စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၀င်ရောက်အရွေးခံမည့် ဦးဘခင် (ခ) ဦးအောင်မင်းဦး၏ ဆိုင်းဘုတ် အဖျက်အဆီးခံရသည်ဟု သိရသည်။
“အဖျက်ဆီးခံရတာကတော့ အောက်တိုဘာလ ၁၀ ရက်နေ့လောက်ကပါ။ ဦးမောင်စိတ် လ္ဘက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင် စာကြည့်တိုက်ခြံဝင်းထဲမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ပါ။ ကျွန်တော့် ဆိုင်းဘုတ်က အခြားဆိုင်းဘုတ်နဲ့ ယှဉ်ရင် အကြီးဆုံးပါ။ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာလို့ဘဲ သံသယ ရှိပါတယ်”ဟု ဦးအောင်မင်းဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
အဆိုပါဆိုင်းဘုတ် ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ပေါက်တောမြို့မ ရဲစခန်းနှင့် မြို့နယ်ကော်မရှင်ရုံးသို့ ဖုန်းဆက် အကြောင်းကြားထားသည်ဟု သိရသည်။
“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ အစပိုင်းမှာတော့ အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်သီးပုဂ္ဂလတွေဟာ နောက်ခံပါတီမရှိတဲ့အတွက် အစိုးရဖွဲ့လို့မရဘူး၊ အစိုးရက ငွေပေးထားပြီးတော့ အမျိုးသားပါတီကို ဖြိုခွဲမယ်၊ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ဖြိုခွဲမယ်ဆိုပြီးတော့ ပါတီတွေက ပြောထားတာတွေရှိလို့ပါ။ အဲ့ဒီလို ပြောထားတာမျိုး ရွာတိုင်း ရပ်တိုင်းလိုလိုမှာ ရှိပါတယ်”ဟု ဦးအောင်မင်းဦးကပြောသည်။
အဆိုပါဆိုင်းဘုတ် ဖျက်ဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း ပေါက်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးချစ်စိန်က နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဦးဘခင်ဝင်ရောက် အရွေးခံမည့် ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ကျေးရွာပေါင်း ၆၅ ရွာရှိပြီး မဲဆွယ်စည်းရုံးရေးမလုပ်ရသည့် ကျေးရွာပေါင်း ၁၇ ရွာသာကျန်တော့ကြောင်း သိရသည်။
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။