လာမယ့်သက်တမ်းအတွက် သမ္မတဦးသိန်းစိန် အပိုင်တွက်ထားပြီလား

ဦးသိန်းစိန်, သမ္မတ, မိဘပြည်သူများ, မိန့်ခွန်း, နိုင်ငံရေး, ရွေးကောက်ပွဲ

သမ္မတဦးသိန်းစိန်ဟာ လစဉ်ပြောကြားလေ့ရှိတဲ့ သူ့ရဲ့ မိန့်ခွန်းကို စက်တင်ဘာလ ၆ ရက်နေ့က မြန်မာရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။ မိဘပြည်သူများခင်ဗျားလို့ အစချီပြီးပြောကြားလေ့ရှိတဲ့ ဦးသိန်းစိန် မိန့်ခွန်းကို နားမထောင်ဖြစ်ခဲ့တာ လအတန်ကြာပြီဖြစ်ပါတယ်။ အပြောကောင်းတယ် လက်တွေ့မှာတော့ ဘာရယ်မှ သိပ်ထူးထူးခြားခြားဖြစ်မလာတော့ စိတ်ဝင်စားမှုနည်းပြီး နားမထောင်ဖြစ်တာ ဖြစ်ပါတယ်။

စက်တင်ဘာလအတွက် မိန့်ခွန်းကိုတော့ ရွေးကောက်ပွဲလည်း တလကျော်လောက်သာ လိုတော့တာမို့ ဘာတွေများ ပြောဦးမလဲဆိုပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးဖို့ကိစ္စ၊ ရေဘေးထူထောင်ရေးကိစ္စ၊ မြန်မာ့အနုပညာဗဟိုဌာနကိစ္စ၊ ရွေးကောက်ပွဲ မဲစာရင်းကိစ္စတွေနဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုကိစ္စတွေကို အဓိကထား ထည့်သွင်းပြောကြားခဲ့ပါတယ်။

သမ္မတရဲ့မိန့်ခွန်းကို သေချာလေ့လာကြည့်တဲ့အခါ မိန့်ခွန်းထဲမှာ စိတ်ဝင်စားစရာ အကြောင်းအရာတခုကိုပါ ပြောကြားခဲ့တာကို သတိထားမိပါတယ်။ မိန့်ခွန်းရဲ့ နောက်ဆုံးပြီးခါနီးလေးမှာ ပြောကြားခဲ့တဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲဖို့ အကြောင်းပဲဖြစ်ပါတယ်။

“လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေးများကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းတဲ့ Township Council, City Council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှုအစား ပြည်သူ့ အုပ်ချုပ်မှုယန္တရားအဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖြည့်စွက် ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်။ ”ပြည်သူ့အုပ်ချုပ်ရေး ယန္တရား” ဖြစ်မှသာလျှင် ပြည်သူများရဲ့ လူမှုစီးပွား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာလည်း ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆိုလိုတာက လာမယ့်ငါးနှစ်အတွင်း မြို့ပြအုပ်ချုပ်ရေးကိုပြောင်းလဲမယ်။ အဲ့လိုပြောင်းဖို့အတွက် အခြေခံဥပဒေကို ဖြည့်စွက်ပြင်ဆင်မယ်လို့ ပြောတာဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ လက်ရှိသမ္မတသက်တမ်း ကုန်ဆုံးဖို့ လပိုင်းမျှသာ ကျန်ပါတော့တယ်။ ၂၀၁၆ မတ်လမှာ လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲကနေ ရွေးချယ်ပေးမယ့် သမ္မတအသစ်၊ လွှတ်တော်ဥက္ကဌ အသစ်တွေ ရှိလာတော့မှာဖြစ်ပါတယ်။ လက်ရှိနိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ယူထားသူက လက်ရှိတာဝန်တွေကို အကောင်းဆုံးဖြစ်အောင်၊ နောင်တက်လာမယ့် အစိုးရကို အာဏာလွှဲပြောင်းရေး အငြင်သာဆုံး အချောမွေ့ဆုံးဖြစ်အောင်သာ အစီစဉ်တကျ ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ သက်တမ်းလပိုင်းမျှသာ ကျန်ရှိတော့တဲ့ သမ္မတဟာ ဘာကြောင့် နောင်ငါးနှစ်အတွင်း ကိစ္စတွေကို မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါသလဲ။

ဦးသိန်းစိန်ဟာ လာမယ့်သမ္မတ ရာထူးကို ဆက်လက်တာဝန်ယူဖို့ အဆင်သင့်ပြင်ထားတယ်ဆိုတာ ယခုလပြောကြားတဲ့ မိန့်ခွန်းက အခိုင်အမာ သက်သေပြနေပါပြီ။ လာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမ၀င်ပေမယ့် သေချာပေါက်နီးပါး သမ္မတလောင်းဖြစ်ဖို့ လမ်းခုလတ်ကနေ အပိုင်စောင့်နေတဲ့သဘောဆိုတာ အထင်အရှားဖြစ်နေပါပြီ။ ဒါကြောင့်လည်း လာမယ့်ငါးနှစ်အတွင်း လုပ်မယ်ဆိုတဲ့ဟာကို မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ မ၀င်ပေမယ့် ဦးသိန်းစိန်ဟာ သမ္မတဖြစ်ဖို့အတွက် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ လမ်းကြောင်း ၂ ခုရှိနေပါတယ်။ တခုက ပြည်ခိုင်ဖြိုးပါတီသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါက လွှတ်တော်မှာ ပါတီကိုယ်စားလှယ်တွေက တင်မြှောက်မယ့် သမ္မတလောင်းဖြစ်နိုင်ပြီး၊ နောက်လမ်းကြောင်းတခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်ထားတဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းမယ့် သမ္မတလောင်း ဖြစ်လာနိုင်ပါတယ်။

