ဒေါ်အောင်ဆန်းစုကြည် သံတွဲမြို့ ဟောပြောပွဲအတွက် ပြင်ဆင်နေမှုကို အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ရခိုင်ပြည်နယ် သံတွဲမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် အင်အား ၃၀၀ ခန့်ဖြင့် ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံထားမှုအား ခွင့်ပြုချက် တောင်းခံသည့် ကာယကံရှင် ဦးစံတင်က ပြန်လည်ရုပ်သိမ်းသွားကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူးခင်ဇော်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြရန် အောက်တိုဘာ ၁၃ ရက်က သံတွဲမြို့နယ် ဂျိတ်တောကျေးရွာ ဒေသခံ ဦးစံတင်နှင့် စစ်တွေမြို့နယ်တွင် နေထိုင်သူ ဦးသိန်းရွှေတို့က သံတွဲမြို့နယ် မဇင်းလေဆိပ်မှ ငပလီလမ်းဆုံအထိ အင်အား ၃၀၀ ဖြင့် ဆန္ဒပြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးထံတွင် လျှောက်ထားခဲ့ခြင်း ဖြစ်သော်လည်း ငြိမ်းစုစီ ဥပဒေအရ ငါးရက်ကြိုတင် လျှောက်ထားရမည် ဖြစ်သောကြောင့် ခွင့်မပြုနိုင်ကြောင်း ရဲတပ်ဖွဲ့မှ အကြောင်းပြန်သဖြင့် ၎င်းတို့ဘက်မှ အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်ရုပ်သိမ်းခြင်း ဖြစ်ကြောင်း သိရသည်။
“ဦးစံတင် ရောက်လာတယ်။ ဒါနဲ့ပတ်သက်ပြီး သူမလုပ်လိုတော့ ပါဘူးတဲ့။ ပြန်ပြီးတော့ ရုပ်သိမ်းပါတယ်ဆိုပြီး သက်သေနှစ်ယောက်ရှေ့မှာ လာလျှောက်ပါတယ်။ အဲဒီသက်သေတွေရှေ့မှာပဲ သူလျှောက်ထားတဲ့ လျှောက်လွှာတွေကို ပြန်ပေးလိုက်တယ်။ သူ့ဘာသာ လက်မှတ်ထိုးပြီး ပြန်ယူသွားတယ်” ဟု ရဲမှူးခင်ဇော်က ပြောကြားသည်။
ထိုသို့ ခွင့်ပြုချက် မရရှိဘဲ ဆန္ဒပြခဲ့ပါက ငြိမ်းစုစီဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဆန္ဒပြရန် လျှောက်ထားသူ နောက်တစ်ဦးဖြစ်သူ ဦးသိန်းရွှေအား အသိပေးထားကြောင်း ၎င်းကပြောကြားသည်။
ရခိုင်ပြည်နယ် သံတွဲမြို့သို့ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၆ ရက်တွင် လေကြောင်းခရီးဖြင့် ရောက်ရှိလာမည် ဖြစ်ပြီး သံတွဲမြို့မှ တောင်ကုတ်မြို့သို့ ကားလမ်းခရီးဖြင့် ဆက်လက်သွားရောက်ကာ တောင်ကုတ်မြို့တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲပြုလုပ်၍ ညပိုင်းတွင် သံတွဲမြို့၌ ညအိပ်ရပ်နားမည် ဖြစ်သည်။
ထို့နောက် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် သံတွဲ မြို့ရှိ ဒိုးတောင်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ပြုလုပ်ကာ ဂွမြိုသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအား သံတွဲ၊ ကျောက်ကြီး၊ ရွှေလှေ၊ ဂျိတ်တော ရဲစခန်းများနှင့် မဇင်းရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သံတွဲခရိုင် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေး ရဲတပ်ဖွဲ့ (ယခင်ရဲတပ်ရင်း) အင်အားများဖြင့် သံတွဲမြို့နယ် ဧရိယာအတွင်း လုံခြုံရေးဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ရဲမှူးခင်ဇော်က ပြောကြားသည်။
“အရင်တုန်းကလို မဟုတ်တော့ပါဘူး။ အခုတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလူမျိုးလဲဆိုတာ သိပါတယ်။ ကျွန်မတို့ကတော့ ကြိုက်တယ်။ ဘယ်သူက ဘာဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ ကျွန်မတို့ သံတွဲမှာက ခွဲခြားသိနိုင်ပေမယ့် ရခိုင်ပြည်နယ် အပေါ်ပိုင်းဒေသက သူတွေကျတော့ လက်မခံချင်ကြဘူး။ တချို့ဆိုရင် ဒီသံတွဲကိုလာပြီး လူမျိုးရေးကိစ္စ မှိုင်းတိုက်တာမျိုးတွေထိ ရှိတယ်။ အတူတူ တစ်သက်လုံး နေလာကြတဲ့သူတွေ ဘာမှမဖြစ်ဘူး။ ပြောချင်တယ်ဆိုရင် သူတို့ကို သွင်းခဲ့တဲ့ လ၀ကကိုပဲ ပြောရမှာ။ အခုလည်း ဆန္ဒပြဖို့ လုပ်နေတာ ကျွန်မတို့ကတော့ ကိုယ့်မြို့ဆူဆူပူပူ ဖြစ်မှာကို လက်မခံဘူး။ ကျွန်မအမည်တော့ မပြောပါရစေ။ ဒီမှာက ဘာမှပြောင်းလဲသေးတာ မဟုတ်ဘူး။ အကြောက်တရားက ရှိသေးတာကို” ဟု ဒေသခံ ရခိုင်အမျိုးသမီးကြီး တစ်ဦးက ပြောကြားသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲမြို့နယ် တစ်ခုတည်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနီးကပ် လုံခြုံရေး ဦးရေ ၃၀၊ သံတွဲမြို့ပေါ်တွင် လုံခြုံရေးဦးရေ ၇၀၀ ခန့်၊ သံတွဲနှင့် တောင်ကုတ်မြို့ သွားရောက်မည့် ကားလမ်းပေါ်တွင် လုံခြုံရေးဦးရေ ၃၀၀ အသုံးပြုထားကြောင်း NLD သံတွဲမြို့နယ်ဥက္ကဋ္ဌ ဦးရဲဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ကို ပါတီမ၀င်ရဘူးဆို ပြီးစာထုတ်ထားတယ်။ ဒါပေမဲ့ ကျွန်မတို့ မဲပေးခွင့် ရှိတာပဲလေ။ ကျွန်တော်တို့ အပြောင်းအလဲ တစ်ခုအတွက် မဲပေးမှာပါ။ အစိုးရ ၀န်ကြီးတွေသာပြောင်းပြီး သူတို့အိမ် တစ်လုံးကနေ၊ နှစ်လုံးဖြစ်သွားတယ်။ ကျွန်တော်တို့အတွက် ဘာမှပြောင်းလဲမှု မရှိဘူး။ ကျွန်တော်တို့အတွက် ခေါင်းဆောင်တစ်ယောက် လိုအပ်နေတာတော့ အမှန်ပဲ။ ကျွန်တော်တို့ အခုပေါ်ပေါ်တင်တင် ထောက်ခံလို့ မရပေမယ့် ရွေးကောက်ပွဲကျရင် အဖြေသိမှာပါ” ဟု အမည်မဖော်လိုသူ သံတွဲမြို့ရှိ အစိုးရ၀န်ထမ်း တစ်ဦးက ပြောကြားသည်။
Writer:
ကျော်ဇင်ဝင်း၊ အောင်ကျော်ထက်
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။