ဆီးရီးယားတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် အမေရိကန် တိုက်လေယာဉ် နှစ်စီးသည် ရုရှား တိုက်လေယာဉ် တစ်စီးနှင့် တိုက်မိနိုင်သည့် အန္တရာယ်ကြောင့် အရေးပေါ် လမ်းကြောင်းပြောင်းလဲ ပျံသန်းခဲ့ရကြောင်း သတင်းရရှိသည်။
ဆီးရီးယားတွင် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများ ပြီးခဲ့သည့် လကုန်ပိုင်းက စတင်ခဲ့ပြီးနောက် အမေရိကန် တိုက်လေယာဉ်များနှင့် ပထမဆုံးအကြိမ် အရှုပ်အထွေး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျက်ဖ်ဒေးဗစ်က အမေရိကန် F-16 တိုက်လေယာဉ် နှစ်စီးနှင့် တစ်နေရာတည်းတွင် ပျံသန်းနေသည့် ရုရှား တိုက်လေယာဉ် တစ်စီးကြောင့် မိမိတို့၏ လေယာဉ်မှူးများ မဖြစ်မနေ လမ်းကြောင်း ပြောင်းခဲ့ရခြင်းဟု ပြောကြားခဲ့သည်။
ဒေးဗစ်က အဆိုပါ ဖြစ်ရပ်သည် ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းက ပေါ်ပေါက်ခဲ့ခြင်းဟု ဆိုသော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ F-16များသည် တူရကီရှိ အင်ကာလစ် လေတပ်စခန်းမှ ပျံတက်လာပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ရက္ကာမြို့ရှိ စစ်ရေးပစ်မှတ်များထံ ဦးတည်ခဲ့စဉ် ရုရှားတိုက်လေယာဉ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ရေမိုင် ၂၀ မျှ အကွာအဝေးအတွင်း ရုရှား တိုက်လေယာဉ်တစ်စီး ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိသည့်နောက် မိမိတို့၏ လေယာဉ်မှူးများကို လမ်းကြောင်းပြောင်းလဲရန် စေခိုင်းခဲ့ရခြင်းဟု ဒေးဗစ်က ဆိုသည်။ “ကျွန်တော်တို့ အရဲမကိုးချင်ပါဘူး။ မတော်တဆ ဖြစ်လာနိုင်တဲ့ အခြေအနေကို ရှောင်လွှဲဖို့အတွက် လိုအပ်သလို စီစဉ်ခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အိုင်အက်စ်တို့ကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဟု ကြေညာထားသော်လည်း ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်ကို ဆန့်ကျင်သည့် အခြားသော သူပုန်တပ်များကိုပါ တိုက်ခိုက်နေသည်ဟု အမေရိကန်က ယုံကြည်ထားသည်။ ထို့အပြင် အမေရိကန်က လေ့ကျင့်ပေးထားသည့် ဆီးရီးယား သူပုန်အချို့သည်လည်း ရုရှားတိုက်လေယာဉ်များ၏ ဗုံးကြဲခြင်းကို ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များနှင့် ရုရှားလေတပ်တို့ကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု မရသေးသဖြင့် သီးခြား စစ်ဆင်ရေးများ ဆင်နွှဲနေခြင်း ဖြစ်သည်။ ရုရှားသည် သီတင်းတစ်ပတ်မျှ ကာလအတွင်း အိုင်အက်စ်နှင့် အခြားသူပုန်တပ်များကို လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ရာ အမေရိကန် တိုက်လေယာဉ်များနှင့် ယခုကဲ့သို့ လမ်းကြောင်း ရှုပ်ထွေးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။