည် အစိုးရ တပ်မတော်အနေဖြင့် ၂၀၁၂ခုနှစ် ဇန်န၀ါရီက လက်မှတ် ရေးထိုးခဲ့သည့် အပစ်ရပ်စာချုပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် (NCA) ကို လက်မှတ်မထိုးမီ ထိုးစစ်ဆင်ခြင်းသည် ပဋိပက္ခအား နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးနည်းဖြင့် ဖြေရှင်းရန် အစိုးရ တပ်မတော်မှ စိတ်ဝင်စားမှု မရှိကြောင်းကို ပြသလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ အလှူရှင်များ အနေဖြင့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများအတွက် လူသားချင်း စာနာသည့် အကူအညီများ ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။