မျက်နှာပြင် ကွဲအက်မှုများကြောင့် တရုတ် ဖန်သားတံတား ဖွင့်လှစ်ပြီး နှစ်ပတ်အကြာတွင် ပိတ်ခဲ့ရ



မြေပြင်မှ ပေပေါင်း ၃၅၀၀ ကျော် အမြင့်တွင် သွယ်တန်းထားပြီး အောက်ခြေကို တိုးလျှိုပေါက် မြင်ရအောင် ဖန်တီးထားသည့် ဖန်သားတံတားသည် မျက်နှာပြင် ကွဲအက်မှုများ ဖြစ်လာခြင်းကြောင့် တရုတ် အာဏာပိုင်များက ပိတ်ထားလိုက်ရကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟီနန်ရှိ ပေပေါင်း ၈၅၀ ကျော် ရှည်လျားသော ဖန်သားတံတားသည် စတင်ဖွင့်လှစ်သည်မှာ သီတင်း နှစ်ပတ်မျှသာ ကြာသေးသည်။ အဆိုပါ တံတား၏ အောက်ခံလျှောက်လမ်းသည် တစ်လက်မ အထူရှိသည့် ဖန်သားဖြင့် တည်ဆောက်ထားခြင်းကြောင့် အောက်ခြေရှိ လျှိုမြောင်မြင်ကွင်းကို တိုးလျှိုပေါက် တွေ့မြင်နေရသည်။

တံတားကို ဖြတ်လျှောက်ရသည့် အတွေ့အကြုံသည် အသည်းအေးစရာ ဖြစ်နေခြင်းကြောင့် အလျင်အမြန် လူသိများလာက လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင်လည်း ယင်းတံတားအကြောင်း စိတ်ဝင်တစား ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ယခုအခါ ဖန်သား ပက်ကြားအက်မှုများ ရှိလာခြင်းကြောင့် တံတားပေါ်မှ လူအများကို အရေးပေါ် ပြောင်းရွှေ့စေကာ တံတားကိုလည်း ပိတ်ခဲ့ရသည်။



ယွန်တီရှန် တောင်အနီးရှိ လျှိုမြောင်ကို ဖြတ်သန်းထားသော တံတားပေါ်တွင် အက်ရာများကို တွေ့မြင်ရသည့်နောက် လူအများသည် ကြောက်လန့်တကြားဖြင့် တံတားအစွန်းဘက်သို့ ထွက်ပြေးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အောက်တိုဘာ ၇ ရက်က ဖြစ်ရပ်နှင့် ကိုယ်တွေ့ ကြုံခဲ့သူ တစ်ဦးက “သမိုင်းဝင် အခိုက်အတန့် တစ်ခုကို ကိုယ်တိုင် ကြုံခဲ့တာပဲ။ ယွန်တီရှန် ဖန်သားတံတားက စပြီး ပျက်စီးနေပြီ”ဟု တရုတ် လူမှုကွန်ရက် ဝက်ဘ်ဆိုက် Weiboတွင် ရေးသားခဲ့သည်။

၎င်းက “တံတား အစွန်းပိုင်းကို ချဉ်းကပ်သွားချိန်မှာ အက်သံတစ်ခုခု ကြားလိုက်ရတယ်။ ခြေထောက်တွေက ယိမ်းခါသွားတယ်။ အောက်ကို ငုံ့ကြည့်တော့ နင်းထားတဲ့ ကြမ်းပြင်ဖန်သားက အက်နေပြီ။ လူတွေက ကြောက်လန့်တကြား အော်ကြတယ်။ ကျွန်တော်လည်း အော်တယ်။ ပြီးတော့ ရှေ့က ပိတ်နေတဲ့ လူတွေကို တွန်းထိုးပြီး ထွက်ပြေးမိခဲ့ပါတယ်။ ကျွန်တော် အရမ်းတုန်လှုပ်သွားမိတယ်”ဟုလည်း ဆိုသည်။



စက်တင်ဘာ ၂၀ က စတင်ဖွင့်လှစ်ခဲ့သည့် တံတားသည် ယခုအခါတွင်မူ ပိတ်ထားလိုက်ရပြီ ဖြစ်သည်။ ယင်းတံတားသည် ပင်လယ် ရေမျက်နှာပြင်အထက် ၃၅၄၃ ပေ အမြင့်တွင် တည်ရှိပြီး တံတားအရှည် ၈၅၃ ပေရှိသည်။ တံတားပေါ်တွင် ဖန်သားကွက် ၂၂၃ ခုကို အောက်ခံခင်းကျင်းထားခြင်း ဖြစ်သည်။

ယွန်တီရှန် သဘာဝ ဥယျာဉ်က တံတားတွင် အက်ရာများ ပေါ်လာခြင်းကို အတည်ပြုခဲ့သော်လည်း ပမာဏ အနည်းငယ်မျှသာဖြစ်ကြောင်း၊ လုံခြုံရေး စံနှုန်းအရ အန္တရာယ် မရှိကြောင်း ဖြေရှင်းခဲ့သည်။ “ဒါပေမဲ့ ဧည့်သည်တွေရဲ့ ဘေးရန်ကင်းရှင်းရေးကို ဦးစားပေးပြီး တံတားကို ချက်ချင်း ပိတ်ထားလိုက်ပါတယ်”ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

တံတားစဖွင့်ပြီး နှစ်ပတ်မျှ အကြာတွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းသည် လူမှုကွန်ရက်များတွင် လှောင်ပြောင် အရွှန်းဖောက်စရာ ဖြစ်ခဲ့ပြီး သွားရောက် လည်ပတ်သူများ အနေဖြင့် ယခုအခါမှ အမှန်တကယ် သည်းထိတ်ရင်ဖို အတွေ့အကြုံကို ပိုင်ဆိုင်ခဲ့ခြင်းဟု ရေးသားခဲ့ကြသည်။ အချို့ကလည်း တရုတ်လုပ် ပစ္စည်းများ ကြာရှည်မခံသည့် နောက်ထပ် ဥပမာကောင်း တစ်ခုဖြစ်ကြောင်း နောက်ပြောင် မှတ်ချက်ပြုခဲ့ကြသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။