လာမယ့် အစိုးရအသစ်အတွက် ဦးသိန်းစိန် သမ္မတလောင်း ဖြစ်လာမယ်လို့ နောက်ထပ်ပိုသေချာစေမယ့် သတင်းတစ်ပုဒ်ကို RFA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌကို သမ္မတလောင်း တင်သွင်းမယ်ဆိုတာကို အဲ့ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“သမ္မတလုပ်မယ့်သူကတော့ ပါတီဥက္ကဌပေါ့ဗျာ၊ …………………..။  ကျနော်တို့ ပါတီအနိုင်ရရင် ဖြစ်လာမယ့် သမ္မတဟာ ပါတီ ဥက္ကဌပဲ၊ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရလို့ ကတော့ ဒီသမ္မတဟာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲဘူး” လို့ တနင်္သာရီမြို့နယ် ပဝကျေးရွာမှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်းအဖြစ် ဘယ်သူ့ ကို ရွေးချယ်ထားလဲဆိုတာကို တက်ရောက်လာ တဲ့ ဒေသခံတဦးက မေးမြန်းရာမှာ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ၂၆ ရာခိုင်နှုန်းလောက်သာ နိုင်ခဲ့မယ်ဆိုရင် သမ္မတရာထူးအတွက် ဦးသိန်စိန်က သေချာသလောက်ဖြစ်နေပါပြီ။ ပြည်ခိုင်ဖြိုးပါတီသာ လွှတ်တော်ထဲမှာ ၂၆ ရာခိုင်နှုန်း နိုင်ရင်ကို တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းလိုက်ပါက ဦးသိန်းစိန် သမ္မတဖြစ်စရာ လမ်းကြောင်းက လွယ်ကူနေပါတယ်။။ လက်ရှိသမ္မတ သက်တမ်းမှာကြည့်ရင်လည်း သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဟာ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေမှာ တစ်သဘောထားထဲရှိနေခဲ့တာကို မြင်တွေ့ရမှာဖြစ်ပြီး လွှတ်တော်တွင်းမှာလည်း တပ်မတော်သားကိုယ်စားလှယ်တွေဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ မကွဲပြားခဲ့ဘူးဆိုတာကို သေချာလေ့လာကြည့်ရင် ထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။

တကယ်လို့များ ဦးသိန်းစိန်သာ လာမယ့် သက်တမ်းအတွက် သမ္မတရာထူးပြန်ရခဲ့ရင် မြန်မာနိုင်ငံအပြောင်းအလဲဟာ လာမယ့်ငါးနှစ်အတွင်း ထူးခြားစွာပြောင်းလဲဖို့ လမ်းစဟာ မှေးမှိန်နေဦးမှာဖြစ်ပါတယ်။ ဦးသိန်စိန် သမ္မတပြန်ဖြစ်ခဲ့ရင် သူနဲ့ရင်းနှီးတဲ့၊ သူ့သြဇာခံယူမယ့် စစ်ဗိုလ်ချုပ်ဟောင်း အများစုဟာ အစိုးရအဖွဲ့မှာ ပြန်လည်ပါဝင်လာဦးမှာ အသေအချာပါပဲ။

အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေ ကြီးစိုးနေဦးမယ့် အစိုးရဟာလည်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲအရေး ဖော်ဆောင်နိုင်မှုမှာရော  အခြေခံဥပဒေပြင်ဆင်ရေးမှာပါ ပြည်သူ့ဆန္ဒတွေနဲ့ ကင်းကွာနေဦးမှာဖြစ်ပါတယ်။ လက်ရှိငါးနှစ်သက်တမ်းကို စနစ်တကျ လေ့လာပါကလည်း ဘယ်လောက်ကင်းကွာနေခဲ့တယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအသိုင်းအ၀ိုင်းမှာပါ အောက်ကျနောက်ကျရှိနေခဲ့တာ နှစ်အတော်ကြာပြီဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ် အမှန်တကယ် ရောက်လာဖို့ အရေးကြီးနေပါပြီ။ စစ်မှန်တဲ့ အပြောင်းအလဲကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ရောက်ရှိလာဖို့ဆိုတာ ပြည်သူက နှစ်သက်ယုံကြည်တဲ့ သမ္မတမျိုး၊ အစိုးရမျိုး၊ လွှတ်တော်မျိုးတွေ ရှိဖို့လိုအပ်နေပါတယ်။

စာဖတ်သူအနေနဲ့ အပြောင်းအလဲကို အမှန်တကယ်လိုချင်ပါသလား၊ အပြောင်းအလဲကို လိုနေတယ်လို့ရော ယုံကြည်မိပါသလား။ နိုင်ငံအပြောင်းအလဲကို လိုချင်တယ် ယုံကြည်တယ်လို့ ဆိုရင်တော့ စစ်မှန်သော ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်မယ့် သမ္မတမျိုး၊ အစိုးရမျိုး၊ လွှတ်တော်မျိုးတွေ ရှိလာအောင် ပြုလုပ်ဖို့ စာဖတ်သူမှာ တာဝန်ရှိနေပါပြီ။ စာဖတ်သူရဲ့ မဲတစ်ပြားနဲ့ စစ်မှန်သော အပြောင်းအလဲကို ဖော်ဆောင်မယ့်သူကို ရွေးချယ်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

(မောင်ညာဏသည် မန္တလေးအခြေဆိုက် သတင်းစာဆရာတဦး ဖြစ်သည်)

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။